Friday, December 27, 2013

ကျွန်တော် နှင့် လေးစားမိသော ဘိုဆင်

\\//  \\//


ကျွန်တော်ခင်တဲ့ ကျွန်တော့်ကိုခင်တဲ့ သင်္ဘောတစ်စီးတည်း အတူစီးခဲ့ကြတဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြလို့
သိရတာလေးကို မျှဝေလိုက်တာပါ။

သူလိုက်ခဲ့ဖူးတဲ့ သင်္ဘောက ဘိုဆင်တစ်ယောက်အကြောင်းပါပဲ။ သူပြောပြတော့ နားထောင်ရင်း အဲဒီ ဘိုဆင်ကို လေးစားမိတာနဲ့
ဒီစာစုလေး ရေးဖို့  စဉ်းစားမိသွားတာပါ။ စာရေးဆရာ မဟုတ်တဲ့ သင်္ဘောသားမို့ မှားတာပါရင်လည်း ခွင့်လွှတ်ဖို့ ကြိုပြောထာ ပါရဲ့ဗျာ့ 

သူငယ်ချင်းကတော့ သင်္ဘောလိုင်းနာမည်နဲ့ လူနာမည်ပါ ထည့်ပြောခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးမို့ မဖော်ပြတော့ပါဘူး။
ကျွန်တော့် သူငယ်ချင်း က ကျွန်တော့်ကို ပြောပြနေတဲ့ ပုံစံလေးနဲ့ပဲ တင်ပြလိုက်ပါတယ်။

*****★*****

ဒီလို အစ်ကိုရ ........... အဲဒီဘိုဆင်က လူပျိုကြီးဗျ။ အသက်က ၅၀ နီးပါးရှိနေပါပြီ။ ထူးခြားတာက သူလိုက်ခဲ့တဲ့ သင်္ဘောတိုင်းမှာ
သူနဲ့အတူသယ်သွားတတ်တာက ဆယ်တန်းကျောင်းသားဘဝက သူချစ်ခဲ့တဲ့ ကောင်မလေးဓာတ်ပုံလေးတစ်ပုံပါ။ အဲဒီ ပုံလေးကို
သူ့ အခန်းထဲကစားပွဲ ပေါ်မှာ အမြဲထောင်ထားတတ်တယ်။ သူဟာ စိတ်ထား နူးညံ့ပျော့ပြောင်းပြီး သူတပါးကို ကူညီတယ် စာနာတတ်တယ်
ကိုယ်ချင်းစာတရားရှိတယ်ဆိုတာသူ့ ရဲ့ပြောဆိုနေထိုင် ဆက်ဆံပုံတွေက ပြောပြနေတယ်ဗျ။ အလုပ်လုပ်ရာမှာလည်း ကျွမ်းကျင်တယ်
ကြိုးစားတယ်။ ဒါထက်ပိုတာက သူ့ အောက်က လူကို ဘယ်တော့မှ ဆဲဆို အော်ငေါက် ခိုင်းလေ့ မရှိသလို စကားပြောလည်း
ချိုသာတဲ့သူတစ်ယောက်ပါ။ မနိုင်ဝန်တစ်ခုကိုလည်း တစ်ယောက်တည်း ဘယ်တော့မှ မခိုင်းတတ်ဘူး။ ပိုပြီးလေးစားစရာ ကောင်းတာက
အသက်အန္တရာယ် ရှိနိုင်တဲ့ နေရာမျိုးဆို သူလက်အောက်က crew ကိုမခိုင်းပဲ ကိုယ်တိုင်လုပ်တတ်တာပါပဲ။

*****★******

ဒီနေရာမှာ စကားမစပ်ပြောချင်တာက သူ့မှာ အရမ်းချစ်ရတဲ့ တူလေးတစ်ယောက် ရှိတယ် ဆိုတာကိုလည်း ကျွန်တော့်ကို
ပြောပြဖူးတယ်။ သူ့ တူ လေးကလည်း အခြားလိုင်းတစ်လိုင်းမှာ နဲ့ လိုက်နေတဲ့ သင်္ဘောသားတစ်ယောက်ပါပဲ။

*****★******

တစ်နေ့ ကျွန်တော့် သူ့ အခန်းကို သွားအလည်မှာ တံခါးလော့ချ မထားတာကြောင့် တံခါးခေါက်ပြီး ဆွဲအဖွင့်
မမျှော်လင့်တဲ့ မြင်ကွင်းကိုတွေ့လိုက်ရတာပါပဲ။ ကျွန်တော့် တော်တော်ကို လန့်သွားပါတယ်။
တချိန်တည်းမှာလည်း အဲဒီ ဘိုဆင် ဟာ ကျွန်တော့်ကို ဘာစကားမှ ပြန်မပြောပဲလှည့်ကြည့်နေတယ်ဗျာ။
ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင် တွေဝေသွားတယ်ဗျ။ အရာရှိတွေကို သတင်းပို့ပြန်ရင်လည်း
ဘာအကြောင်းကြောင့်မှန်းမသိလေတော့ အသက်ကိုရန်ရှာမှာ စိုးရိမ်နေမိတယ်လေ။ ဒါကြောင့် ချက်ခြင်းပဲ ပြန်လှည့်လာခဲ့တယ်။
ကျွန်တော် ဘာမြင်ရလဲဆိုတော့ ဘိုဆင်ဟာ သူ့လက်တွေကို သူကိုယ်တိုင် ဓားနဲ့ခြစ်နေတာပါပဲ။ သွေးတွေလည်း စီးကျနေတယ်လေ။

နောက်ရက်ကျတော့ သူဟာပုံမှန်အတိုင်းပဲ အလုပ်ပြန်လုပ်နေလေရဲ့။ လက်မှာတော့ ပတ်တီးတွေ စည်းထားလို့ပေါ့။
ကျွန်တော့်ကို မြင်တော့ ဖော်ဖော်ရွေရွေပဲ စကားပြော နှုတ်ဆက်လိုက်သေးတယ်။ ကျွှန်တော်လည်း ဘာအကြောင်းကြောင့်ဆိုတာတော့
မမေးဖြစ်သေးပါဘူး။ ဒါပေမယ့် လူပဲဗျာ သိချင်စိတ်ကို ဘယ်ကြာကြာမြိုသိပ်ထားနိုင်မလဲ။ ဒါကြောင့်ပဲ ကျွန်တော့်လည်း
အဲဒီဘိုဆင် ဂျူတီနားချိန် သွားမေးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူအကူအညီ လိုရင်လည်း ပေးနိုင်အောင်ပေါ့၊ ခံစားချက်တွေ
ရင်ဖွင့်ချင်နေတယ်ဆိုရင်လည်း နားထောင်ပေးလိုက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။ ဒီလိုနဲ့ ညနေပိုင်းရောက်တော့ 

အခန်းတံခါးကို အသာခါက်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်၊ ပုံမှန်ပါပဲ အရင်နေ့က မြင်ကွင်းနဲ့ တစ်ခြားစီပဲတဲ့ဗျာ။
''လာ ထိုင်ကွာ '' ဆိုပြီးတောင် ခရီးဦးကြိုလိုက်သေးတယ်တဲ့ဗျ။ ဒီတော့မှ ကျွန်တော့်လည်း
" မနေ့က ဘယ်လိုဖြစ်တာလဲအစ်ကို '' လို့ အစချီ မေးတော့တာပါ့။ ဒါပေမယ့် သူ ပြန်ဖြေတာကြားတော့ ကျွန်တော်
တော်တော်စိတ်မကောင်း ဖြစ်သွားတယ်ဗျာ။ သူ အရမ်းချစ်ခဲ့ပြီး လမ်းခွဲခဲ့ ရတဲ့ ကောင်မလေးကို လွမ်းလို့တဲ့။ သူ့ရဲ့ ပထမဆုံးသော ချစ်သူပါ၊
သူ့ကိုထားသွားကတည်းက နောက်ထပ် ရည်းစားမထားတော့သလို အိမ်ထောင်လည်း မပြုတော့တာ အခုချိန်ထိပေါ့ဗျာ။
ဘာလို့  အစ်ကို့ ကို သူက ထားသွားတာလဲ လို့မေးတော့ .......

******★*******

(ကျွန်တော်တို့ ချစ်သူတွေ ဖြစ်ကြတာ ၁၀. တန်း ကျောင်းသားဘဝကတည်းကပါ။ ရည်းစားသက်တမ်း ၄ နှစ်ပြည့်တော့ ကျွန်တော် သင်္ဘော
စလိုက်ဖြစ်တယ်။ သူ့ကိုယ် လက်ထပ်မယ် နှစ်ယောက်စလုံး အနာဂတ်အတွက် ငွေရှာမယ်ဆိုပြီး ကျွန်တော် သင်္ဘောပေါ် ရောက်လာတာဗျ။
ကျွန်တော် သင်္ဘော လေးခေါက်မြောက် ပြည့်တာနဲ့ လက်ထပ်ကြမယ်ဆိုပြီး ကတိတွေထားခဲ့ကြတယ်လေ။ ဒါပေမယ့်ဗျာ့ 
ကျွန်တော် ဒုတိယမြောက် သင်္ဘောပေါ် တက်တဲ့အချိန် ဒုတိယအခေါက်မှာတင် သူတစ်ခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်ဗျ။
သူ လက်ထပ်သွားတဲ့အချိန်မှာ ကျွန်တော် သင်္ဘောပေါ်ရောက်နေတယ်လေ။ ကျွန်တော်ဗျာ ရေထဲ ခုန်ချဖို့ထိ စဉ်းစားခဲ့မိသေးတယ်။ ဒါပေမယ့်
ကျွန်တော့်မိဘတွေ အတွက် ကျွန်တော် စဉ်းစားရမယ်လေ၊ ခုန်ချဖို့  စဉ်းစားနေတုန်း ကျွန်တော့် အမေကို သွားသတိရမိတယ်ဗျ။
ကျွန်တော်သေရင် အမေ ရင်ကျိုးမှာလေ။ အခု ကျွန်တော် မိဘတွေ ကျေးဇူးကြောင့်ပဲ ကျွန်တော် အသက်ဆက်ရှင်နေခဲ့တာပါ။
ဒါပေမယ့် သူ့ကိုလွမ်းတိုင်း ဆောက်တည်ရာမရတော့ ဖြစ်နေတုန်းပဲ။ သူ့ကို ချစ်နေသေးတဲ့ ကျွန်တော့် ခန္ဓာကိုယ်ထဲက သွေးတွေ
ဖောက်ထုတ်ပြစ်ချင်တယ်။ သူ့ကို လွမ်းတိုင်း ဒီလို လုပ်ခဲ့မိတာ တစ်ခါမကတော့ပါဘူးဗျာ။ ဒီ အသက်အရွယ်ကျမှ ရူးမှန်းလည်း သိပါတယ်။
ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်တော် ဘာကိုမှ မတွေးမိလောက်အောင် ဖြစ်ဖြစ်သွားတယ်ဗျ။ ဒါ အရင်က လုပ်ခဲ့တဲ့ အမာရွတ်တွေပေါ့  )

ဆိုပြီး သူ့လက်ကို ဖြန့်ပြတယ်။ ကျွန်တော် မြင်တော့ တော်တော်လန့်သွားတယ်။ အချိန်တော်တော်ကြာက ခြစ်ထားတဲ့ အမာရွတ် အစဉ်းတွေမှ
ဒဏ်ရာနေရာတွေတောင် ထပ်နေတယ်။ ပြီးတော့ boiler suit သူအမြဲဝတ်လိုထားတာ ဒါကြောင့် ဆိုတာ ခုမှသတိထားမိတယ်။
ဒီလောက် အစွဲလန်းကြီးအချစ်ကြီးတဲ့သူ ဆိုတာ ဒီလောကမှာ ရှိပါသေးလားဆိုတာ တွေမိရင်း အံ့ဩမိတယ်ဗျာ။ လေးလည်း လေးစားမိပါတယ်။
နောက်တစ်ခု လေးစားမိတာက ဒီလိုဗျ ။

" အကိုက သူများအပေါ် အရမ်းကောင်းတယ်နော် ၊ ပြီးတော့ ခု ဒီသင်္ဘောပေါ်က လူတွေကလည်း အစ်ကို့ကို အတော် ချစ်ခင်လေးစားကြတယ်။
ကျွန်တော် အပါအဝင်ပေါ့၊ ကျွန်တော် သိသလောက်တော့ တစ်ချို့ ဘိုဆင်တွေကို တော်တော်ဆိုးတယ်လို့ ပြောတယ်၊ မြန်မာအချင်းချင်းတောင်
သတ်ပစ်ချင်လောက်အောင် ဆိုးတာတွေ ရှိတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ မကြုံဖူးပါဘူး၊ အေးလေ အစ်ကို တို့လို တစ်ချို့
လူကောင်းတွေလည်း ရှိဦးမှပဲပေါ့ဗျာ နော "

ဆိုပြီ စကားစမိတော့ သူဖြေသွားတာလေးက လေးစားဖို့ ကောင်းနေပြန်ရောဗျ။

" ဪ ဒါကတော့ဗျာ ကျွန်တော့်မှာ ကျွန်တော်ချစ်တဲ့ တူလေးတစ်ယောက်ရှိတယ်ဗျ၊ သူလိုက်နေတဲ့ သင်္ဘောမှာ သူ့ပတ်ဝန်းကျင်က
စိတ်ထားကောင်းသူတွေလား ဆိုးသူတွေလားဆိုတာ ကျွန်တော် မသိနိုင်ဘူးလေ၊ ဒီတော့ ကျွန်တော့်တူလေးကို သူများနှိပ်စက်တာ
မလိုချင်ဘူး၊ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ မညှင်းဆဲပါဘူး။ ကျွန်တော်က သူများအပေါ် မကောင်းခဲ့ရင်
ကျွန်တော့် တူလေးကိုလည်း သူများက မကောင်းနိုင်မှာကို စိုးတယ်၊ မိဝေး ဖဝေး အလုပ်လုပ်နေတဲ့သူချင်းအတူတူ သားသမီးချင်း
ကိုယ်ချင်းစာတယ် လို့  ဆိုရမှာပေါ့ဗျာ။ " တဲ့ ကဲ ဘယ်လောက် ကောင်းလိုက်တဲ့ စိတ်ထားလဲ၊ ဒါပါပဲ

ကျွန်တော် တင်ပြတဲ့ စာစုလေးကို ကြိုက်ချင်မှလည်း ကြိုက်ကြမယ်၊ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဘိုဆင်အစ်ကိုကြီးကိုတော့
လေးစားမိတာကတော့ အမှန်ပါ။ ဒီစာစုလေးကိုလည်း သူတိုက်ဆိုင်စွာနဲ့ ဖတ်ချင် ဖတ်မိမယ်၊ ဖတ်မိချင်မှလည်း ဖတ်မိမယ်၊ ခွင့်ပြုချက်
မရပဲ လေးစားမိလွန်းလို့ ရေးဖြစ်တာကိုလည်း နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြောပြတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်
ပါတယ်။

တကယ်တော့ဗျာ ကျွန်တော်တို့ သင်္ဘောတွေဘဝက ဝတ်ကောင်းစားလှတွေ ဝတ်၊ နောက်ဆုံးပေါ် ပစ္စည်းတွေသုံးပြီး မြန်မာပြည်
ပြန်ရောက်ချိန် ကြော့ကြော့လေး သွားလာနေတာ တွေ့နေရပေမယ့် ဘယ်သူမှ မမြင်နိုင်တဲ့ ရင်ဘတ်ထဲက ပြဿနာတွေကိုတော့
ပင်လယ်ထဲမှာ ကိုယ့်မျက်ရည်ကိုယ်တောင် သုတ်ချိန် မရလောက်အောင် ခါးစီး ခံလာကြရတတ်ပါတယ်။

ပြီးတော့ ကမ်းမမြင် လမ်းမမြင် နေ့ရက်ရှည်တွေထဲမှာ အသက်နဲ့ ရင်းပြီး သန့်ရှင်းတဲ့ ငွေကို ရှာနေကြတာခြင်းအတူတူ ဒီဘိုဆင်ကြီး
စိတ်ဓာတ်လိုမျိုး အရာရှိတွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့တွေ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ .......

လေးစားစွာဖြင့်
နိုင်လင်းအောင်

0 comments:

Post a Comment