သဘက်ခါတစ်ခုမှာ . . . ကိုပြန်လာခဲ့ပါ့မယ်
 =========================
 
 လောကဓံ လှိုင်းတံပိုးတွေ
 ချစ်သူနား မသီနိုင်စေဖို့
 ကြောင်တစ်ကောင်လို ရေကြောက်တတ်တဲ့
 ကို . . ပင်လယ်ပြင်ကြီးကိုလဲ မကြောက်တော့ပါဘူး။
 ချစ်သူနားမှာ လေညှင်းလေးပဲ ဝေ့စေချင်တာပါ . . .
 
 မမြဲခြင်းသာ မြဲတဲ့တရား ဆိုတဲ့၊ ဖြစ်ပျက်သံသရာထဲမှာ
 သစ္စာတရားမသိတဲ့ လောဘရဲ့သားကောင် ဆိုရင်တောင်
 ဒေါသ၊ မောဟ အမှိုက်မှောင်ထဲကနေ
 ချစ်သူကိုသာ ပြည့်စုံစေချင်လှပါတယ်။
 
 ရာသီပန်းတွေ ချစ်သူထံ ကမ်းဆက်ချင်တောင်မှ
 ခုဆောင်း၊ တော်ကြာနွေ ကာလတိုလေးအတွင်း ကြုံရတတ်တဲ့
 ကိုလေ ဘယ်လမှာ ဘာပန်းပွင့်မှန်း မသိတတ်တော့ပါဘူး။
 
 အစားကောင်း စားရင် ချစ်သူကိုသတိရတတ်တယ် ဆိုပေမယ့်
 ဒီမှာ . . သတိရတိုင်းတော့
 အစားကောင်း စားနေရသူ မဟုတ်ပါဘူး။
 ချစ်သူကို မကြောင့်မကျ ထားနိုင်ဖို့
 ကို့ရဲ့ ညစာတွေဟာ ပီတိတွေနဲ့ မြိန်လို့နေပါပြီလေ . . .
 
 လူတွေနဲ့ဝေးရလွန်းလို့၊ လူငတ်နေတဲ့ဘ၀မှာ
 တစ္ဆေတောင် မကြောက်တတ်တော့ပဲ
 လာများကိုယ်ထင်ပြရင် နှုတ်ဆက်စကား ဖေါင်ဖွဲ့လိုက်ချင်မိပါရဲ့။
 
 နေ့ဟာ အလုပ်ချိန်၊ ညဆိုတာ နားနေချိန်ရယ်လို့
 ရွေးချယ်ခွင့် မရှိတဲ့ ဘ၀မှာ
 နေရောင်အောက်မှာလဲ လွမ်းတတ်နေပါပြီ။
 တိမ်တွေကိုကြည့်ရင်း ကလေးတစ်ယောက်လို
 ချစ်သူမျက်နှာ ပုံဖေါ်တမ်းကစားကြည့်မိတယ်ဆိုရင် ချစ်သူရယ်နေလေမလား . .
 
 ဖော်မဲ့နေ့၊ ဖော်မဲ့ညတွေ ရောထွေးနေတဲ့ ဘ၀မှာ
 အလွမ်းထုသာ လျော့ပါးမယ်ဆိုရင်
 နေခင်းမို့လို့ မလွမ်းတတ်သူ၊ ညဖက်မို့လို့ မဆွေးတတ်သူ
 တစ်ခုခုသာ ဖြစ်လိုက်ပါရစေတော့။
 
 သားချော့တေးတစ်လှည့်၊ လင်မျှော်တေး တစ်ခါ
 ညည်းဆိုရင်း ပြက္ခဒိန်စာရွက်တွေ
 မြန်မြန်ဆွဲဆုတ်ချင်နေမယ့် အိမ်သူသက်ထား
 အလွမ်း တိတ်လှည့်ပါတော့ လို့ ချော့သိပ်ချင်ပါရဲ့။
 
 “ပြန်လာပါတော့” ပြောချင်ရှာပေမဲ့၊ နှုတ်ခမ်းဖျားမရောက်ခင်
 စကားလုံးတွေ အရည်ပျော်၊ သောကတွေနဲ့ ရောမျိုချလို့
 တူနှစ်ကိုယ် ရှေ့ရေးအတွက်၊ “ကြာ” ပန်းလှူ
 တောင်းဆုချွေနေမယ့် ချစ်သူကို မငြိုငြင်ရက်ပါဘူး။
 
 အွန်လိုင်း ကတဆင့် ဒီဂျီတယ်အပြုံး၊ ဗာကျူရယ်အနမ်း၊
 အမှတ်တရလေးတွေဟာလဲ
 တို့နှစ်ယောက်ရဲ့အလွမ်းတွေကို မလျော့ပါးစေနိုင်မှန်း
 ဘယ်သူခံစား နားလည်ပေးနိုင်မှာလဲ . .
 
 “ဒီနေ့” တွေတိုင်းမှာ “မနေ့က” တွေတိုင်းထက် ပိုလွမ်းတယ် ဆိုတာ သိထားလေတော့
 “မနက်ဖြန်” တွေမှာ ပိုပိုလွမ်းလာရမယ့် ဒုက္ခကိုလဲ
 အတွေးဝင်္ကံပါထဲ ပျော်နေရတဲ့ ဘ၀မှာ
 ချိုမြိန်စွာ စားသုံးနိုင်ဖို့ အသင့်ပြင်လို့နေပြီလေ။
 
 အဲလိုနဲ့ပဲ . .
 အသစ်တစ်ဖန် လန်းဆန်းလာမယ့် အချစ်တွေ နဲ့အတူ
 ရင်ခုန်သံစည်းချက်၊ တူညီ ညှိဖို့ အရေး
 ချစ်သူရေ . . .
 တို့နှစ်ယောက်သာ နားလည်နိုင်မယ့်
 အလွမ်းမနက်ဖြန်ပေါင်း များစွာကို ပင်လယ်ထဲ ထားရစ်
 သဘက်ခါတစ်ခုမှာ . . . ကိုပြန်လာခဲ့ပါ့မယ်
 သဘက်ခါတစ်ခုမှာ . . . ကိုပြန်လာခဲ့ပါ့မယ်
 
 By: Min Thar Gyi

 
 
No comments:
Post a Comment