Tuesday, November 26, 2013

မနက်ဖြန်တစ်ခုမှာ သားပြန်လာခဲ့ပါ့မယ်။

မနက်ဖြန်တစ်ခုမှာ သားပြန်လာခဲ့ပါ့မယ်။
======================

ပျံသန်းတတ်စမှာ လေဟုန်စီးချင်ရုံ သက်သက်နဲ့
ပင်လယ်ထဲ ထွက်ခဲ့တာ မဟုတ်ပါဘူး၊
မေမေ့ ကျေးဇူး ဖြူစင်စွာဆပ်ခွင့်ရဖို့ . . .
သားချော့တေးနဲ့ဝေးတဲ့ အရပ်ကို ရောက်သွားတာပေါ့။

သန့်ရှင်းတဲ့ ချွေးနဲစာအတွက်
အရသာခံ မမှားတတ်တဲ့ သားရဲ့လျှာမှာ
မြက်ရိုင်းတွေ အုံကျင်းဖွဲ့စမ်းပါစေ . . .
ကြယ်တွေမလင်းတဲ့ လမိုက်ညတွေမှာတောင်
လမ်းစ မပျောက်ခဲ့ပါဘူး။

အပြုံးတုနဲ့ လူတွေရဲ့ကြားမှာ
ရိုးသားမှုတွေ စီရရီခင်းကျင်း
ခေါင်းမာတတ်နေသေးတဲ့
သား . .အင်္ကျီဖြူဖြူမှာ အရောင်တွေ ပေစွန်းမခံခဲ့ဘူး မေမေ။

ဒီလို
သုညတစ်လုံး သတ်ပုံမမှားနိုင်အောင်
ရိုးသားမှုနဲ့ခုခံခဲ့သမျှ
နည်းနည်းတော့ ခါးသက်တာပေါ့ မေမေရယ်။

ခုများတော့လေ . . လရိပ်အောက်မှာ ရပ်ငေး
ဟိုး အဝေးက မေမေ့ဆီမှာရော လသာရဲ့လား။
အတွေးတွေဖြာစီး အိမ်အိုလေးရဲ့ ပြူတင်းဝကိုလွမ်းတယ်။
ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ သားငယ်ငယ်ကကြားဖူးခဲ့တဲ့
မေမေ့ အသံတွေ ပြန်သစ်လွှင်ခဲ့ . . .
ဒီညစာတွေမှာ ဖိုးလမင်းဖန်ဆင်းမှု မပါတာ သေချာပါတယ်။

လက်ညိုးညွှန်ရာ ရေဖြစ်သူတွေ မဟုတ်ကြလေတော့
သားတို့ ချွေးစက်တွေနဲ့ ရေချက်ကြရတဲ့အကြောင်း
လုံလုံခြုံခြုံ ဖုံးကွယ်ထားနိုင်ခဲ့တယ်။

အလျင်လိုပေမဲ့ . . သား လမ်းအိုပဲ လိုက်ခဲ့ပါတယ်
အိမ်ကလေးရဲ့အဝေးမှာ အလွမ်း “မင်းသားကြီး” ဖြစ်လို့ပေါ့ . . .
ဥသြဆွဲသံကြားမှ ဒါ . . . သင်္ဘောပါလားအသိနဲ့
မေမေ ကတော့ ကုန်ဈေးနှုန်းတွေနဲ့ အန်တုနေနိုင်ဆဲ
သားကတော့ ချက်ခ်လစ်စ် တွေနဲ့ လုံးထွေးနေရဆဲလေ။

ရာသီတွေ တစ်ခုပြီးတစ်ခုပြောင်း
အရာရာ ဟောင်းနွမ်းခဲ့ပေမယ့် . . .
ရပ်ဝေးရောက်သားလေးအတွက် ဆုတောင်းပေးမယ့် မေမေ့ရဲ့အသံ
အကြိမ်ကြိမ် လွှင့်စင် သစ်လွှင်နေဆဲ။

သားလေးကျောခိုင်းမှုတွေ ဒီနေ့ထိ မျက်ရည်လည်ဆဲပါ။
ခုတော့ . . အပြောကျယ်လှတဲ့ သမုဒ္ဒရာပြင်ထဲ
မိုးကုတ်စက်ဝိုင်းအလွန် အဝေးတစ်နေရာကို မျှော်ငေး
အဲဒီမှာ . . မေမေ့မျက်နှာကိုပဲ မြင်နေမိတယ်။

လေအေးစက်မရှိတဲ့ မေမေ့ရင်ခွင်မှာ
တစ်ပါးသူအတွက် မဟုတ်ပေမယ့်
သားအတွက်တော့ အမြဲ အေးစိမ့်လျက်ဆိုတာ သိပါပြီ။

သင်္ဘော ဥသြသံကြားတိုင်း အိပ်ရာက လန့်နိုးတတ်လာပြီး
မေမေကြိုနေမယ့် ရန်ကုန်လေဆိပ်ရဲ့ ပြည်ပဆိုက်ရောက်နေရာလေး . . .
မျက်လုံးထဲ ပြေးဝင်လာတယ်။

သန်းခေါင်ထက် ညဥ့်နက်ပါစေ . . .
နံနက်ခင်းကို မှန်းမျှော်ရင်း
သားလေ ဖြေသာနေတတ်ပါပြီ။
အဲဒီကောင်းကင်မှာ တိမ်တွေက လှလိုက်တာမေမေရယ်။

သားစိုက်ပျိုးထားသမျှ၊ တူတူမြိန်ယှက် စားသုံးကြဖို့
မေမေ့ရင်ဘတ်မှာလဲ တောရိုင်းအရိပ်တွေ ဟပ်နေပြီဆိုတော့
မနက်ဖြန်တစ်ခုမှာ သားပြန်လာခဲ့ပါ့မယ် . . .
မနက်ဖြန်တစ်ခုမှာ သားပြန်လာခဲ့ပါ့မယ် . . .
မနက်ဖြန်တစ်ခုမှာ သားပြန်လာခဲ့ပါ့မယ် . . .

(၀န်ခံချက်။ အယ်လ်စေတန်၏ ကဗျာအား ကူးယူ ပြုပြင်ထားသည်၊ မူရင်း ရသ ပျက်ယွင်းမှု အပေါ် အယ်စေတန်အား တောင်းပန်အပ်ပါသည်။)

Credit Min Thar Gyi

No comments:

Post a Comment