Monday, November 25, 2013

အံ့သြလွန်းလို့ သေတော့မယ်

ပည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၁

အံ့သြလွန်းလို့ သေတော့မယ်
ကောင်းဆက်နိုင်

မကောင်းတဲ့ မိတ်ဆွေ


မိဘပြီးရင် မိတ်ဆွေဆိုတာ အလွန် အရေးကြီးပါတယ်။ မိတ်ဆွေတစ်ယောက်ကြောင့် နိဗ်္ဗာန် ရသွားနိုင်သလို၊ မိတ်ဆွေတစ်ယောက်ကြောင့် မဟာအ၀ီစိ ငရဲကိုလည်း ကျရောက်နိုင်ပါတယ်။ မိတ်ဆွေဆိုတာကတော့ ကျယ်ကျယ် ပြန့်ပြန့် ပြောရရင် ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ၊ ဆရာတပည့်နဲ့ ဇနီးခင်ပွန်း အပါအ၀င် လောကမှာ ကျင်လည် ဖြတ်သန်းရသမျှ ဘ၀တစ်လျှောက် ကြုံဆုံလာရတဲ့ အဆွေ ခင်ပွန်းများကို ဆိုလိုပါတယ်။
မကောင်းတဲ့ မိတ်ဆွေ၊ ကောင်းတဲ့ မိတ်ဆွေဆိုတာ ခွဲခြားဖို့တော့ တော်တော်ခက်မယ်နော်။ အပေါ်ယံ အသွင် အပြင်ကြည့်ပြီးတော့ ပြောလို့ မရသလို၊ အချိန်ကာလနဲ့လည်း သတ်မှတ် ဆုံးဖြတ်လို့ မရဘူး။ အထူးသဖြင့် လူတွေပေါ့။ လူ့စိတ်ဆိုတာ မျောက်စိတ်လို့ပဲ ဆိုရိုးရှိလို့။ အရိယာ မဖြစ်သေးတဲ့ ပုထုဇဉ် တစ်ယောက်ရဲ့ စိတ်ဟာ အခုကောင်းပေမယ့် ခဏနေကောင်းတတ်တာ မဟုတ်ဘူး။ အခု မကောင်းပေမယ့် စိတ်ပြောင်းသွားပြီး ခဏနေကောင်းတတ်ပြန်တယ်။ ပြဒါးတိုင် တစ်ခုလိုပဲ အတက်အကျ သိပ်မြန်တယ်။ သိပ္ပံပညာ တိုးတက်လာရင် လူတွေ စိတ်နှလုံးကောင်းခြင်း၊ မကောင်းခြင်း အတက်အကျကို နဖူးမှာ digital လေးနဲ့ အမှတ်အသား ပြထားရင် အဆင်ပြေမယ်။
တစ်ရံရောအခါက ဘုရားရှင်လက်ထက်မှာ ရဟန်းအတူ ၀တ်ခဲ့ကြတဲ့ သူတော်ကောင်း မိတ်ဆွေနှစ်ယောက်တောင်မှ တစ်ယောက်က အရောင်အသွေး ပြောင်းသွားတဲ့အကြောင်း သာဓကလေး ရှိပါတယ်။ ရဟန်းတစ်ပါးကတော့ စာသင် စာချ ကိုယ်တော်ဆိုပါတော့။ ကျန်တစ်ပါးကတော့ သပိတ် သင်္ကန်းလွယ်ပြီး တောထဲဝင်လို့ ၀ိပဿနာ ကျင့်ကြံအားထုတ် တဲ့ ၀ိပဿနာ ကိုယ်တော်ပေါ့။ ၀ိပဿနာ ကိုယ်တော်က ရဟ္တာဖြစ်သွားပြီးတဲ့အပြင် သူ့ဆီမှာ တပည့်ခံတဲ့ ရဟန်း တွေလည်း တစ်သုတ်ပြီးတစ်သုတ် ရဟ္တာတွေ ဖြစ်ကုန် သတဲ့။ စာပေကိုယ်တော်ကလည်း ထူးချွန်အောင်မြင်ပြီး ဆရာတစ်ဆူ ဖြစ်နေပြီ။ ၀ိပဿနာကိုယ်တော်က သူတပည့်တွေ ပြန်သွားတိုင်း မိတ်ဆွေစာပေ ကိုယ်တော်ကို နှုတ်ဆက်လိုက်ကြောင်း မှာတယ်။ ကြာတော့ စာပေ ကိုယ်တော်က မလိုတဲ့စိတ်နဲ့ ယှဉ်ပြိုင် အနိုင်ယူချင်စိတ်တွေ ဖြစ်လာတယ်။ သူတော်ကောင်းတွေတောင် မသိစိတ်နဲ့ အနိုင်ယူမှုကို ခံရတာပါ။ သူ့စိတ်ထဲမှာ ဒီဝိပဿနာ ကိုယ်တော်က ဘာမို့လို့ တပည့်တပန်းတွေ ဒီလောက် များပြီး ဘယ်လောက်တောင် တော်နေလို့လဲပေါ့။ တွေ့လို့ ကတော့ မေးခွန်းတွေမေးပြီး အရှက်ခွဲလိုက်မယ်ဆိုတဲ့ အကြံနဲ့ စောင့်မျှော်နေတယ်။
ဘုရားကသိတော့ “စာပေကိုယ်တော်” အပြစ် မရောက် အောင် ကြားဝင်ရတယ်။ စာပေကိုယ်တော်က ၀ိပဿနာ ကိုယ်တော် ရောက်လာတော့ မေးခွန်းမထုတ်ခင်မှာ ဘုရားက စာပေကိုယ်တော်ကို အရင်ဦးဆုံး မေးခွန်းတွေ တစ်ဆင့်ပြီး တစ်ဆင့် ထုတ်မေးတာ၊ မဂ်၊ ဖိုလ် အကြောင်း ရောက်တော့ စာပေကိုယ်တော် မဖြေနိုင်တော့ဘူး။ ဒီတော့မှ ဘုရားရှင်က ၀ိပဿနာ ကိုယ်တော်ကို လှည့်မေးတော် မူတယ်။ ၀ိပဿနာ ကိုယ်တော်က ရဟ္တာဆိုတော့ ဖြောင့်ဖြောင့်တန်းတန်း အခက်အခဲမရှိ ဖြေနိုင်တယ်။ စာပေကိုယ်တော်ဟာ ကောင်းကောင်း သဘောပေါက်သွားပြီး အပြစ်က လွတ်သွားတယ်။
စာရေးသူ ငယ်စဉ် သင်္ဘောလိုက်တုန်းက Chief Cook မြန်မာလိုတော့ “ချက်ကြီး” လို့ ခေါ်တဲ့ သင်္ဘော စားဖိုမှူးပါ။ သင်္ဘောတစ်စီးမှာ မြန်မာ E.O (လျှပ်စစ်အရာရှိ) တစ်ယောက်နဲ့ ကြုံရဆုံရ ဖူးခဲ့ပါတယ်။ သင်္ဘောသားတွေထဲမှာ မြန်မာ ၁၀ ဦးလောက် ရှိရာမှာ ဘိုလိုလည်လည် ပတ်ပတ် ပြောနိုင်တာ သူပဲရှိပါတယ်။ ကျုပ်တို့ သင်္ဘော သွားတက်တဲ့ အချိန်မှာ သင်္ဘောဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဆိုက်ကပ်ထားတာပါ။ ဥရောပမှာက ကိုယ့် ရေပိုင်နက်ထဲ ၀င်လာတဲ့ သင်္ဘောတွေကို စစ်ဆေးပြီး ကြံ့ခိုင်မှု မရှိရင် ဆိပ်ကမ်းအာဏာပိုင် တွေက ထွက်ခွာခွင့်မပေးဘူး။ ဒီတော့ ကျုပ်တို့ အသစ်ရောက်လာတဲ့ သင်္ဘောသားတွေ အတွက် စိတ်မကောင်းစရာပဲ၊ သင်္ဘော ပြင်ဆင်နေချိန် နယ်သာလန်မှာ လာအပန်းဖြေသလို ဖြစ်တော့တာပေါ့။
E.O ဟာ ကျုပ်တို့ မရောက်ခင် “ဘို” လိုတတ်တာ သူ တစ်ယောက်တည်းဆိုတော့ ဆရာကြီးနေရာမှာ အလိုလို ရောက်နေတာပေါ့။ ညောင်းရင်တောင် နှိပ်ပေးမယ့် သူနဲ့ ဘာနဲ့။ ကျုပ်တို့ အသစ်ရောက်လာတဲ့ အဖွဲ့က စုစုပေါင်း ခြောက်ယောက်။ ရောက်ရောက်ချင်း ဒီလူ အသိချင်ဆုံးက ကျုပ်တို့ ခြောက်ယောက်ထဲမှာ “ဘိုလို” ပြောနိုင်တာ ဘယ် နှယောက် ပါသလဲ ဆိုတာပါပဲ။ ကျုပ်ကိုမေးတော့ အသင့်အတင့်ပဲ တတ်ပါတယ်လို့ လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်ပါတယ်။ ဘယ်သူ့မဆို နှိမ်ချပြီး ပေါင်းတတ်တဲ့ ကျုပ်ကို သူခင်ရှာပါတယ်။ ကျုပ်တို့ မြန်မာလူမျိုးတွေ အတတ်ပညာ ဗဟုသုတ ရှာကြံကြရာမှာ ရည်ရွယ်ချက် နှစ်မျိုးရှိကြပါတယ်။ တစ်မျိုးကတော့ ရိုးရိုးကုပ်ကုပ်နဲ့ ကိုယ်သိချင်တာ တတ်ချင်တာလေးတွေ လေ့လာကြပါတယ်။ ဒုတိယတစ်မျိုးကတော့ စပြီး လေ့လာကတည်းက သူများကို ဆရာလုပ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ အဲ ကို E.O ကတော ဒုတိယ အမျိုးအစား ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောကလေးနဲ့ ဆိုပါတော့ဗျာ။ သူ ကူညီမယ်၊ ဒါပေမဲ့ အလိုက်သိပါ ဆိုတာမျိုးပေါ့။ ကျုပ်က အကူအညီ မတောင်းဘဲ အလိုက်သိတော့ သူ့အတွက် နည်းနည်းတော့ ထူးဆန်းသယောင်ပါပဲ။
မကြာခင် ပါကစ်္စတန် “သူကြီး” (သင်္ဘောကပ္ပတိန်ကို မြန်မာတွေအခေါ်) က အစည်းအဝေး ခေါ်ပါလေရော။ အစည်းအဝေးမှာ ပြောကြဆိုကြ ငြင်းကြခုံကြရတာ “ဘို” လို ဆိုတော့ ကျုပ်ရဲ့ အရေး အဖတ် အပြောတွေက ပေါ်သွားပါလေရော။ (ကျုပ်ကလည်း ခေတ်မကောင်းလို့သာ သင်္ဘောသား လုပ်ရတာ၊ အရည်အချင်းက ဘန်ကီမွန်းထက်သာတာ လူတွေ သိကုန်တဲ့သဘောပါ) နောက်ပိုင်းမှာ “ကို E.O ” တစ်ယောက် ကျုပ်ကို မကြည်တော့ ဘူးဗျ။ ဟန်တောင် သိပ်မဆောင်နိုင်ရှာတော့ သူ့ကို ကြိတ်ပြီးတော့တောင် သနားမိတယ်ဗျာ။
ကျုပ်ကလည်း ရှိသမျှလူကို ကြိုက်တာပြော၊ တတ် သမျှ ကူညီတတ်တော့ သင်္ဘောပေါ်မှာ မကြာခင် လူချစ် လူခင် များလာပါတယ်။ စားဖိုမှူးဆိုတော့ ပိုဆိုးတာပေါ့။ ဘယ်လောက်ထိအောင် ကူညီတတ်သူလဲဆိုတော့ ခင်ဗျား ကသာ ခွင့်ပြုရင် ဗိုက်ခွဲပြီး နှလုံးအစားထိုးကုပေးပါ ဆိုလည်း ကြားဖူးနားဝနဲ့ ၀န်ဆောင်မှုပေးလိုက်ဦးမှာ၊ အဲလောက်ထိ။ သူကြီးကလည်း သဘောကျတယ်ဗျာ။ (ရိက္ခာဖိုးထဲကနေ သူ ဖဲ့ဖဲ့စားနေတာ မသိချင်ယောင်ဆောင်ပေးလို့) တစ်ခါတလေ ရိတိတိ ပြောသေးတယ်။ ဘုရားသခင်ပြီးရင် စားဖို မှူးကြီးက ကျွန်တော့် ကျေးဇူးရှင်ပါတဲ့။ ဘုရှားသခင်ကို ကျေးဇူးတင်တာက သူ့ကို ဖန်ဆင်းပေးလို့ဖြစ်ပြီး၊ ကျုပ်ကို ကျေးဇူးတင်တာက ဘုရားသခင် ဖန်ဆင်းပေးတဲ့သူကို ကျုပ်က အဆိပ်ခတ်မသတ်လို့ ထင်ပါရဲ့ဗျာ။
သူကြီးကအစ သင်္ဘောသားတွေနဲ့ ခင်မင်ရင်းနှီးတာကို မလိုတမာ ဖြစ်နေရှာတာကတော့ “ကို E.O ” ကြီး ဖြစ်တယ်ဗျာ။ သူဟာ တဖြည်းဖြည်းနဲ့ အောက်လမ်းနည်းတွေ သုံးလာတာကို သတိထားမိတယ်။ သင်္ဘောသားတွေထဲက ဦးနှောက်သိပ်မရှိသူတွေကို စည်းရုံး သွေးဆောင် တယ်။ ကျုပ်တို့ စားဖိုဆောင်ကိုလည်း ဖြုစ် ခဏခဏပြတ်ပြီး မီးခဏခဏ ပျက်အောင် လုပ်တယ်။ ကျုပ်က သူကြီးဆီက ခွင့်တောင်းပြီး အမ်စတာဒမ်မြို့ထဲက လျှပ်စစ်သမားကို ခေါ်ပြီး “ကို E.O” နှောင့်ယှက်လို့ မရအောင် စနစ်တကျ လုပ်လိုက်တော့ “ကို E.O” မကျေမချမ်းနဲ့ လက်လျှော့သွားရတယ်။
ကျုပ်ကတော့ သူ့အပေါ် ပုံမှန်ပါပဲ။ စားဖိုမှူး (ချက်ကြီး) ဆိုတာ သင်္ဘောဆိပ်ကမ်း တစ်ခုကို ကပ်တိုင်း ကုန်းပေါ်တက် မြို့ထဲသွားပြီး ဈေးဝယ်ရသူပါ။ ဒါကြောင့် လူတိုင်းမှာကြတဲ့ ပစ္စည်းတွေကို စာရင်းမှတ်ပြီး ၀ယ်လာပေးရပါတယ်။ ကျုပ်က “ကို E.O” မှာတဲ့ ပစ္စည်းတွေအပြင် အပိုလေးတွေတောင် ၀ယ်လာပေးလိုက်သေးတယ်။ ဒီလို လုပ်လေ သူ့ ခမျာ ငိုမဲ့ငိုမဲ့ ဖြစ်လေပေါ့။ ကျုပ်က သူ့အပေါ် စိတ်ကောင်းထားပြီး သူက ကျုပ်အပေါ် စိတ်ယုတ်မာ မွေးနေတာ သေချာပေါက် သိတဲ့သူ နှစ်ယောက်တော့ရှိတယ်။ သူနဲ့ ကျုပ်ပေါ့ဗျာ။ သူ့ရဲ့ အတွေးထဲမှာ သူဟာ ဟန်မဆောင်တတ်သူ ဖြစ်ပြီး ကျုပ်က ဟန်ဆောင်တတ်သူ၊ သူတော်ကောင်းယောင် ဆောင်သူ ဖြစ်နေပြီး၊ မချိတင်ကဲ ဖြစ်နေပုံရတယ်။

ကောင်းတဲ့မိတ်ဆွေ
ကောင်းတဲ့မိတ်ဆွေဆိုတာ တော်တော် ရှားတယ်ဗျာ။ စီးပွားရေးသမား မိတ်ဆွေ၊ ဖဲသမား မိတ်ဆွေ အရက်သမား မိတ်ဆွေ၊ ဘိန်းစားမိတ်ဆွေ၊ နိုင်ငံရေးသမား မိတ်ဆွေ၊ ဘာသာရေး မိတ်ဆွေဆိုပြီး မိတ်ဆွေပေါင်း မြောက်မြားစွာ ရှိတဲ့အနက်မှာ စိတ်အချရဆုံးက အပေါ်ယံ မဟုတ်ဘဲ နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနေတဲ့ ဘာသာရေး မိတ်ဆွေ လောက်ပဲ ရှိပါတယ်။ စီးပွားရေးသမား မိတ်ဆွေက ဘယ်လောက်ခင်ခင် စီးပွားရေး ဂွင် (ခွင်) တစ်ခုနဲ့ တွေ့ရင် ထားပစ်ခဲ့သလို၊ ဖဲသမားမိတ်ဆွေကလည်း ဖဲဝိုင်းနဲ့တွေ့ရင် သူငယ်ချင်းကို ထားခဲ့မှာပဲ။ အရက်သမား မိတ်ဆွေကလည်း မူးနေတဲ့ သူငယ်ချင်းကို ထမ်းပြီး အိမ်ပြန်ပို့မှာ ဖြစ်ပေမယ့် လမ်းမှာ အရက်ဝိုင်းကောင်းကောင်းနဲ့ တွေ့ရင် သူငယ်ချင်းကို ပစ်ချခဲ့မှာပဲ။
ဘိန်းစားမိတ်ဆွေကတော့ အစကတည်းက မျှမျှတတ ရှူမယ်၊ မတရား မလုပ်ဘူး၊ နောက်ပိုင်း ချီ(ဂျီ) မကျနဲ့ သူ့စည်းစိမ် အပျက်မခံဘူး။ နိုင်ငံရေးသမားမိတ်ဆွေ ကတော့ လုံးဝ အလစ်ပေးလို့ မရတဲ့ မိတ်ဆွေမျိုးပဲ။ ဘာသာရေးစစ်စစ် မိတ်ဆွေကတော့ ရှားတယ်နော်။ ပေါင်းသင်း ဆက်ဆံရေးမှာ ကိုယ် ဘာရမလဲဆိုတာ မကြည့်ဘဲ ကိုယ် ဘာပေးရမလဲ အမြဲကြည့်သူတွေ ဖြစ်ပါ တယ်။
ကျုပ် ရဖူးတဲ့ သင်ခန်းစာကတော့ မိတ်ဆွေနဲ့ ပတ်သက်ရင် အပေါ်ယံကြည့်ပြီး အကဲဖြတ်လို့ မရပါဘူး။ ဒါကို ပြောချင်တာပါ။ ကျုပ်တို့ သင်္ဘောမှာ ဒီတစ်ခေါက် ပါလာတဲ့ လူမျိုးက မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ ဘင်္ဂလားဒေ့ရှ်၊ လေးမျိုးပါပဲ။ ရုရှားကတော့ တစ်ယောက်တည်းပါ။ သူ့ကြည့် ရတာ သဘောကောင်းပုံ ပေါက်ပေမယ့်၊ သူလို အသားမဖြူတဲ့ ကျုပ်တို့တစ်တွေနဲ့ ရောရောနှောနှော မနေတတ်ဘူးဗျာ။ ကျုပ်အပေါ်မှာ မြန်မာတွေကလွဲလို့ ဘယ်သူမှ ချေးချွတ် မများကြဘူး။ မြန်မာတစ်ယောက် အပေါ်မှာ ပြဿနာရှာပြီ ဆိုရင် မြန်မာကလွဲပြီး ဘယ်လူမျိုးမှ မဖြစ်ဘူး စိတ်သာချ။ ကျန်တဲ့ လူမျိုးတွေ မကြိုက်ကြတဲ့ ကြက်ဖင်ဆီဘူး၊ တောင်ပံ၊ အရေခွံ၊ စတာတွေကို ကျုပ်က အညာတောချက်လေးများ ချက်ပေးပြီး ဖယ်ထားတယ်ဆိုရင် ကျုပ်တောင် မစားလိုက် ရဘူး။ ငါးပိရေကျို စားချင်တယ်ဆိုလို့ ငါးကို အလုံပိတ် အပုပ်ခံပြီး ရွှေမြန်မာတွေကို လုပ်ကျွေးခဲ့ဖူးပါတယ်။ ငါးပိရေကျိုဆိုတာ တကယ်တော့ ငါးပုပ်ပဲ။ ဒီငါးပုပ်ကြီး ကျွေးတဲ့လူက ကျွေး၊ စားတဲ့သူက စား၊ သူကြီးများ တွေ့သွားရင် ကျုပ်အလုပ်ပြုတ်မှာ။
ဒါပေမဲ့ ငါးပိရေကျိုနဲ့ မပြုတ်ဘဲ “ကို EO” အရက် တိုက်ပြီး မြှောက်ပေးလို့ ဦးနှောက်မရှိတဲ့ ရွှေသင်္ဘောသား နှစ်ယောက် လုပ်တာ ကျုပ်တင်မကဘဲ သူကြီးကော သင်္ဘောကုမ္ပဏီကော ပြုတ်မယ့်ကိန်း ကြုံရခဲ့တယ်ဗျာ။ ဒီလိုဗျာ။ ကျုပ်က နောက်တစ်နေ့ချက်ဖို့ အအေးခန်းထဲက အသားတွေကို ညဦးဘက်မှာ စက်ပိတ်ထားတဲ့ လျှပ်စစ်မီးဖိုကြီး (Oven) ထဲမှာ အရည် ပျော်အောင် ထည့်ထားခဲ့ရတယ်။ မီးပိတ် မိန်းချခဲ့ရတာပေါ့။ ဒါပေမဲ့ ကျုပ်ရဲ့ အကျင့်အတိုင်း ညအိပ်ရာမ၀င်ခင်မှာ တစ်ခေါက် မီးဖို စစ်ဆေးရေး လုပ်လိုက်တော့ မထိတ်သာ မလန့်သာ မီးဖိုထဲက မီးခိုးတွေ အူထွက်နေတာ တွေ့ရတယ်ဗျာ။ မီးဖိုထဲက သိုးပေါင်းကြီးက အကင်ဖြစ်သွားတာပေါ့။ မီးဖိုမီးက ပွင့်နေတယ်။ တကယ်လို့ ကျုပ်သာ မတွေ့ရင် သင်္ဘောတစ်စီးလုံး မီးလောင်မယ့်ကိန်း။ ဒါ ကျုပ်ကို အလုပ်ပြုတ်အောင် လုပ်တာဆိုတာ သိလိုက်ပြီး ရုရှား (စက်ချုပ်အဆင့် ၂) ဆီကို ဖုန်းဆက်လိုက်တယ်။ သူ့ကို ခေါ်တာ အကြောင်းရှိပါတယ်။ ကျုပ်က မီးဖို သိမ်းဆည်းပြီး မီးခလုတ်တွေ ပိတ်တဲ့အချိန်မှာ မျက်မြင် သက်သေ (Alibi) အဖြစ် သူ ရှိနေတယ်။ သူက ကျုပ်ကို နှုတ်ဆက်ပြီး သိမ်းပြီလားလို့တောင် မေးတယ်။ ကျုပ် ဖုန်းဆက်တော့ သူချက်ချင်း မီးဖိုကို ဆင်းလာပြီး အတည်ပြုတယ်။
အတိုချုံးပြောရရင် ဒီကိစ္စက (ရွှေမြန်မာများ လုပ်ပုံက မဟုတ်တော့) သင်္ဘောကို မီးရှို့မယ့် ပြဿနာ ဖြစ်သွားပြီး သူကြီးက အစည်းအဝေးခေါ်ရတယ်။ သူကြီးက ယောက်ျား ဆိုရင် ဘယ်သူလုပ်တယ်ဆို တာဝန်ခံဆိုပြီး ခိုင်းတော့ ၀န်ခံမယ့်သူ မရှိဘူး။ ကျုပ် မီးဖိုသိမ်းအပြီး အချိန်က သင်္ဘောပေါ်ကို မြို့ထဲက လည်ပတ်ပြီး ပြန်လာတဲ့ စာရင်း လည်း စစ်တယ်။ ရွှေမြန်မာတွေ တစ်ရှက်က နှစ်ရှက်ရတယ်။ ကျုပ်ကတော့ အေးအေးဆေးဆေး ပါပဲ။ ရုရှားစက် ၂ က ကျုပ်ကို ပြဿနာရှာရင် သူ ကျုပ်ရှေ့က အလုပ်ထွက်မယ် ပြောပါတယ်။
ဇာတ်ရည်လည်လာတာက ကျုပ်ကို အလုပ်ပြုတ်အောင် လုပ်သူက ကျုပ်ရဲ့မိတ်ဆွေ တစ်နိုင်ငံသားချင်းဖြစ်တဲ့ “ကို EO”၊ ကျုပ်ဘက်က ပြတ်ပြတ်သားသား ရပ်တည်ပေးတဲ့ သူက ကျုပ် သိပ်ကြည့်မရတဲ့ ရုရှားလူမျိုး ဖြစ်နေတာပါပဲ။ (ကျုပ်လက်ရာထဲမှာ အာလူးသုပ်နဲ့ ငါးသေတ္တာသုပ်ကို သူ အလွန်နှစ်သက်တာတောင် သတိရမိတယ်)
ခုနက ရုရှားလိုပဲ “မိုးမိုး” ဆိုတဲ့ မိတ်ဆွေတစ်ယောက် ကြုံရဖူးတယ်။ အစပိုင်းမှာတော့ သူဟာ ကျုပ်အပေါ်မှာ တစောင်းစေးနဲ့ မျက်ချေး သဘောထားတာ၊ ကျုပ် ဘယ်လောက် ကောင်းအောင် လုပ်လုပ် (မြှောက်ပေးတဲ့ သူတွေကြောင့်) အကောင်း မထင်ဘူး။ ကြားစကားကြောင့် အထင်လွဲသူ မိတ်ဆွေများကို ဖြေရှင်းမပြတတ်တာ ကျုပ်အကျင့်ပါပဲ။ ကျုပ်က သူ့လို မဟုတ်ဘဲ ဘယ်သူ သွေးထိုးထိုး သူ့စိတ်ရင်းကောင်းတာကို ယုံကြည်ချက်လုံးဝ မပျက်မိဘူး။ ဒီအကြောင်းကြောင့် တစ်ချိန်မှာ “ကိုမိုးမိုး” တစ်ယောက် ကျုပ်ကိုထိရင် ဓားကြည့်ဆိုတဲ့ အထိ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာကော သစ္စာကော ထားခဲ့ကြတဲ့အထိ အကျိုးတရားအဖြစ် ပေါ်ပေါက်ဖူးတယ်ဗျာ။

No comments:

Post a Comment