Monday, May 13, 2013

အလုပ်တွေရှားတာလား ကျွမ်းကျင်လုပ်သားရှားတာလား...


လွန်ခဲ့သော၂နှစ်ခန့်က DMA မှာအစည်းအဝေးတခုလုပ်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ ဒေသခံကိုယ်စားလည်တွေက သူတို့ကုမ္ပဏီက အရာရှိတွေ အင်္ဂျင်နီယာတွေ စာမေးပွဲ ဖြေတဲ့အခါ သင်တန်းများမရှိမှု စာမေးပွဲ ပုံမှန် လုပ်မပေးနိုင်လို့ သင်္ဘောတွေပြန်မတက်နိုင်ကြတဲ့ အခက်အခဲ ရှိပါတယ် ဆိုပြီးဆွေးနွေးတော့ လက်ခုတ်သံ တဖြောင်းဖြောင်း တီးကြပါတယ်။

အခု ပုဂ္ဂလိက သင်တန်းကျောင်းတွေ ဖွင့်ခွင့်ရကြပြီး စာမေးပွဲတွေ ၃လတခါစစ်ပေးနေပါပြီ။ စာမေးပွဲအောင်တဲ့ အရာရှိတွေ လစဉ်ပုံမှန်တိုးလာတော့ ကုမ္ပဏီတွေဘက်က ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင် ဆောင်နေကြပါတယ်။ စာမေးပွဲအောင်လို့Class III လက်မှတ်ကိုင်ထားတဲ့ သင်္ဘောသားကို အရာရှိလုပ်သက် အနဲဆုံး ၃လရှိရမယ် ဆိုတော့ ကုမ္ပဏီဲခြံပေါက်တွေတောင် သင်္ဘောပြန်တက်ဘို့ အခက်အခဲဖြစ်နေပါတယ်။ ဘာလုပ်ကြမှာလဲ။ ဘယ်သူ့မှာတာဝန်ရှိသလဲ။

အစည်းအဝေးမှာ ထပြီးဆွေးနွေးတဲ့ ကိုယ်စားလည်ကြီးမှာ အဖြေရှိပါသလား။ AB နဲ့ လိုက်ကြဆိုတော့ မိုက်ရိုင်းရာ မကျဘူးလား။
အလုပ်သင်အရာရှိအဖြစ် ၃လမှ ၆လ ခိုင်းကြည့်ပြီး ရာထူးတိုးပေးလို့ မရဘူးလား။ စေတနာပါရင် ကူညီပေးနိုင်ပါတယ်။ DMA ကလဲ ဒေသခံကိုယ်စားလည်များကို မေတ္တာရပ်ခံသင့်ပါတယ်။

ကျွန်တော်သိသလောက် အလုပ်တွေက မြန်မာသင်္ဘောသားများအတွက် ထူးထူးခြားခြား လျှော့သွားတယ် မရှိပါဘူး။ စာမေးပွဲကို ကြက်တူရွေးနှုတ်တိုက်သင်သလို ကျူရှင်ဆရာတွေရဲ့လုပ်ရပ်ကြောင့် ကျောင်းသားတွေက စာမေးပွဲခန်းကထွက်တာနဲ့ စာတွေမေ့ကုန်တဲ့ တပွဲတိုး ပညာရေး စနစ်ကြောင့် ကျွမ်းကျင် လုပ်သား ရှားလာတာက ပြဿနာလို့ ထင်ပါတယ်။

အခုလဲ မေးခွန်း၅စုံကျက်ခိုင်းတဲ့ ပညာရေး စနစ်ကို စီးပွားရေး သမားဦးဆောင်တဲ့ ပုဂ္ဂလိကကျောင်းများက လေသံလွှင့် ဆွဲဆောင် မက်လုံးပေးနေကြပြန်ပါပြီ။ ကျွမ်းကျင်လုပ်သား ကိုဘဲရွေးခန့်တဲ့ အလုပ်ရှင်တွေ အပြစ်ပြောလို့ရမလား စဉ်းစားကြပါဦး။

ပုဂ္ဂလိက သင်တန်းကျောင်းတွေ ဖွင့်ခွင့်တင်တုန်းက IMO Model Course အတိုင်း သင်ပါ့မယ်လို့ ခံဝန်ချက်တွေ ပေးထားပြီး ကျောင်းသားစာကြည့်ရတာများလို့ မေးမဲ့စာဘဲ ကျက်ဘို့ လျှော့သင်မယ်ဆိုတော့ DMA ကိုရော ရေကြောင်းလောကတခုလုံးကိုရော သစ္စာဖေါက်ရာ မကျဘူးလား မေးချင်ပါတယ်။

ကျူရှင်စနစ်ကို ချူပ်ငြိမ်းအောင် လုပ်ပါတယ်ဆိုကာမှ ကျူရှင်နဲ့ဘာမှမခြားတဲ့တဖြစ်လဲ သင်တန်းကျောင်းတွေ ပေါ်လာပြီး ငွေရရှိရေး အဓိက ရှေ့တန်းတင်နေကြလို့တော့ မြန်မာ့ရေကြောင်းပညာရေး ရင်လေးစရာပါ။ ရေကြောင်းလောကကို အဆင့်မြင့်အောင် ကျွမ်းကျင်လုပ်သားတွေများလာအောင် လုပ်ချင်ပါတယ်ဆိုတဲ့ ဂုရုကြီးများ စဉ်းစားကြပါဦး။ ကျောင်းပေါင်းစုံ ကားတစီးနဲ့လည်ပြီး တနာရီ ၅သောင်းနှုံးနဲ့ စာလိုက်ပြနေတဲ့ ခေတ်ပေါ်သူဌေးဖြစ် ဆရာကြီးများကိုလဲ မေတ္တာရပ်ခံချင်ပါတယ်။ ငွေလိုရင် သင်္ဘောလိုက်ကြပါ။
ပင်လယ်ထဲ လာပြီး စီးပွားရှာကြပါ။ သမာအာဇီဝ စစ်စစ်ဖြစ်ပါတယ်။

ပညာသင်ပေးချင်တဲ့ ဆရာစစ်စစ်ဖြစ်ချင်ရင် စေတနာ၊၀ါသနာ၊အနစ်နာ မခံချင်ဘဲ ဆရာမဖြစ်နိုင်ပါဘူး။ ကုသိုလ်ရအောင် ပိုက်ဆံလျှော့ယူပြီး ပညာဒါန ပြုကြပါ။ အနစ်နာခံကြပါ။ ဘ၀မှာ အရေးတကြီးလိုအပ်လို့ ဆရာတွေကို အားကိုးတကြီးနဲ့ ပညာလာသင်နေတဲ့ ကျောင်းသားတွေထက် အိမ်ကမိန်းမငွေအိပ်ထဲ ပိုက်ဆံများများရောက်ဘို့ အဓိက ဆန္ဒမထားကြပါနဲ့ခင်ဗျား။

Kyaw Mya Oo

No comments:

Post a Comment