Wednesday, May 8, 2013

ဝေလငါး ကလေး ရဲ့ အိပ်ရာဝင်ပုံပြင်။ (Essay)


ပင်လယ်ဟာလူတွေ ကို ရူးစေပါတယ် ၊ ပြီးတော့
လရောင်ရဲ့ ဆွဲငင်မှုအောက်မှာ ၊ ပိုမိုနက်ရှိုင်းစွာလွမ်းမော ခဲ့ရတဲ့ ညတွေ၊
ငွေမှင်ရောင်တွေက ဖြားယောင်းသွေးဆောင်လို့ ..
တ်ဝန်းကျင်မှာ သူမရဲ့မျက်ဝန်းတွေ ကတော့ ပုံသဏ္ဍန် အမူယာအမျိုးမျိုး နဲ့ နှစ်ကာလပေါင်းများစွာ
လင်းလက် ကာခြောက်လန့်နေဆဲ၊

မျက်ရည်ကျတယ်၊ခိုင်လုံတဲ့ အကြောင်းအရာလဲ မရှိပါဘူး
သက်ပြင်းတွေ တစ်ဖွဖွ မှုတ်ထုတ်ပစ်ရင်း၊ ခေါင်းခါမိခဲ့တာအကြိမ်တွေ မမှတ်မိချင်တော့ပါဘူး
တစ်ချက်တစ်ချက် အပြုံးလေး တစ်စကိုတသသ သတိရပေမဲ့နောက်ဆုံးတော့
ရက်စက်တဲ့မျက်ဝန်း အိမ်နက်နက်လေးကို
တီးတိုးတောင်းပန်ရင်း သိမ်ငယ်စွာအရှုံးပေးနေမိရတာကိုပင်
ပိုင်ဆိုင်ခွင့်လေးတစ်ခုလို တစ်အုံနွေးနွေးရင်ခုံနေတတ်သူဖြစ်ခဲ့တယ်။

ထိန်ထိန်ငြီးနေတဲ့ နီယွန်မြို့ပြကြီးတွေ ရယ်၊
အရက် ဘားဆိုင်တွေ စားသောက်ဆိုင်ကြီးတွေ ဆီက ..
ပျော်ရွှင်စွာ လူတွေ အော်ဟစ်ရယ်မောနေသံတွေ၊
ဇွန်းသံခရင်းသံတွေ ရယ်၊ တစ်ဒုံးဒုံး အသားတစ်တွေ ခုတ်ထစ်နေသံ၊
တံခါးအဖွင့် သဲ့ကနဲကြားနေရ တဲ့ နိုက်ကလပ်တွေ ရဲ့ဆူညံတေးသွားတွေ ၊
လေအဝှေ့မှာ ကြားနေရတတ်တဲ့ နောက်ဖေးလမ်းကြိုကြားမှ ခွေးဟောင်သံ တွေ ကို
နာကျင် ငြီးငြူ နေရတဲ့ အိမ်ရာမဲ့တစ်ယောက် ရဲ့ မျက်ဝန်းတွေနဲ့ငေးကြည့်နေခဲ့ပြန်တယ်။

ရာသီတွေဟာ ကမ္ဘာ့ နာရီတွေ မှာ အမျိုးမျိုး ရုပ်ပြောင်းတတ်တဲ့
Las Vegas က ကချေသည်တွေပါ
လှောင်ပြုံးတွေ မထီမဲ့မြင် အကြည့်တွေ ကို ခပ်ရို့ရို့ရှောင်ရှားရတာ အရသာတစ်မျိုးပါ
တိတ်တိတ်လေး ခြေသံလုံအောင် ဖြတ်သွားနေတဲ့ သင်္ဘောကြီးရဲ့ ခြေရာဖွေးဖွေးတွေ ကို
မျက်စေ့တစ်ဆုံးလိုက်လိုက်လိုက်ကြည့်နေရင်းနဲ့ဘဲ ဒါကဗျာတစ်ပုဒ် သီချင်းတစ်ဆုပ်
တိမ်ရောင်စုံပန်းချီကားတစ်ချို့ ကိုလဲ ရေးဖွဲ့လာနိုင်ခဲ့ပါတယ်။

မိုးထိလု တိုက်မြင့်ကြီးတွေ၊ စိမ်းစိုနေတဲက ကျွန်းကြီးတွေ၊ မီးခိုးရောင် မိုးပျံတံတားကြီးတွေအပေါ်
က ပုရွတ်ဆိတ်တွေ အလားပြေးလွှားနေတဲ့ ရောင်စုံကားတွေ ၊အေးအေးလူလူ ရွက်လွင့်နေတဲ့ လှေကလေးတွေ
လူတွေ ဖွေးဖွေးလွနေတဲ့ နွေရာသီ အပမ်းဖြေစခန်းတွေကို
ခပ်လှမ်းလှမ်းကနေ ကလေးတစ်ယောက်လို ကျနော် လက် လှမ်းပြမိတယ်
ကျနော် ကို အသိမှတ်ပြု ပြန်လက်ပြတဲ့ လူတွေ ကို ကျနော် ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ဘူးတယ်။

တစ်ခါတရံ တော့ လှိုင်းမမူးဘ၊ဲ မြေကြီးမူးလာတတ်တယ်
လူမူးတယ် ၊ ကာဘွန်ဒိုင် အောက်ဆိုဒ်တောင် မူးတယ်
သီချင်းနရီစည်းချက်တွေထက် အင်ဂျင်စက်ကလာတဲ့ မတိုးမကျယ်နဲ့ ၀မ်းခေါင်းသံကြီးရဲ့
သားချော့တေးတစ်ပုဒ်ကို ညစဉ် ညတိုင်း မသက်မသာ နားဆင်နေရင်းနဲ့
ကြာတော့လဲ အလိုလိုအိပ်ငွေ့ချတတ်ခဲ့ပါတယ်၊
ကျောက်ချထားတဲ့ ညတွေ ဆို တိတ်ဆိတ်လွန်းလို့တောင် အိပ်မရချင်ဘူး Sound of Silence
သီချင်းထဲကလို အမှောင်ကမ္ဘာကြီးနဲ့ စကားပြောနေရတာကြာတော့ သူတောင် နားငြီးနေပါပြီ။

အသဲထဲမှာ တစ်ရှိုက် မက်မက် လွမ်းတတ်တာက
ဦးပိန်တံတားကညနေခင်းလေးတွေပါ
တောင်သမန်အင်းပေါ်ဖြတ်ပျံသွားတဲ့ ငှက်တွေရယ် ငါးနံ့သင်းတဲ့ လေညှင်းရယ်
ခိုးခိုးခစ်ခစ်ရယ်တတ်တဲ့ကျောင်းသူတစ်စုရယ်အထဲမှာ နင့် ကို ရှာတွေ့ဘူးတယ်
အပျင်းပြေတစ်ယောက်ထဲ စက်ဘီးလေးကိုတွန်းရင်း တိုင်လုံးတွေ ပေါ်မှာ
ချစ်သူတွေရေးထားခဲ့တဲ့ စာတမ်းတွေ ဖတ်ကြည့် မိတယ်
ပြုံးမိတယ် ၊စိမ်းစိမ်းကြည့်နေမိတယ်
အင်း ရေးစရာ နာမည်လေးတစ်ခုတောင် မယ်မယ်ရရ မရှိခဲ့ပြန်ဘူးလေ
အုတ်နီခဲလေးကောက်ယူခြစ်ပြီးမှ လှဲ့ထွက်လာခဲ့ဘူးပါတယ်။

ပြူတင်းပေါက်ကနေ မျှော်ကြည့်လိုက်ရင် အရင်ကဆို
စိမ်းလမ်းတဲ့မြက်ခင်း၊ လေတိုက်ရင် ယိမ်းနွဲ့တဲ့ မန်ကျည်းပင်ပျိုတွေဟာ
စိတ္တဇပန်းချီကားတွေလို တကယ့် အပြင်မှာလဲ စုတ်ချက်ကြမ်းပေမဲ့ချစ်လို့ရပါသေးတယ်။

ညိုညစ်ညစ်တံတားသေးလေး တွေပေါ်ဖြတ်နင်းသွားတဲ့ စက်ဘီးကစမှုတ်တံ လည်သံ၊
ကင်းတဲလေးက သံချောင်းခေါက်သံ၊ကျောင်းတစ်ကျောင်းက ကလေးတွေ စာအံသံ၊
မနက် ဆောင်းရနံ့တွေ ကြားထဲက ဆွမ်းခံကြွလာတဲ့ ကိုရင်တွေ လှမ်းသွားတဲ့
သင်္ကန်းရုန်းသံတွေ ငါဘာလို့ Record လုပ်ဖို့မေ့ခဲ့ပါသလဲ ..
တွေးရင်းနဲ့လဲ ခေါက်မုန့်သည်ဆီက ထန်းလျက် မီးကင်နံ့တွေနဲ့တင်
ရင်ထဲ မွှေးပျံ နွေးထွေးလာပြန်တယ်။

မျက်မှောင်ကျူံ့ကြည့်နေတဲ့ မတူမတန် လျှပ်စီးကြောင်းနဲ့
ပြိုးပျက် လင်းလက်နေတဲ့မာနမျက်စောင်းရုပ်ရှင်ကားတွေ ကို
ငါအားရင် ပြန်ရစ်ကြည့်ပါတယ်၊ချိုချို လွင်လွင် ပြက်ရယ်ပြုသံတွေ ကိုတော့
နားနဲ့ဆတ်ဆတ် ခဏခဏ ကြားခဲ့ပေမဲ့
နားကျပ်ကို ချွတ် လှည့်လှည့် ကြည့်ပြီး လှောင်ပြုံးပြုံးတာကလဲ မွေးရာပါလိုတောင် ဖြစ်နေပြီ။

တစ်နေတာ အားအင်တွေ ကုန်ခမ်း သမျှ ပြန်လည်လန်းဆန်းချင်မိတယ်
ညတွေ ကို မီးခလုတ်တွေနဲ့ အတူ ပိတ်ဖွင့်ချင်သူပါ
ဘယ်လောက်ပင်ပန်းပင်ပန်းခဲ့ပါစေ၊စာအုပ်တွေ ဘယ်နှစ်အုပ်ပြောင်း ဖတ်
စာမျက်နှာတွေတစ်ရှပ်ရှပ် ကျော်လွန်သွားခဲ့ပေမဲ့
ကြားထဲက အင်တာဗယ် တွေ မှာ တော့
နင်ဟာ နေ့တိုင်း နား ထောင်မ၀တဲ့..အိပ်ရာဝင်ပုံပြင်လှလှလေးတစ်ပုဒ်အဖြစ် ရှိနေလိမ့်ဦးမယ်။

ရာစု။

1 comment:

  1. Today, I went to the beach with my kids. I found a sea shell and gave it
    to my 4 year old daughter and said "You can hear the ocean if you put this to your ear." She placed the shell to her ear
    and screamed. There was a hermit crab inside and it pinched her ear.

    She never wants to go back! LoL I know this is totally off topic
    but I had to tell someone!

    Take a look at my web blog acoustic guitar chord

    ReplyDelete