Friday, December 27, 2013

သင်္ဘောပေါ်က အာဟာရစားဖွယ်ရာနှင့် MLC2006 ကပြောတဲ့ `ကျေနပ်မှူမရှိကတိုင်ကြားပါ။`

 အစားအသောက် ဆိုတာကတော့ သင်္ဘောပေါ်မှ မဟုတ်ပါဘူး။ လူတိုင်း အရသာ (အာရုံ ) ခံပြီးကောင်းကောင်းလေးစားခြင်ကြတာချည်းပါဘဲ။ မိဝေးဖဝေး ရေခြားမြေခြားမှာ ၀မ်းစာရှာနေရတဲ့ ပင်လယ်ရေကြောင်း ခရီးသွား လုပ်သားများ အတွက်ကတော့ ပိုလို့တောင်အရေးကြီးပြီး တစ်ခုတည်းသော ဖြေဖျော်စရာ ဖြစ်နေပြန် သေးတယ်။ မြန်မာက ထမင်းလေးလည်းစားရမှ ငပိရည်လေးလည်းတို့ရမှ၊ ကုလားကတော့ ပဲဟင်းလေးနဲ့ ချာပါတီမှမပါရင် မျက်နှာမကောင်းသလို၊ အသားစားတဲ့သူက အသားမှ မစားရရင်အာသာမပြေသလိုမျိုးပေါ့။ အစားအသောက်ဆိုတာနဲ့ Chief Cook ကိုမျက်စောင်းထိုးရမယ့်ခေတ် MLC 2006 ပေါ်ပြီးနောက် မှာ ကုန်ဆုံးသွားပါပြီ။ သင်္ဘောအုပ်ချုပ်ရေး လူကြီးပိုင်းများကိုယ်တိုင်ကြီးကြပ် ကြပ်မတ် ရမယ့် ခေတ်ရောက်နေပြီ လို့ပြောရင်မမှားပါဘူး။ ၁၉၄၆ ခုနှစ်ကတည်းက Ship’s cook Convention လုပ်ပြီး ပင်လယ်ရေကြောင်း သွား သင်္ဘောပေါ်က အစားအသောက်များအဆင့်အတန်းရှိစေရန်ဆောင်ရွက်ခဲ့ကြပါတယ်။ (အခု Chief Cook တွေကို ထုတ်ပေးတဲ့ လက်မှတ်ကလည်း အဲဒီ conventionါအချက်များကိုလိုက်နာရပါမယ်။) လူအမျိုးမျိုး၊အစားစားကြပုံအဖုံဖုံအတွက် MLC2006 ကလည်း မမေ့မလျှော့ Reg 3.2 နဲ့ ရေးထားပါတယ်။ စာပိုဒ်-1 မှာတင် ယဉ်ကျေးမှူ နောက်ခံ၊ ဘာသာရေး အခြေခံမတူသူများ အတွက်မူတည်ပြီး အစား အသောက်များ ကိုပြည့်စုံ လုံလောက်စွာ စီစဉ်ပြင်ဆင် ကျွေးမွေးရမယ်လို့ ဆိုထားပါတယ်။ သန့်ရှင်းရမယ်ဆိုတာလည်း ပါပါတယ်။ ဟင်းသီးဟင်းရွက်ပဲ စားတဲ့သူကလည်း၊ အသားတွေနဲ့ရောနှောနေတာကို သဘောမကျသလို၊ ၀က်သား အမဲသားမစား သူများကလည်း သူတို့စားမယ့် ဟင်းတွေကိုသန့်သန့်ရှင်းရှင်း ၀က်ကင်း အမဲကင်း ပြင်ဆင် စေချင်ကြမှာပါဘဲ။ အဲဒီတော့ သုံးမယ့် ပန်းကန်ခွက်ယောက်တွေကို ခွဲခြားတာကအစ စဉ့်နီတုံးတွေအဆုံး ကို အသေး စိတ် စဉ်းစားပြီး စီစဉ်ပေးရပါတော့မယ်။ အဓိက ကတော့ သင်္ဘောကုမ္ပဏီ မှာတာဝန် ရှိပါတယ် ။ ဖေါ်ဆောင်ကြီးကြပ်ပေးရမှာကတော့ သင်္ဘောပေါ်ကအုပ်ချုပ်သူများဖြစ်ပြီး၊ လိုက်နာပေးရမှာ ကတော့သင်္ဘောပေါ်ကအုပ်ချုပ်သူများ အပါအ၀င်သင်္ဘောသားများ သာဖြစ်ပါတယ်။ ပြီးတော့ ထမင်းစားတဲ့ မြန်မာတွေကို ချာပါတီ မကျွေး ရအောင်လည်း စီစဉ်ပေးရမှာပါ။ သင်္ဘောသားအားလုံးမြန်မာ (တခိုင်လုံးရွှေ) ဆိုရင် ပြဿနာ တစ်ဝက်ရှင်းပါတယ်။ ဒါပေမဲ့ ၀က်မစား၊ အမဲမစားပြဿနာများကိုလည်း သေချာဖြေရှင်းရတော့မှာပါ။ လူမျိုးတစ်ရာ့တစ်ပါး ပါတဲ့သင်္ဘောများ ကုမ္ပဏီများဆိုရင်တော့၊ အဲဒါတွေက မဟာပြဿနာများပါဘဲ။ အရင်ကလို စားချင်စားမစားချင်နေ ဆိုပြီးထားလို့ မရတော့ပါ။ MLC2006 ဆိုတာနိုင်ငံတကာ Convention ဖြစ်တဲ့အတွက်၎င်းကို လိုက်နာတဲ့သင်္ဘောဖြစ်စေ မလိုက်နာတဲ့ သင်္ဘောဖြစ်စေရောက်တဲ့ ဆိပ်ကမ်းက Port State Control ကတော့ စစ်ဆေး မှာပါဘဲ။ အကြီး အသေး ပေါ်မူတည်ပြီးဖမ်းတာတွေ မှတ်ချက်ပေးတာတွေဖြစ်လာပါမယ်။ မီးခိုးကြွက်လျှောက်လိုက်ပါလိမ့်မယ်။ MLC 2006 အောက်မှာ အဖမ်းခံရရင်တော့၊ ဘယ်လို အကျိုးဆက် ရှိမယ်ဆိုတာ အခုမှအစဆိုတော့ ပြောလို့မရသေးပေမဲ့၊ ပေါ့လို့ရမယ့်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အဲဒီမှာ ကျေနပ်မှူမရှိကတိုင်ကြားပါ ဆိုတဲ့ MLC2006 ရဲ့ Reg 5.1.5 ‘ On board complaint procedure’ ကိုအနည်းငယ်ပြောချင်ပါတယ်။ မည်သည့်သင်္ဘောသားမဆို သင်္ဘောပေါ်မှာ ဘယ်ကိစ္စကိုမဆို မကျေနပ်ရင် `တိုင်ကြားလွှာ` ကိုဖြည့်ပြီးတိုင်ကြားနိုင်ပါတယ်။ တိုင်ကြားသည့် ကိစ္စကြီး ငယ်ပေါ်မူတည်ပြီးချက်ချင်းဖြေရှင်းရပါတယ်။ မှတ်တမ်းများ လည်းသေချာ လုပ်ထား ရပါတယ်။ တိုင်ရမှာကတော့ ကိုယ့်အထက်အရာရှိ၊ ဒါမှမဟုတ်ကိုယ့်ဌာနရဲ့အကြီးအကဲ၊ ဒါမှမဟုတ်ရင် မာလိန်မှူးအထိ၊ ဒါမှမဟုတ်ရင် ကုမ္ပဏီအုပ်ချုပ်သူအထိ စသဖြင့် တိုင်လို့ ရပါတယ် ။ နောက်ဆုံး Flag / Port state Control ( Maritime Authority ) ကို တိုင်လိုက်ရုံပါဘဲ။ တိုင်ကြားလွှာများတဲ့သင်္ဘောကလည်း သင်္ဘောသားကို ဂရုမစိုက်တဲ့သင်္ဘော ဆိုတာပြောစရာတောင်မလိုပါ။ `ဘဲဥတစ်ခြမ်းနဲ့`ကျွေးတာကိုရေနဲ့မျှောချပြီး သည်းခံစရာမလိုတော့ဘူးလို့ပြောရင်ရပါတယ်။ ။ 

Capt Win Naing Nyunt (American President Line, APL)

No comments:

Post a Comment