The Voice Weekly
 
 
 
 ရန်ကုန်၊ စက်တင်ဘာ ၁၃
 
 ကမ္ဘာ့ရေကြောင်းတက္ကသိုလ် (WMU) နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာ 
တက္ကသိုလ်တို့ အီလက်ထရွန်နစ် နည်းပညာသင်ယူမှု ပူးပေါင်းလုပ်ဆောင်ရန် နားလည်မှု
 စာချွန်လွှာ (MoU) ရေးထိုးပွဲကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဆီဒိုးနား 
ဟိုတယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်း ပညာ 
တက္ကသိုလ်ထံမှ စုံစမ်းသိရှိရသည်။
 
 
မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်တွင် သတင်းအချက်အလက်နှင့် 
ဆက်သွယ်ရေးနည်းပညာ အသုံးချပညာရေး မြှင့်တင်မှုအတွက် အီလက်ထရွန်နစ် နည်းပညာ 
သင်ယူမှုနှင့် သင်ကြားရေး စီမံခန့်ခွဲမှုကို ဆွီဒင်နိုင်ငံအခြေစိုက် 
ကမ္ဘာ့ရေကြောင်း တက္ကသိုလ်နှင့် ပူးပေါင်းခြင်းသည် ပထမခြေလှမ်း ဖြစ်ကြောင်း 
ရေကြောင်းပညာ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ကပ္ပတိန် ဦးကျော်ဇေယျက ဆိုသည်။
 
 အီလက်ထရွန်နစ်ဆိုင်ရာ ရှေ့ပြေးသုတေသန ဆောင်ရွက်ချက်ကို ၂၀၁၃ ဇွန်လတွင် 
လုပ်ဆောင်ခဲ့ပြီး လက်တွေ့လေ့လာ ဆန်းစစ်ချက်များကို သြဂုတ်လတွင် 
ကမ္ဘာ့ရေကြောင်းတက္ကသိုလ်မှ ပညာရှင်များက လာရောက် အကဲဖြတ်ခဲ့ရာတွင် 
အောင်မြင်မှုရလဒ်များ ရှိခဲ့ခြင်းကြောင့် ပညာရေး ပူးပေါင်းရန် 
နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
 
 လက်တွေ့ သင်္ဘောလိုက်သည့်အခါ ဘာသာစကား အခက်အခဲ ရှိသောကြောင့် 
လက်တွေ့လုပ်ငန်းခွင်ကိစ္စများ သင်ကြားပေးနိုင်သည့် ဆရာများ လိုအပ်ကာ 
နိုင်ငံတကာ အဆင့်မီ သင်ကြားရေးနှင့် နည်းစနစ်များ၊ သင်ထောက်ကူပစ္စည်းများ 
လိုအပ်ကြောင်း ပင်လယ်ပြင် လုပ်သက် တစ်နှစ်ခန့်ရှိသူ ရေကြောင်းပညာ 
တက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်းသားတစ်ဦးက ပြောကြားသည်။
 
 
ကမ္ဘာ့ရေကြောင်း တက္ကသိုလ် (WMU) သည် ကမ္ဘာ့ကုလသမဂ္ဂ၏ ရေကြောင်းဘက်ဆိုင်ရာ 
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ ကြီးကြပ်မှုဖြင့် ၁၉၈၃ ခုနှစ်တွင် 
စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
 
 နော်ဝေ၊ အိန္ဒိယ၊ 
သြစတြေးလျနိုင်ငံတို့နှင့် ပညာရေး ပူးပေါင်းလျက် ရှိပြီး မြန်မာနိုင်ငံ၌ 
ကိုရီးယား ရေကြောင်းတက္ကသိုလ် လာရောက် ဖွင့်လှစ်နိုင်ရန်လည်း စီစဉ်လျက် 
ရှိကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

 
 
No comments:
Post a Comment