ပါရမီဖြည့်ဖက် မှ MSUသို့ ပေးပို့ ပါသည်။
 
 ကျမလည်း အချို့ comment တွေကိုဖတ်ပြီး MSU ကို စာတွေမပို့တော့ဘူးလို့ 
ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒါပေမယ့် အရက်သမား တွေလိုဘဲ ” ဒီအချိန်ရောက်ရင် 
ငါ့စိတ်တွေ ဖောက်ဖောက်လာတယ် ”။ စနေနေ့ည အိပ်ယာဝင်ပြီဆိုရင် မနေနိုင်တော့ဘူး။
 အဲဒီစိတ်က ကျွန်မကို တော်တော်အိပ်ရေးပျက်စေပါတယ်။ နောက်ဆုံးတော့ သူဘဲ 
အနိုင်ရသွားပါတယ်။ ဒါကြောင့် MSU ရေ ထပ်ပို့လိုက် ပြန်ပြီနော်။ 
 
 
ဒီတခါရေးချင်တာကတော့ သင်္ဘောသားမိသားစုတိုင်းကြုံဖူးမည့် 
အခက်အခဲတစ်ခုအကြောင်းပြောချင်ပါတယ်။ ဘာလဲဆိုတော့ ရာထူးတိုး စာမေးပွဲ ကို 
ဖြေနေစဉ်ကာလအတွင်း တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေပါ။
 
 ကျွန်မတို့ 
လင်မယားနှစ်ယောက် အဲဒီကာလမှာ အရမ်းရန်ဖြစ်ခဲ့ပါတယ်။ 
ဘာကြောင့်လဲဆိုတော့ပိုက်ဆံကြောင့်လို့ ပြောရင်ရပါတယ်။ တော်တော် လေးကို 
တော်ခဲ့တဲ့ ပါရမီဖြည့်ဖက်နော်။ 
 
 ကျွန်မတို့ ကလေးနှစ်ယောက်ရပြီး သူ
 စာမေးပွဲတစ်ခုဖြေခဲ့ပါတယ်။ စာမေးပွဲအောင်ဖို့ အတွက် ၂ နှစ်ကျော်ကျော်လောက်
 အချိန်ယူခဲ့ရပါတယ်။ ကျွန်မရဲ့ လခနဲ့ လည်း အသုံးစရိတ်အားလုံးအတွက် 
မလောက်နိုင်။ အခြားစီးပွားရေးလည်း မရှိ။ သင်္ဘောမလိုက်တာ ၂ နှစ်နီးပါးလောက် 
ကြာတော့ ပိုက်ဆံအိတ်က တော်တော်ပိန်နေပြီပေါ့။ အမှန်အတိုင်း ပြောရရင် 
ပိန်တာမဟုတ်ပါဘူး ပြားပြီး မရှိတော့တာပါ။ 
 
 ကျွန်မအနေနဲ့ 
ပိုက်ဆံအတွက် ပူစရာမလိုဘူးလို့ ထင်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ 
အတူနေမိဘများက ကျွေးထားတော့ စားစရိတ်နေစရိတ် မပူရဘူး။ နောက်တဖက် မိဘများက 
ပိုက်ဆံကို အတိုးမဲ့ ချေးပေးထားတော့ အခြားပြသနာတွေလည်း ဖြေရှင်းနိုင်တယ်။ 
သူစာမေးပွဲအောင်ရင် သင်္ဘောပြန်လိုက်မယ်။ ဒါဆိုရင် မိဘဆီကယူထားတဲ့ 
ပိုက်ဆံတွေလည်းပြန်ဆပ်နိုင်မယ်ပေါ့။ ဒါက ကျွန်မ ရဲ့ အတွေး။
 
 သူ့ 
အတွေးထဲမှာက စာမေးပွဲအတွက် stress တွေ၊ ပိုက်ဆံတွေ ချေးပြီးသုံးနေရတဲ့ 
အတွက် လည်း သူ စိတ်ပူနေတယ်ထင်ပါတယ်။ သူက အသက်ပိုကြီးတော့ 
ပိုစဉ်းစားလို့နေမှာပေါ့။  တခါတလေ သူ့စိတ်တွေ မကြည်မလင်ဖြစ်နေမှာပေါ့။ 
ဒါတွေ ကျွန်မနားမလည် ခဲ့ပါဘူး။ ဒါကြောင့် တခါတလေ အကြောင်းအရာ ဘာမှ 
မဟုတ်ဘဲနဲ့ အကြီးအကျယ်စကားများတာမျိုး၊ ကလေးတွေနဲ့ ပတ်သက်ပြီး 
စကားများတာမျိုး၊ ခေါင်းစဉ်ပေါင်းများစွာ အောက်မှာ 
အပြိုင်ရန်ဖြစ်ခဲ့ကြပါတယ်။ တခါတလေ တညလုံး မအိပ်ရဘဲ ငိုခဲ့ရတဲ့ ရက်တွေတောင် 
ရှိပါသေးတယ်။ ခဏခဏရန်ပြီးလွန်းလို့ ကလေးနှစ်ယောက်ခေါ်ပြီးအိမ်ပေါ်ကဆင်းမယ် 
တောင်ပြောလိုက်မိသေး တယ်။ ပါရမီဖြည့်ဖက် တို့များ တော်ချက်.... 
 
 
ဒီလိုနဲ့ ကျွန်မရဲ့ မိဘ၊ မောင်နှမ တွေနဲ့ တွေ့ဆုံပွဲလေးတစ်ခု 
သွားဖြစ်ခဲ့ပါတယ်။ အဲဒီပွဲလေးကို မသွားခင်လမ်းမှာ လင်မယားနှစ်ယောက် 
စကားများခဲ့ကြပါတယ်။ အဲဒီလိုနဲ့ ပွဲကိုရောက်တော့ ရန်ဖြစ်ပြီးခါစ ဆိုတော့ 
မျက်နှာတွေ ပျက်နေမှာပေါ့။ ကျွန်မကလည်း ဟန်ဆောင်ထားပေမယ့် ကိုယ့်အစ်ကို၊ 
ကိုယ့် အမေအဖေတွေ ဆိုတော့ သူတို့လည်း သိမှာပေါ့။ နောက်နေ့ ကျတော့ ကျွန်မ 
အစ်ကို နဲ့ဖုန်းပြောဖြစ်တော့ နင်တို့ မနေ့ကရန်ဖြစ်ထားကြတာလားတဲ့။ 
ရုပ်တွေကသိသာနေတယ်တဲ့။ အဲဒါနဲ့ ကျွန်မလည်း ဟုတ်တယ် ကိုကိုရေ သမီးတို့ 
အခုတလော အရမ်းရန်ဖြစ်နေကြတယ်။ ဘာဖြစ်လို့လည်း မသိဘူးလို့ ပြောတော့ ။ 
 
 သူပြန်ပြောလိုက်တဲ့ စကားတွေက ကျွန်မအတွက် အရမ်းအထောက်အကူ 
ဖြစ်သွားခဲ့ပါတယ်။ ကျွန်မအစ်ကို က ” ဒီလိုအချိန်မှာ မှာ 
ညီမလေးကအရမ်းသတိထားရမယ်။ ဒီအချိန်မှာ သူက stress တွေများပြီး depression 
ဝင်နေတာမျိုးလည်း ဖြစ်နိုင်တယ်။ တတ်နိုင်သလောက် ကိုယ်က အလျှော့ပေးရမယ်၊ 
အပြိုင်ရန်ပြန်ဖြစ်ဖို့ မကြိုးစားနဲ့တဲ့။ ” သူက ယောင်္ကျားချင်းဆိုတော့ 
ပိုမြင်တယ်ထင်တယ်။ ကျွန်မ ခေါင်းထဲမှာ လင်းကနဲ ဖြစ်သွားသလို ခံစားရတယ်။
 
 ကျွန်မ စိတ်ထဲမှာ ” သူသည် စာမေးပွဲကို အောင် အောင်ဖြေနိုင်မည့်သူ၊ 
အချိန်တန်ရင် ဒီပိုက်ဆံ ပြသနာ ပြေလည်သွားမယ် လို့ ” ယုံကြည်ထားပြီးသား။ 
ကျွန်မ သူ့ကို ဒီလောက်ယုံကြည်ထားတာကို လည်း သူသိလိမ့်မယ်လို့ လည်း ကျွန်မ 
ယူဆခဲ့တယ်။ ဒါပေမယ့် သူက ” ငါ့ မိန်းမက ငါ့ကို ယုံကြည်အားကိုးတဲ့ မိန်းမ 
လို့ ” သူ မယူဆခဲ့ဘူး။ ကျွန်မလခထဲက ခွဲသုံးနေရတာ ဘ၀ ဆိုတော့ ယောင်္ကျားမာနကို
 ထိခိုက်နေမှာပေါ့။ အဲဒီလို depression ၀င်နိုင်တယ်ဆိုတာတွေကို ကျွန်မ 
နားမလည်ခဲ့ဘူး။ 
 
 နားလည်လိုက်တဲ့ အချိန်မှာ ရန်တွေ 
တော်တော်ဖြစ်ခဲ့ပြီးပါပြီ။ အဲဒီနောက်ပိုင်းတော့ ကျွန်မတတ်နိုင်သလောက် 
ရှောင်ပါတယ်။ ရန်ဖြစ်တာ တော်တော်လေး နည်းသွားခဲ့ပါတယ်။ 
မရှောင်နိုင်တော့လည်း ဖြစ်ကြပြန်ရောပေါ့။ ဒီလိုနဲ့ဘဲ ကျွန်မတို့ 
ဒီနှစ်ပိုင်းလေးကို ရန်ဖြစ်ရင်းနဲ့ဘဲ အောင်မြင်စွာ ဖြတ်သန်းခဲ့ပါတယ်။ 
 
 ဒါက ကျွန်မ အတွေ့အကြုံ ပါးပါးလေးပါ။ ကျွန်မထက် ပိုဆိုးတဲ့ မိသားစုတွေ 
ရှိနိုင်ပါတယ်။ ကျွန်မက နှစ်ဖက်မိဘရဲ့ အကူအညီ အများကြီးရခဲ့တာပါ။ 
ကျွန်မတို့လို မိဘအကူအညီ မယူနိုင်ဘဲ ခက်ခက်ခဲခဲ ဖြတ်သန်းရတဲ့ ဘ၀တွေ 
အများကြီးရှိနိုင်ပါတယ်။ ဒါကြောင့် အဲဒီလိုတစ်ကွေ့ ကတော့ သင်္ဘောသားမိသားစု 
တိုင်းကြုံတွေ့ ကြမှာပါ။ တချို့ အစ်မတွေဆို အရမ်းတော်ပါတယ်။ ပိုက်ဆံ အတွက် 
မပူရအောင် စုစုဆောင်းဆောင်းလေးနဲ့၊ ယောင်္ကျားကို စိတ်အေးလက်အေးစာမေးပွဲ 
ဝင်နိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မကြုံခဲ့ရတဲ့ အတွေ့အကြုံ 
လေးနဲ့ ရခဲ့တဲ့ အသိတရား ကတော့ ” ညီမလေးတို့ ပိုက်ဆံများများစုပါ။ စာမေးပွဲ 
ဖြေချိန်မှာ တတ်နိုင်သလောက် သူတို့ကို ခွင့်လွှတ်ထားပေးကြပါ။ နောက်မှ 
သူရှာသမျှ ပိုက်ဆံတွေကို ကောင်းကောင်းသုံးပေးလိုက်ကြပါ ” လို့ 
ပြောချင်ပါတယ်။ 
 
 Credit to ပါရမီဖြည့်ဖက်

 
 
No comments:
Post a Comment