Tuesday, November 26, 2013

မိုးခါးရေ ---------





“ ဟွန်း…”

သူနှာခေါင်းရှုံ့ ပြစ်လိုက်သည်။

“ တော်တော်တောင်နံနေပြီပဲ”
လက်ထဲတွင်ကိုင်ထားသော ဘွိုင်လာဆု (Boiler Suite) ကို လော်ကာ (Locker) အတွင်းပြန်ချိတ်ရင်းသူပြောမိခြင်းဖြစ်သည်။ ဟုတ်သည်။ သူဒီဘွိုင်လာဆု ကို ၀တ်လာသည်မှာ ဒီနေ့ပါနှင့် ဆို သုံး လေးရက်ပင်ရှိပြီထင်သည်။ ချွေးထွက်များသော သူ့ အဖို့ ဒီဘွိုင်လာဆု တစ်ထည်ကို သုံးလေးရက်သာ ၀တ်နိုင်သည်။ သုံးလေးရက် ဆက်တိုက်ဝတ်ပြီးသည်နှင့် ဘွိုင်လာဆု တစ်ထည်လုံး ချွေးနံ့စ စွဲလာတော့သည်။ သူအလုပ်လုပ်သည်က နိုင်ငံကူး ကုန်တင်သဘောင်္ပေါ်ရှိ အင်ဂျင်ခန်းတစ်ခုအတွင်းတွင်ဖြစ်သဖြင့် ဘွိုင်လာဆုကို ၀တ်ကြရသည်။ ဘွိုင်လာဆုဆိုသည်ကား အင်္ကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ပုံစံချုပ်ထားသော ပွပွရွရွ ရှိလှသည့် အကြမ်းခံဝတ်စုံတစ်မျိုးဖြစ်သည်။ သဘောင်္သားများ အလုပ်လုပ်သည့်အခါ ၀တ်ဆင်ကြရသည့် ယူနီဖောင်းပင်ဖြစ်သည်။

သူတို့ သဘောင်္လိုင်းတွင်တော့ သဘောင်္သားတစ်ယောက်အတွက် ဘွိုင်လာဆု နှစ်ထည်ဆီထုတ်ပေးသည်။ ခြောက်လခန့်ကြာလျှင်သော်ဖြစ်စေ၊ အလုပ်လုပ်ရင်း ဆီချေးနှင့် အခြား အညစ်အပတ်များ ပေလျှင်သော်ဖြစ်စေ၊ သဘောင်္ပေါ်တွင် ဘွိုင်လာဆု အသစ်များ ထုတ်ပေးတတ်သည်။ သို့သော် အကန့်အသတ်နှင့်ဖြစ်သည်။ လိုသလောက်တော့ မရ။ ထိုကြောင့် ပြန်သွားသော သဘောင်္သား အဟောင်းများ ၀တ်ခဲ့သည့် ဘွိုင်လာဆု အဟောင်းများ ကို ပါ လွှင့်မပစ်ပဲ ၀တ်ကြရသည်။ ဒါမှသာ အလဲအလှယ်ရှိနိုင်မည်ကိုး။ သဘောင်္သားတစ်ယောက်အတွက်ဘွိုင်လာဆု သုံးလေးထည်တော့ ရှိကြသည်ချည်းဖြစ်သည်။ ယခုတော့ သူ့ဘွိုင်လာဆု မှာ ရက်အတော်ကြာဝတ်ထားခဲ့၍ ချွေးနံ့များ နံနေပေပြီ။ အင်ဂျင်ခန်းထဲ အလုပ်လုပ်သူမို့ အင်ဂျင်ခန်းအပူကြောင့် ချွေးပိုထွက်သည်။ ထိုကြောင့် ပင် ဒီဘွိုင်လာဆုက သုံးရက်တည်းနှင့် နံသွားရခြင်းဖြစ်သည်။

နံသွားရင်နောက်တစ်ထည်ထုတ်ဝတ်ပေါ့ဟု ပြောစရာတော့ ရှိသည်။

အမှန်တော့ သူလက်ထဲမှ သူနမ်းကြည့်ခဲ့သည့် ဘွိုင်လာဆုမှာ လျှော်ပြီးသားများထဲမှ နောက်ဆုံး တစ်ထည်ပင်ဖြစ်သည်။ သူ့တွင် ဘွိုင်လာဆု သုံးထည်ရှိသည်။ ကျန်သည့် နှစ်ထည်ကမလျှော်ရသေး။ ဒီတစ်ထည်ပြီးလျှင်သူ့မှာ ၀တ်စရာဘွိုင်လာဆုမရှိတော့။

“ဟူး … ဒုက္ခပါပဲ … မနက်ဖြန် ဘာဝတ်ရမှန်းတောင်မသိတော့ဘူး”

သူအတော်စိတ်ပျက်လက်ပျက်ဖြစ်သွားခြင်းဖြစ်သည်။ ဟုတ်လည်းဟုတ်သည်။ မနက်ဖြန်က အရေးကြီးသောနေ့။ ဒီလိုဘွိုင်လာဆု အစုတ်အပြတ်နှင့် သူ ထွက်လို့ မဖြစ်။ အလုပ်လုပ်လို့ မဖြစ်။
သူတို့ သဘောင်္က အမေရိကား မှ ကနေဒါနိုင်ငံ ဗန်ကူးဗားသို့ ခုတ်မောင်းနေခြင်းဖြစ်သည်။ မနက်ဖြန်ဆိုလျှင်တော့ ကနေဒါကို ရောက်ပြီ။ ကနေဒါတွင်က သူတို့ သဘောင်္အတွက် စစ်ဆေးရေး (Inspection) တစ်ခု ၀င်ကြရမည်။ ဒါက သဘောင်္တွေ နှစ်စဉ်ဝင်နေကြရသည့် စစ်ဆေးရေး ပင်ဖြစ်သည်။ ထို စစ်ဆေးမှုအောင်မှ ကုန်တင်ခွင့်ရှိသည်။ ကမ်းကပ်ပိုင်ခွင့်ရှိသည်။ ထိုစစ်ဆေးရေးကလည်း သဘောင်္နှင့် သဘောင်္သားများ၏ အန္တရာယ် ကင်းရှင်းရေး (Safety) နှင့် လုံခြုံရေး (Security) ကို အဓိက ထား စစ်ဆေးခြင်းဖြစ်သည်။ သဘောင်္ အန္တရာယ် ကင်း ရှင်းမှသာလျှင် ကုန်ပစ္စည်းစိတ်ချရမည်။ လုံခြုံမှုရှိမှသာလျှင် ကုန်ပစ္စည်းများ ဆုံးရှုံးမှု မဖြစ်ပေါ်နိုင်ဟု သတ်မှတ်ထားသည်။ ထိုကြောင့် ဆီချေးများပေကျန်ကာ ညစ်ပေနေသော ဘွိုင်လာဆု နှင့် သူ မနက်ဖြန် ဘယ်လိုမှ စစ်ဆေးရေး ၀င်လို့ မဖြစ်။ ဘွိုင်လာဆုတွင် ဆီချေးပေနေလျှင် အချိန်မရွေးမီးလောင်နိုင်သည်ဟု သတ်မှတ်သည်။ ထိုကြောင့်ပင်သူ့မှာ အတော်စဉ်းစားရကြပ်နေခြင်းဖြစ်သည်။ မနက်ဖြန် အင်စပက်ရှင် အတွက် ဘာ ၀တ်ရမည်နည်း။

အမှန်တော့ ဒီနောက်ဆုံး ဘွိုင်လာဆုကလေးမှာ သူ တမင်တကာ အင်စပက်ရှင်များနှင့် အော့ဒစ် (Audit) စသည့် စစ်ဆေးရေး များလာလျှင် ၀တ်ဆင်ရန်ဖယ်ထားခဲ့သော အသစ်စက်စက်ဘွိုင်လာဆုကလေးဖြစ်သည်။ အမေရိကားတွင် ဆိပ်ကမ်းအာဏာပိုင်များ တက်စစ်တုန်းကလည်း ဒီ ဘွိုင်လာဆုကလေးနှင့် အဆင်ပြေခဲ့သည်။ အခြား စစ်ဆေးရေး များလည်း ဒီဘွိုင်လာဆုကလေးပဲ ထုတ်ဝတ်ခဲ့သည်ချည်း။ အခုတော့ သူ့ ဘွိုင်လာဆု အသစ်စက်စက်ကလေးက ညစ်ပတ်နံဆော်နေပေပြီ။

သူဘွိုင်လာဆုတွေ မလျှော်လို့ လား … အဲဒီလောက်တောင်အပျင်းကြီးသလား ဟု မေးစရာတော့ ရှိပါသည်။ နောက်ဆုံး မလျှော်ထားသည်ထားဦး ဒီညနေလျှော်ပြီး လှမ်းထားလျှင် မနက်ဖြန်မနက်ဆို ခြောက်နေလောက်ပေပြီ။ ဒါဆိုလျှော်လိုက်ပေါ့ဟု တိုက်တွန်းလိုက်ရုံသာ ။

ထိုလောက်တော့ မလွယ်ပါ။သူကပျင်းလည်း မပျင်းပါ……။ သို့သော် သူတို့ သဘောင်္ပေါ်တွင်လျှော်စရာ ရေမရှိသောကြောင့်ဖြစ်သည်။
ဟုတ်သည်။ သူတို့ သဘောင်္ပေါ်တွင် ရေပိတ်ထားသည်မှာ တစ်လနီးပါးခန့်ရှိပေပြီ။ ရေပိတ်ထားသည်ဆိုသည်ကို ဒီနေရာမှာ ရှင်းပြဖို့လိုမည်ထင်သည်။ သူတို့လို ပင်လယ်ကူး သဘောင်္ကြီးများ ပေါ်တွင် သောက်ရေ နှင့် သုံးရေအတွက် ရေချို တင်သော ကန်ကြီးများ ပါရှိသည်။ ရေချိုကိုတော့ ရေချိုချက်စက် ဖြင့် ချက်လုပ်၍ ဖြစ်စေ၊ ဆိပ်ကမ်းများ ၀ယ်ယူ၍ ဖြစ်စေ၊ ဖြည့်တင်းကြရသည်။ အများဆုံးကတော့ ရေချက်စက်မှ ချက်လုပ်ခြင်းဖြင့် ဖြည့်တင်းကြရသည်။ ဆိပ်ကမ်းမှ ရေချိုဝယ်ယူခြင်းက သိပ်အဆင်မပြေ။ ပိုက်ဆံကုန် သဖြင့် ကုမ္ပဏီမှ လူကြီးများ ၏ အမေးအမြန်းကို ခံကြရသည်။

“ ဘာကြောင့်ရေချိုဝယ်ရသလဲ? ရေချက်စက်က အလုပ်မလုပ်ဘူးလား ? မပြင်ဘူးလား။ ရေပိုထွက်အောင်လုပ်။”စသည့် မေးခွန်းများ စေခိုင်းချက်များ လာတတ်ကြသည်။ ထို့ ကြောင့် သဘောင်္သားများက ရေချက်စက်မှ ရေကို သာ အားကိုးကြရသည်။

ရေချက်စက်ဆိုသည်ကလည်း ပင်မ အင်ဂျင်ကြီးလည်ပတ်မှ လည်ပတ်နိုင်တာမျိုးဖြစ်သည်။ အကယ်လို့ သဘောင်္က မထွက်ဖြစ်လို့ ရက်ကြာသွားလျှင် ပင်မအင်ဂျင်ကြီးလည်း မလည်ပတ်သဖြင့် ရေချက်စက်လည်း မလည်ပတ်နိုင် မချက်လုပ်နိုင်တော့ ပေ။ ထိုကြောင့် လွန်ခဲ့သည့် တစ်လခန့်က အမေရိကားတွင် အနေကြာသွား ခဲ့သော သူတို့ သဘောင်္ကြီးမှာ ရေမချက်ဖြစ်သည်မှာ အတော်ကြာသွားသည့် အတွက် ရေမလောက်မငဖြစ်ရတော့သည်။
ထိုသို့ ရေမလောက်ငသည့်အခါ ရေချိုကို ဘုန်းဘောလအော အရင်လို မပေးတော့ပဲ။ ပထမအဆင့်အနေဖြင့် အချိန်နှင့် တိုင်း၍ ပေးလာသည်။ မနက်မျက်နှာသစ်ချိန်၊ ထမင်းစားချိန် နှင့် ညနေရေချိုးချိန်တို့လောက်သာ ရေပေးတော့သည်။ ထိုထက်မက မလောက်မင ဖြစ်လာလျှင်တော့ ဒုတိယအဆင့်အနေအ၀တ်လျှော်စက်ရေများ စပိတ်ကြရသည်။ ထိုထက်မှ မလောက်ငလျှင် တတိယအဆင့်အနေဖြင့် အိမ်သာများတွင် အရေချိုအစား ရေငန်ကို ပြောင်းသုံးကြရတော့သည်။ ထိုသို့ ဖြင့် အဆင့်ဆင့် ထိန်းချုပ်ပေးရင်း ရေသုံးရ အဆင်ပြေစေရန် စီမံကြရသည်။

ယခုလည်း သူတို့ သဘောင်္က ဒုတိယအဆင့်ကို ရောက်နေပေပြီ။ အ၀တ်လျှော်စက်များ တွင် ကုန်းဘတ်အရာရှိချုပ် (Chief Officer) မှ သူ့ခွင့်ပြုချက်မရပဲ အ၀တ်လုံးဝ မလျှော်ရန် စာရေးကာ ကပ်ထားလေသည်။ အ၀တ်လျှော်စက်များ ရေပိတ်လိုက်ပေပြီ။
ထိုကြောင့် ပင် သူ့ အကြမ်းခံ အ၀တ် ဘွိုင်လာဆု နှစ်ထည်ရှိရာမှ မလျှော်ဖြစ်သည်မှာ ကြာပြီ ဖြစ်၍ နံဟောင်လာသောကြောင့် အ၀တ်လည်း လျှော်လို့ မရသည်ကို သိသဖြင့် အင်စပက်ရှင်လာလျှင် ထုတ်ဝတ်ရန် ထားသည့် အသစ်ကလေးကို ထုတ်ဝတ်လိုက်ရခြင်းဖြစ်သည်။
သူသက်ပြင်းကို ခပ်လေးလေး ချမိသည်။

“ ဟူး….. တော်တော်ခက်တာ ပဲ … မနက်ဖြန်မနက် ဘာဝတ်ရမှန်းကို မသိတော့ဘူး”

ထိုနောက် အ၀တ်လဲခန်းထဲမှထွက်ပြီး အခန်းတွင်းသို့ ပြန်ရန်လှေကားဘက်သို့ သူလျှောက်လာခဲ့သည်။ လှေခါး အတက်နားတွင် ရှိသော အ၀တ်လျှော်ခန်းအတွင်းသို့ သူ လှမ်းကြည့်မိသည်။ အ၀တ်လျှော်စက်နှစ်လုံးက ခန့်ခန့် ကြီး သူ့ကို ပြန်ကြည့်နေသည်။ သို့သော် အ၀တ်မလျှော်ရဆိုသည့် စာတန်းကတော့ အနည်းငယ် ဆူပုပ်ပုပ်နိုင်သည်ဟု သူထင်မိသည်။

အမှန်တော့ အ၀တ်လျှော်စက်မှာ စာမျှသာကပ်ထားခြင်းဖြစ်ပြီး အရာရှိချုပ်မသိအောင် ခိုးလျှော်လျှင်တော့ ရနိုင်သည်။ သိုသော်ဒါမျိုးတော့လည်းသူမလုပ်ချင်။ ခိုးလုပ်ရသည် အလုပ်ဆိုလျှင် မည်သည့်အလုပ်မျှ သူမလုပ်ချင်။ ဒါကိုတော့ သူ အတတ်နိုင်ဆုံးစောင့်ထိန်းခဲ့သည်။
ခိုးသည့်အလုပ်ကို သူ အမုန်းဆုံးဖြစ်သည်။

သူငယ်စဉ်က သူ့ အဖေမှ သူ့အားစာမေးပွဲအောင် ၍ ဆုချသည့် အနေဖြင့် ကွန်ပါဘူးလှလှလေးတစ်ခုဝယ်ပေးဖူးသည်။ ထိုအချိန်က သူ့အဖေ၀ယ်ပေးသော နှစ်ထပ်ကွန်ပါဘူးကလေး မှာ သူကျောင်းတွင် ဘယ်သူမှ မကိုင်သေးသော အသစ်အဆန်းပစ္စည်းကလေးဖြစ်နေခဲ့၏။ ထိုကွန်ပါဘူး ကလေးကို သူအတော်သဘောကျရှာသည်။ သူငယ်ချင်းတွေ ကြားထဲတွင် ထိုကွန်ပါဘူးကလေး အတွင်းမှ နှစ်ထပ်အံကလေးကို ဖွင့်ကာ ခဲတံကို ထုတ်ရသည့်အခါတိုင်း သူအလွန်ဂုဏ်ယူမိသည်။ သူငယ်ချင်းတွေ၏ အားကျသည့် အကြည့်များကိုလည်း သူကျေနပ်ခဲ့သည်။ သို့ သော သူ့ကွန်ပါဘူးကလေးက သူ နှင့် ကြာရှည်မနေခဲ့။ တစ်ခုသော မုန့်စားကျောင်းဆင်းချိန်တွင် အခိုးခံခဲ့ရသည်။ သူနှမြောလိုက်သည့်ဖြစ်ချင်း။ သူအတော်ငိုခဲ့ရသည်ပဲ။ ကွန်ပါဘူးကလေး ပျောက်သွားပြီး
သုံလေးလလောက်အထိ သူမှာ ကွန်ပါဘူးကလေးများတွေ့လေမလားဆိုသည့်စိတ်နှင့် အသဲအသန်လိုက်ရှာ နေမိတတ်သေးသည်။ နောက်ဆုံးတော့ သူ့ကွန်ပါဘူးကလေးက သူ့ကို အပြီးတိုင်စွန့်ခွာခဲ့ပြီဖြစ်ကြောင်းသူသိသွားခဲ့လေသည်။

သို့နှင့်ပင် ထိုအချိန်မှစ၍ ခိုးသည့်အလုပ်ကို အလွန်ရွံမုန်းခဲ့သည်။ ခိုးသည့်အလုပ်ကို လုပ်သူကိုလည်း သူမုန်းသည်။ ထိုအတူ သူလည်း ဘယ်တော့ မှ ခိုးဝှက်လုပ်ရသည့် အလုပ်မျိုး မလုပ်ဟု ဆုံးဖြတ်ခဲ့သည်။ သူခံစားရသလို အခြားလူအပေါ် ပြန်မခံစားရစေချင်ပါ။
ထို့ကြောင့်ပင်အထက်တန်းကျောင်းအောင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းရွေးချယ်ခဲ့စဉ်ကတောင် သူဝါသနာပါသည့် အလုပ်များထဲက ကိုယ်ချွေးနှင့်ရင်းကာ ဖြူဖြူစင်စင် ရသော လစာကို ရနိုင်သည့် သဘောင်္သားအလုပ်ကိုသာရွေးချယ် ပြီး ရေကြောင်း ပညာကောလိပ်ကို သူတက်ရောက်ခဲ့သည်။ သူငွေများများ လိုချင်ပါသည်။ သို့သော် ငွေကြေးကို ဖြူစင်စေချင်သည်။ သူတစ်ပါး ငိုစာ ရယ်စာ ကို သူမစားလို။ ခိုးစာ ၀ှက်စာကိုလည်း မစားလို။ ထိုကြောင့် ၀င်ငွေလည်းကောင်း ထမင်းဖြူဖြူလည်း စားရမည်ဟု သူယုံကြည်သော သဘောင်္သားအလုပ်ကိုသာ သူရွေးချယ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ဒီအလုပ်ကို သူဝါသနာလည်း ပါသည်။

တစ်ခါကတော့ သူရုံးတစ်ခုသို့ ရောက်ပြီး စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်ရင်း … စာရေးလေးမှ လဘက်ရည်ဖိုးတောင်းသည်နှင့်ကြုံဖူးသည်။ ဒီတော့ သူစာရေးကလေးကိုခပ်ထန်ထန်ကြည့်ကာ

“ တကယ်တော့ ခင်ဗျား အလုပ်လုပ်ဖို့ နိုင်ငံတော်က လစာပေးပြီးသားမဟုတ်လား …. အဲဒါကို ခင်ဗျား က ကျွန်တော့ဆီကနေ လဘက်ရည်ဖိုး ထပ်တောင်းတယ်ဆိုတော့ …. ဒါ မတရားသက်သက် အချောင်ပိုက်ဆံယူတာပဲပေါ့…… ဒါသူတပါးပစ္စည်းကို မတရားယူတာပဲဗျ… ဒီမှာ ခင်ဗျား ကျုပ်ကိစ္စကို လုပ်ပေးချင်လုပ်ပေး မလုပ်ပေးချင်နေ… ကျုပ်ကတော့ တစ်ပြားမှ မပေးနိုင်ဘူး”

ထိုစဉ်တုန်းကတော့ မျက်နှာခပ်ပျက်ပျက်ဖြစ်နေသော စာရေးကလေးကို သူအတော်ချဉ်ခဲ့မိသည်။ သူစိတ်တွင် ဒီလို အချောင်စိတ်ဓာတ် … သူတပါးပစ္စည်းမတရားယူလိုတဲ့စိတ်ဓာတ်……. ခိုးသည့်စိတ်ဓာတ်ကို သူအားပေးအားမြှောက်မလုပ်လို။ သို့သော် သူ့ကိစ္စ မှာ အလွယ်တကူပင်ပြီး ခဲ့ပါသည်။ သူနှင့် အတူတွဲတင်သော သူငယ်ချင်း ဖြစ်သူ၏ ရာထူးအတော်ကြီးသည့် ဦးလေး မှ တဘက်လူကြီးအား သူ့တူအတွက်ရော သူ့အတွက်ပါ….. မိတ်ဆက်စာရေးပေးခဲ့သဖြင့် ပြီးမြောက်သွားခဲ့သည်။

ဒီလိုပင် သူ က အမြင်မတော်ဘူးထင်တာတွေကို ၀င်ဝင်ပြောခဲ့မိသည်ချည်းဖြစ်သည်။ ခိုးလုပ်ရသည့် အလုပ်တိုင်းကို သူမုန်းသည်။ ခိုးပြီးလျှင် အမှန်မပေါ်အောင်လိမ်ရတော့မည်။ ကံတစ်ပါးကျူးလွန်မိသည်နှင့် အလိုလို နောက်တစ်ပါးက လိုက်ပြီး ကျူးလွန်မိလျက်သား။ ဒီလို အဖြစ်မျိုးကို သူအတော် စိတ်ပျက်သည်။ ခိုးလုပ်ရမည့် အလုပ်မှန်သမျှ သူမလုပ်မိအောင်စောင့်ထိန်းခဲ့သည်ချည်း ဖြစ်သည်။

ယခုလည်း သူအ၀တ်ကို ခိုးလျှော်ဖို့ စိတ်မကူးမိတော့ ။ သူ့ကို ခပ်တည်တည် ဆူပုပ်ပုပ်ကြည့်နေသည့် အ၀တ်လျှော်စက် နှစ်လုံးကို ခနဲ့ ပြုံး ပြုံးကာ သူ လှေကားပေါ်သို့ တက်ခဲ့သည်။

“ အင်းလေ…. ရေဖြတ် တာက ငါ့တစ်ယောက်တည်းမှ မဟုတ်ပဲ … အခြားလူတွေလည်း ခံစားကြရတာပဲ … ငါ့လိုပဲ တစ်ခြားလူတွေမှာလည်း ၀တ်စရာရှိမှာ မဟုတ် ဘူး …. အင်စပက်ရှင်ကျ ရင်တော့ …. အားလုံး ညစ်တီးညစ်ပတ်ဖြစ်နေမှာ ပဲ …. ငါတစ်ယောက်တည်းမှ မဟုတ်တာ …. ကိစ္စတော့ သိပ်မရှိပါဘူး လေ”
ဟု သူတွေးပစ်လိုက်သည်။

ထိုနောက် အခန်းထဲသို့ မပြန်ခင် ထမင်းစားခန်းထဲသို့ သူဝင်လာခဲ့လိုက်သည်။ ထမင်းစားခန်းမှာတော့ လူအတော်စုံနေကြပြီ။ ညနေပိုင်း နားချိန်မို့ ထမင်းစားသူစား၊ ရုပ်ရှင်ကြည့်သူကြည့်ဖြင့် အတော်စည်ကားနေသည်။ သူလည်း ထမင်းခူး ၊ ဟင်း များ ထည့်ကာ တီဗွီနားမှခုံတွင် ၀င်ထိုင်ရင် ထမင်းစားနေလိုက်သည်။
သူ့ဘေးတွင်တော့ ပန့်မန်း (Pump Man) က ထိုင်နေသည်။

“ ကိုပန့် စားပြီး ပြီလား”

သဘောင်္ပေါ်တွင်တော့ ဒီလိုပဲ ရာထူးဖြင့်ပင်ခေါ်ဝေါ်တတ်ကြသည်။

“အေး.. ပြီးပြီ”

“ စိတ်တွေလည်း ညစ်ပါတယ်ဗျာ …..ရေမရှိတော့ …. အ၀တ်တွေကလည်း မလျှော်ရဘူး … မနက်ဖြန်ကလည်း အင်စပက်ရှင်နဲ့တော့ …. အားလုံး ညစ်ပတ်နံစော်နေတော့မှာပဲ ……”

“ ဟ…. မင်း အ၀တ် တွေ မလျှော်ဘူးလား …. ဘာလုပ်နေလဲ”

“ မလျှော်ဘူးလေဗျာ … ကုန်းချုပ် က မလျှော်ရဘူးလို့ စာကပ်ထားတယ် မဟုတ်လား …. ရေမရှိလို့လေ”

“ မင်း အရူး ပဲ….. ကုန်းချုပ်မသိအောင် သဘောင်္တစ်စင်းလုံး
ခိုးလျှော်နေတာ …. မင်းတစ်ယောက်တည်းမလျှော်တာ …… အေး မနက်ဖြန် အင်စပက်ရှင် လာလို့ ဘွိုင်လာစု အစုတ်နဲ့ ဆိုရင်တော့ …. မင်းကို သူကြီးက ထောင်းတော့ မှာပဲ”

သူစားနေရင်း ထမင်းပင် နင်သလိုဖြစ်သွား၏။ ထုတ်ထားသည့် စည်းကမ်းကို လိုက်နာ တာ သူ အရူးတဲ့လား။

“ မဟုတ်ဘူးလေ ကိုပန့်ရဲ့ …. ကုန်းချုပ်က ရေပြတ်သွားမှာ ဆိုးလို့ …. လုံးဝမလျှော်ဖို့ ပြောထားတာပဲ …. အဲဒါကို ခိုးလျှော်တယ်ဆိုတာ ……. စည်းကမ်း ဖောက်တာပေါ့ ….. ခိုးလုပ်တဲ့ အလုပ်ကြီးက မကောင်းပါဘူး ……အဓ္ဓိပါယ်မရှိတာဗျာ”

“အေး… အဲဒါကြောင့် မင်းကို အရူးလို့ ပြောတာ …. ဒီမှာ ဟေ့ကောင် အဓိကက ကိုယ်ပြဿနာ မတက်ဖို့ အရေးကြီးတယ်….. အခုမင်း စည်းကမ်းလိုက်နာ ပြီး ဘွိုင်လာစု မလျှော်တော့ ….. မနက်ဖြန် မင်းပဲ အထောင်းခံရမှာပဲ …. မင်းကို သူကြီးက ဆဲမှာပဲ ….. စည်းကမ်းလိုက်နာလို့ ဆိုပြီး ဘာဆုမှ ပေးမှာ မဟုတ်ဘူး … မင်းဟာလေ.. အတော်ကိုကြောင်တောင်တောင်နိုင်တဲ့ ကောင်ပဲ …”

“ဒါဆို အားလုံးလျှော်ကြတာပဲလား”

“ အေး ဟုတ်တယ်…… မယုံရင် မင်း လိုက်မေးသာကြည့်တော့ … ငါက စေတနာ နဲ့ပြောတာ … သွားလျှော်လိုက်… တော်ကြာ အဆဲခံနေရမယ်”

သူ တကယ်ပဲ ရူးနေပြီတဲ့လား။ သူတကယ်ပဲကြောင်တောင်တောင်ဖြစ်နေပြီတဲ့လား။
စားနေကျထမင်းကို သူလက်စသတ်ပစ်လိုက်သည်။ ထိုနောက် အခန်းထဲသို့ ပင်မပြန်တော့ပဲ အောက်ထပ်အ၀တ်လဲခန်းသို့ ပြန်ဆင်းလာခဲ့လိုက်၏။ အ၀တ်လဲခန်းအတွင်းရှိ လော်ကာထဲမှ နံစော်နေသောဘွိုင်လာစုကို သူထုတ်ယူလိုက်ပြီး သူ အ၀တ်လျှော်ခန်းဘက်သို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့လိုက်သည်။

သူကြီး (Captain) အဆဲကိုတော့လည်း သူမခံနိုင်။ မနက်ဖြန်အားလုံးထဲမှာ ညစ်ထေးထေး ဘွိုင်လာစုဖြင့် တွေ့သော သူ့ကို သူကြီး က ဆဲမည်သာဖြစ်သည်။ ကုန်းချုပ်ထုတ်ထားသော စည်းကမ်းကိုလိုက်နာပြီး အ၀တ်မလျှော်ခြင်းထက် အင်စပက်ရှင် အောင်ရေးကို သာ သူကြီးက ဦးစားပေးမည်ဖြစ်သည်။ ကံမကောင်းလျှင် သူကြောင့် အင်စပက်ရှင်ကျသွားလျှင်ပင် သူအလုပ်ပြုတ်သွားနိုင်သည်။ သူဘာလုပ်ရမည်နည်း။

အ၀တ်လျှော်ခန်းအ၀တွင် ဘွိုင်လာစု ညစ်ထေးထေးကို ကိုင်ကာ သူငူငူကြီးရပ်နေမိသည်။ ယခုသူ မလုပ်ချင်ဆုံး ခိုးဝှက်လုပ်ရသည့် အလုပ်ကို သူလုပ်ရပေတော့မည်။ သူမလုပ်ချင်ပါ။ သူဒီကိစ္စကို ခိုးလုပ်ပြီးလျှင် ကုန်းချုပ်က သူအား အ၀တ်လျှော်သလား ဟု လာမေးသည့်အခါ သူလိမ်ညာပြီး မလျှော်ပါဘူးဟု ဖြေရတော့မည်။

သူ့စိတ်တွေက လွန်ဆွဲနေလေသည်။ သူဘာလုပ်ရမည်နည်း။

အ၀တ်လျှော်စက်ကြီး နှစ်လုံးမှ သူ့ကို ခပ်တည်တည် ဖြင့်ကြည့်နေပြီး …. အ၀တ်လုံးဝ မလျှော်ရ ဟူသော စာတမ်းကလေးကတော့ သူ့ကို လှောင်နေသလို ရှိ၏။ လက်ထဲတွင်ကိုင်ထားသော ဘွိုင်လာစု ညစ်ထေးထေးကို တစ်လှည့် အ၀တ်လျှော်စက်ကြီးကို တစ်လှည့်ကြည့်နေမိပြန်သည်။ ကဲပြောစမ်းပါဦး။ သူဘာလုပ်သင့်သနည်း။
ကိုပန့်ပြောသလို သူ တကယ် အရူး သာဖြစ်လိုက်ချင်တော့ သည်။

“သူများမိုးခါးရေသောက်ရင်တော့ … တို့လည်းလိုက်သောက်ရမှာပဲ” သူ အတော်မုန်းခဲ့သောစကားဖြစ်သည်….

ခါးမှန်းသိသိနဲ့တော့ ဘယ်တော့မှ ဒီမိုးရေကိုသူမသောက်ဟု ဆုံးဖြတ်ခဲ့ပြီးပြီပဲ….

သို့ပေမယ့်…. သူရေဆာနေပေပြီ…… သူရေဆာနေရှာသည်…

တစ်ခါက သူ ရင့်ရင့်သီးသီးပြောခဲ့ဖူးသော စာရေးကလေး မျက်နှာပျက်ပျက်ကို မြင်ယောင်မိသည်.....

" မင်းလည်းငါ့လိုပဲ ... ရေဆာနေခဲ့တာပဲလား" ဟု သူမေးမိသည်...

သူခေါင်းကိုလေးပင်စွာခါ ရမ်းလိုက်ပါသည်....

လက်တကမ်းက မိုးရေစက်တွေကို သူသောက်ဖို့ ပြင်ဆင်ရတော့မည်...

သူဘာများတတ်နိုင်ဦးမည်နည်း

သူ့အာခေါင်တွေက ခြောက်ကပ်လျက်သား … မိုးခါးရေတွေကလည်း …သည်းလျက်သား…..

By:လင်းလွန်းညို

https://www.facebook.com/LynnLonnNyo

No comments:

Post a Comment