Thursday, May 16, 2013

သင်္ဘောသားရင်ဖွင့်သံ (၈)... Seamen's Voice-8


2000ခုနှစ် အချိန်က မြန်မာနိုင်ငံ Black List ထဲမှာပါသွားတော့ အလုပ်တွေ အလွန်ရှားနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန် မျိုးမှ ကျနော် က စည်းကမ်းက ကင်းလွတ်ပြီး သဘောင်္ပြန်လိုက်ဖို့ အလုပ်ရှာရပါတယ်။ ကျနော့မှာ Engine Cadet (26) months နဲ့ Junior Engineer (17) months ကျော်ကျော် sea service ရှိနေပါပြီ။ ဒါပေမယ့် ပြသနာက ကြယ်ငါးပွင့်ရုံးရဲ့စားပွဲမှာ (၃)နှစ် နီးပါး ချောင်ထိုးခံရတဲ့ အလုပ်ထွက်စာ နဲ့ ဒုဝန်ကြီး ရဲ့ မှတ်ချက်ကြောင့် SECD စည်းကမ်းထိမ်းသိမ်းရေးမှာ (၃) နှစ် တိတိ ထိမ်းသိမ်း ထားတဲ့ CDC စုစုပေါင်း (၆)နှစ် sea time gap ဖြစ်နေတာကြောင့် JE အဆင့် သို့ ဆီလောင်းအဆင့် လိုက်ဖို့ အတော် ကို ခက်နေပါတယ်။ အခု ပြောပြမှာကတော့ ကျနော် ကြုံတွေ့ဘူးတဲ့ အေးဂျင့် တွေ အကြောင်းပါ။
သူငယ်ချင်းတစ်ယောက် က သဘောင်္သားသိုင်းလောက အကြောင်း သိအောင်ဆိုပြီး ဗိုလ်အောင်ကျော်လမ်းကို ခေါ်သွားပါတယ်။ ထိုစဉ်က SECD ဗိုလ်အောင်ကျော်လမ်းမှာပါ။ သူနဲ့သိတဲ့ ပွဲစားတွေက တဆင့် အနော်၇ထာလမ်းပေါ်က အေးဂျင့်ရုံးတစ်ရုံးကို ရောက် သွားပါတယ်။ သူက ကျနော့ရဲ့ CDC ကို ကြည့်ပြီး 4/E or 5/E တစ်ခုခု ရမယ် လျှောက်လွှာဖြည့်ပေါ့လေ။ လျှောက်လွှာသွားယူရတဲ့ စားပွဲနောက်က whiteboard ကြီးမှာ ရေးထားလိုက်တာ Fishing Board တဲ့။ ဒါနဲ့ ဟိုစာရွက် ကျန်သလို ဒီစာရွက် ကျန်သလိုနဲ့ ပြန်ဆင်းပြေးခဲ့ရတယ်။ Fishing Boat ဆို ကျနော် လိုက်ဦးမှာပါ။ Fishing Board ကြီးတော့ မလိုက်ချင်ဘူး။
နောက်ထပ်တစ်ရုံးကတော့ မင်္ဂလာဈေးနားမှာ ရှိတဲ့ အေးဂျင့် ရုံးတစ်ရုံးကို ကြယ်ငါးပွင့်မှာသိခဲ့တဲ့ ဆီလောင်းတစ်ယောက် ရဲ့ လိုင်း ကို ရောက်သွားပါတယ်။ ရုံးထဲ ထိုင်ဖို့မပြောနဲ့ ဖိနပ်ချွတ်တဲ့ အကန့်လေးမှာ ရပ်ခိုင်းထားပြီး ဘာအဆင့်လည်းလို့ အေးဂျင့် ၀၀ကြီး က မေးပါတယ်။ JE ပါ လို့ဖြေတော့ မခေါ်ဘူး မင်းတို့ သွားတော့လို့ မောင်းထုတ်ခြင်းခံရပါတယ်။
နောက် မြေနီကုန်းနားမှာဖွင့်တဲ့ ဥရောပလိုင်း တစ်လိုင်းကို မိတ်ဆွေ နဲ့အတူ ရောက် သွားပါတယ်။မိတ်ဆွေကြီးက သူ့မိတ်ဆွေ ဒက်ဝန်ထမ်းတာဝန်ခံ နဲ့ တွေ့ပြီး မိတ်ဆက်ပေးပါတယ်။ ဒက်တာဝန်ခံမှတဆင့် စက်ဝန်ထမ်းများ တာဝန်ခံ ကို ထပ်မံ မိတ်ဆက် ပေးပါတယ်။ ထို စက်တာဝန်ခံကြီးက ဆားဗစ် (၆)နှစ်ပြတ်နေတာတွေ့ရော မရဘူး အော်ပါလေရော။ လူလိုခေါ်လို့ ရအောင် လက်ခံထားလိုက်ပါလို့ ဒက်တာဝန်ခံကြီးက ပြောတော့ စက်တာဝန်ခံကြီး မရဘူးထပ်ပြောပြီး လျှောက်လွှာကို လက်ခံထားလိုက် ပါတယ်။ နောက်(၃)ပါတ်လောက်အကြာမှာ စက်တာဝန်ခံကြီးက ရုံးကိုလာဖို့ ဖုန်းဆက်ခေါ်ပါတယ်။ ငါ့ကိုတော့ ခေါ်ပြီလားမသိဘူး ဆိုပြီး ၀မ်းပန်းတသာ စက်တာဝန်ခံကြီးကို သွားတွေ့ပါတယ်။ စက်တာဝန်ခံ ကြီးကို ဆရာ ကျနော် မင်းဆွေပါခင်ဗျာ လို့ နှုတ်ဆက် လိုက်ပါတယ်။ ထို စက်တာဝန်ခံ လူကြီးက အော် မင်း၇န်ကုန်မှာ၇ှိသေးလားလို့ ငါခေါ်တွေ့တာ အလုပ်ကတော့ ဘာမှ မထူးပါဘူးတဲ့ (သေပြီဆရာ)
နောက် အဖေရဲ့မိတ်ဆွေ လိုင်းတစ်လိုင်းကို ရောက်သွားပါတယ်။ ရောက်ကတည်းက ဆူသံ ဆဲသံ ဟောက်သံ ကြိမ်းသံတွေ စာရွက် လွှင့်ပစ်သံတွေ အပြည့်ပါ။ လျှောက်လွှာကို ယူ ကျပ်(၅၀)ကို ပုံးကလေးထဲ ထည့်ပေးရပါတယ်။ အဖေရဲ့မိတ်ဆွေ ကိုယ်စားလှယ် ကြီး က ကျနော့ကို နောက်တစ်ဦးကို အပ်ပါတယ်။ interview ပါတယ်။ ပြီးတော့ သူ့အမည်တပ်ပြီး မှတ်ချက်ရေးထားပါ လို့မှာပါတယ်။ ကံဆိုးချင်တော့ ကျနော့ကို အပ်ထားပေးတဲ့ ဆရာသမားက အလုပ်ကထွက်သွားပါတယ်။ ကျနော့ မှတ်ချက်လေးပါတဲ့စာလေးလည်း ဘယ်ဆီရောက်သွားလည်းမသိတော့ပါ။ မထူး မထူး ကြာလာတော့ ရုံးဝန်ထမ်းတစ်ယောက်ကို ကပ်ပြီး ငို ပြတော့မှ ထိုသူက ချောင်ထိုးထားတဲ့ ကျနော စာရွက်လေးကို ထုတ်လာပြီး ခင်ဗျားကို အလုပ်ထွက်တဲ့ဆရာသမား လူ မို့ ချောင်ထိုးထားတာ လို့ ပြောပါ တယ်။ ကံကောင်းခြင်တော့ ကိုယ်စားလှယ်ကြီး ရဲ့ မှတ်ချက်ကို မြင်တော့ သူက ဆက် တင်ပေးပါတယ်။ မကြာပါဘူး ဆေးစစ် အထွက် လုပ်ခိုင်းပါတယ်။ အောင်မြင်မြင်ပြီလို့တော့ မထင်ပါနဲ့။ အထွက် သက်တမ်းတိုးနေရတယ် ဘာမှ မထူးပါ။ အထွက်လုပ်ထား သူများ (၉)နာရီထက်နောက်မကျဘဲ ရုံးသတင်းပို့ ပြန်ဆိုမှ ပြန်ရမည်လို့ အမိန့်ထုတ်ထားတာကို အတိအကျ လိုက်နာခဲ့ပါတယ်။ ဒါပေမယ့်ဗျာ ရုံးကစောင့်ခိုင်းလို့ ထိုင်ခုံလေးမှာ ထိုင်စောင့်နေ၇တဲ့ ကျနော်တို့ကို ဒု-ကိုယ်စားလှယ်ကြီးက သွား လိုယင် ခေါ်မယ်။ ခု ပြန်တော့ ဆိုပြီး မောင်းထုတ်တယ်ဗျာ။ (ကျနော် second engineer အဆင့်နဲ့ တတိယ သဘောင်္တက်ခါနီးမှာ ထို ဒု ကိုယ်စားလှယ် ကြီးက ဖုန်းဆက်ပါတယ်။ ပြောပုံလေးက တော့ အယင်နဲ့ မတူတော့ဘူး။ ဟဲလို ဦးမင်းဆွေပါလားခင်ဗျား၊ကျနော် --- ပါ(ဦး တောင် မပါတော့ဘူး)။ ကျနော်တို့ လိုင်းမှာ 2/E လိုနေလို့ ဦးမင်းဆွေ များ စိတ်ဝင်စားပါလား ခင်ဗျာလို့ ခင်ဗျာအကြိမ်ကြိမ် ခေါ်ပြီး ရိုသေသေ စကားပြောတာ ပြန်ကြုံ ခဲ့ရပါတယ်။) ဒုကိုယ်စားလှယ်ကြီးအကြောင်းဆက်ပါဦးမယ်။ ကျနော် သူတို့လိုင်းမှာ မလိုက်ဖြစ်လို့ သူနဲ့ တွေ့ဖို့ ခေါ်ပါတယ်။ သူက မင်း ငါတို့လိုင်း မှာ မလိုက်တော့ဘူးဆိုယင် ဆေးစစ်ထားတာတွေ လျော်ရမယ်ဆိုတာသိလား ပြောပါတယ်။ သိပါတယ် ပြန်ဖြေတော့ မင်းမှာ ပိုက်ဆံပါရဲ့လားတဲ့။ ကျနော် ပါပါတယ် ဆိုပြီး အိမ်က ယူလာတဲ့ ထောင်တန်အုပ် ထုတ်ပြပြီး ဘယ်လောက်လည်းပြန်မေးတော့ ကျပ်(၅၀၀၀)တဲ့။ ကျနော်လည်း ထောင်တန်အုပ်ပြန်သိမ်းပြီး ပိုက်ဆံအိတ်ထဲက ထောင်တန် ၅ ရွက် ပေးလိုက်ပြီး သူတို့လိုင်းနဲ့ လမ်းခွဲလိုက်ပါတယ်။(ရှိုးလိုက်တဲ့ ထောင်တန်အုပ်က မိဘများဆီကတောင်း လာတာပါ)
နောက်တော့ Eastwind, Lizstar, RCL, V.Ships and PIL စတဲ့ ကုမ္ပဏီများ မှာ ၂၀၀၁ ဇွန်လမှ စပြီး JE to 2/E တာဝန် အဆင့်ဆင့်ထမ်းဆောင်ခဲ့ပါတယ်။
အဲ အေးဂျင့်တွေနဲ့ ဇာတ်လမ်းက မပြီးသေးပါဘူး။ CE promotion နဲ့သဘောင်္စတက်တော့ ကို၇ီးယားကုမ္ပဏီတစ်ခုကို ရောက် သွားပြီး ကိုရီးယားကြီးနဲ့ ဗျူးပြီး လစာ ကန်ထရိုက် အကုန်သဘောတူပြီး ကန်ထရိုက်ထိုးလိုက်ပါတယ်။ ၇န်ကုန်ကထွက်တော့ လေဆိပ်မှာ ကိုရီးယားရဲ့ ကျွန် မြန်မာလူမျိုးတစ်ယောက် ရောက်လာပါတယ်။ (ကျွန်လို့ သုံးတာ ရိုင်းတယ် မထင်ပါနဲ့ ကိုရီးယား ကလိမ် ကျတာကို သိလျက်နဲ့ ကိုရီးယားကဘက်က နေပေးလို့ပါ) အဲဒီကျွန်က လေဆိပ်မှာလာပြီး ကန်ထရိုက်စာရွက် ကို မှားသွား လို့ အသစ်နဲ့လဲဖို့ပြောပါတယ်။ လေဆိပ် check in လုပ်ခါနီး အလုပ်ကလည်း ရှုပ်နေတဲ့ ကန်ထရိုက်ကို စုစုပေါင်း ဂဏန်းပေါင်းတော့ ကိုက်တယ်ဆိုပြီး စာရွက်အသစ်မှာလက်မှတ်ထိုးပေးလိုက်ပါတယ်။ သဘောင်္ရောက်ပြီး သူကြီးက ပြောတော့ မှ သိလိုက်တာက leave pay ဆိုတာ basic ၇ဲ့ ၁၀% (၄၅၅)နဲ့ ရုံးမှာ သဘောတူလက်မှတ်ထိုးခဲ့တာ၊အခုပါလာတဲ့ ကန်ထရိုက်အသစ်မှာ (၁၂၀၀) ဖြစ်နေပါတယ်။ အဲတော့မှ ငါတော့ ခံရပြီ ဆိုပြီး ပြသနာရှာရပါတော့တယ်။ e-mail တယ်လီဖုန်းတွေ နဲ့ ခြိမ်းခြောက် ရပါတယ် နောက်ဆုံး leave pay ကို (၄၅၅) ပြန်ပြင်ပေးလိုက်ပါ တယ်။ ကိုရီးယားက ကျနော်တက်တဲ့သဘောင်္ရောင်းမယ်ဆိုတာ ကြိုသိလို့ ကလိမ်ကျပြီး ၇သလောက်ပြန်ညှစ်ယူတာ အများကြီး ဖြစ်နိုင်ပါတယ်။ သဘောင်္လည်း (၂)လ အကြာမှာ ရောင်းလိုက်ပါတယ်။ လျော်ကြေး ပေးတဲ့အခါ leave pay ကို မလျော်ပါဘူး။ ဒါကြောင့် ကျနော့ဆီက နေ (၉၁၀) ဘဲနှုတ်ရမှာပါ။ သူများများနှုတ်ချင်လို့ leave pay ကို ပြင်ပြီး (၂၄၀၀) နှုတ်ဖို့ ပြင်တာအများကြီးဖြစ်နိုင်ပါတယ်။ (ဒီတော့ ကန်ထရိုက်ကို သေချာဖတ်ကြဖို့ သတိပေး ချင်ပါတယ်။ လေဆိပ်မှာ လာထိုးတဲ့ ကန်ထရိုက်များ အထူးသတိထားကြပါ)
လက်ရှိ ကြုံတွေ့နေရတဲ့အလုပ်ရှာမရတဲ့ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ဖို့ အားမွေးကြပါ။ လိုအပ်တဲ့သင်တန်း လက်မှတ် ပြည့်စုံ နေအောင် လုပ်ထားကြပါ။ ကိုယ့်ကိုကိုယ် တိုးတက်နေအောင် အားထုတ်ကြပါ။ မိဘများကို တတ်နိုင်တဲ့ဘက်မှ အကူညီပေးကြပါ။ ယနေ့ကြုံတွေ့နေရတဲ့အခက်အခဲ ဆိုတာ ခုမှ ဖြစ်တာမဟုတ်ပါဘူး ကျနော့အနေနဲ့ ၂၀၀၀ ခုနှစ်ကတည်းက ကြုံတွေ့ခဲ့ရတာပါ ဆိုတာ ပြောပြချင်ပါတယ်။ စိတ်ဓါတ်မကျပါနဲ့ အားမွေးထားကြပါ။ ညီလေးတို့ သို့ တူလေး တို့ရဲ့ ဒုက္ခ ဒေါသ တွေကို ကိုယ်တိုင်ခံစားခဲ့ရဘူးလို့ နားလည်ပါတယ်။ စိတ်ရှည်ကြပါ။ သည်းခံကြပါ။ ဒီနေ့လုပ် ဒီနေ့၇တာ TV ကြော်ညာထဲက ၀င်းစတား မျက်မှန်ဘဲ ရှိတယ်လို့ သတိပေးပါရစေ။
(ကျနော် အမည်နံမည်တွေကိုအကုန်နီးပါးမှတ်မိပါတယ် မရေးချင်လို့ အမည်မတပ်ပါ)

credit...... C/E U MIN SWE

No comments:

Post a Comment