ဒီစာက ကျွန်မရဲ့ ပုဂ္ဂလိက ခံစားချက်ဆိုပေမယ့် အားလုံးရဲ့ ကောင်းကျိုးအတွက် 
ကျွန်မ အကြံ ပြု ရေးသားရခြင်းပါ။ တကယ်တော့ ဒီစာရေးဖြစ်တဲ့ အကြောင်းတရားက 
ကျွန်မအတွက် တန်ဖိုးကြီးမားပါတယ်။ သားတစ်ယောက်လုံး ဆုံးရှုံးခံလိုက်ရပြီးမှ 
တခြားတခြားသော သားတွေ၊ တခြားတခြားသောမိခင်တွေ မိသားစုတွေအတွက် ရည်ရွယ် ရေးသားရခြင်း ဖြစ်ပါတယ်။
ကျွန်မ၏ တစ်ဦးတည်းသော သားဖြစ်သူ စောနိုးနိုးထွန်းလင်းသည် ရေကြောင်းသိပ္ပံ (ယခု- ကောလိပ်)အမှတ်စဉ်(၃၅)ကို တက်ရောက်အောင်မြင်ခဲ့ပြီး Sea Service နှစ်နှစ်ရရှိရန်အတွက် ပထမအကြိမ်တွင် THACOSMARITING Co., Ltdတွင် ၁ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် မြန်မာနိုင်ငံ ရှိ ဒေသခံ Marlow ကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် ၆-၄-၂ဝ၁၁ တွင် DECK-CADET တာဝန်ထမ်းဆောင်ရင်း ၈-၁၁-၂ဝ၁၁တွင် စပိန်နိုင်ငံ Malaga ဆိပ်ကမ်း၌ ကွယ်လွန် ခဲ့ရပါသည်။
 
ကွယ်လွန်စဉ် ကုမ္ပဏီမှ သင်္ဘောပေါ်မှကျ၍ ရေနစ်သေဆုံး ကြောင်း ဖုန်းဖြင့် 
အကြောင်းကြားခဲ့ပါသည်။ ၂၅-၁၁-၂ဝ၁၁ တွင် သား၏ ရုပ်ကလာပ် စပိန်မှ ရန်ကုန် 
သို့ ရောက်ရှိခဲ့ပါသည်။
၂၇-၁၁-၂ဝ၁၁ ရက်တွင် သားအား သင်္ဂြိုလ်ရန် ဈာပနပြင်ဆင်ရာတွင် သား၏မျက်နှာ၊မေးစေ့၊ နှာခေါင်းရင်းတို့တွင် ပြင်းထန်စွာ ထိုးနှက်ထားသော ဒဏ်ရာများ အပြင် ခြေထောက်တွင် U ပုံသဏ္ဌာန်ချုပ် ထားသောဒဏ်ရာများကို ဝမ်းနည်းမှု များစွာဖြင့် တွေ့မြင်ခဲ့ရပါသည်။ အထက်ပါဖြစ်စဉ်ကို ဒေသခံကိုယ်စားလှယ် ကပ္ပတိန်၏ မိသားစုလည်း တွေ့မြင်ခဲ့ပါသည်။
သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီက သားအမှုနှင့်ပတ်သက်၍ ITF (International Transport Worker’s Federation) သို့ တိုင်ကြား နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။
သား၏ဖြစ်စဉ်များကို သင်္ဘောသားများနှင့် သက်ဆိုင်သောဝန်ကြီး အဖွဲ့အစည်းအသီးသီး၊ SECD၊ MOSA ဌာနများသို့ ဓာတ်ပုံ အထောက်အထားများဖြင့် တင်ပြ အကူအညီ တောင်းခံခဲ့ရာတွင်လည်း ITF သို့ တိုင်ကြားနိုင်ကြောင်းကို အကြံပြုပြောဆိုခဲ့ပါသည်။
 
ITF သို့ 
တိုင်ကြားနိုင်ကြောင်း ပြောဆိုမှုများကြောင့် ကျွန်မအနေ နှင့် ITF 
အဖွဲ့အစည်းမရှိသေးသော ကျွန်မတို့နိုင်ငံတွင် တိုင်ကြား၍ မရခဲ့ပါ။ 
လူ့အခွင့်အရေး ကို ဆောင်ရွက်သူများ၏ ကူညီဆောင်ရွက်ပေးမှုကြောင့် 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခြေစိုက်လျက် အင်္ဂလန်နိုင်ငံ ITF 
အသိအမှတ်ပြု ထောက်ခံသော မြန်မာ့ သင်္ဘောသားများ အရေးကို လိုက်လံကူညီဆောင်ရွက်
 ပေးနေသော Seafarers Union of Burma (S.U.B)  ထံသို့ ဖုန်းဖြင့် ဆက်သွယ်ကာ 
တိုင်ကြားခဲ့ရပါသည်။ ၄င်းအဖွဲ့၏ ဥက္ကဋ္ဌ ဦးအောင်သူရ၏ ကူညီဆောင်ရွက်မှုဖြင့် 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ပြီး (S.U.B) ၏ 4th General 
Congress  တွင် ITF အဖွဲ့၏ အာရှပစိ ဖိတ်ရေးရာအဖွဲ့မှ အထွေထွေ 
အတွင်းရေးမှူး၊ အရှေ့တောင်အာရှ၏ Union ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အလုပ်သမားများ၏ 
အခွင့်အရေးနှင့် နစ်နာကြေးများကို ကူညီဆောင်ရွက် ပေးသည့်အဖွဲ့အစည်းအသီးသီး၏
 ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တင်ပြခွင့်ရခဲ့သည်။
 
အကယ်၍ 
ယခုဆောင်ရွက် နေသော ITF အဖွဲ့အစည်းကို မြန် မာနိုင်ငံ၌ 
ဖွဲ့စည်းတည်ထောင်နိုင် ခဲ့လျှင် တိုင်းတစ်ပါးနိုင်ငံသို့ သွားရောက်ရန် 
မလိုဘဲ မြန်မာနိုင်ငံရှိ သင်္ဘောသားအားလုံး၏ မတရားခံရမှုများ၊ 
တိုင်းတစ်ပါးကုမ္ပဏီများ၏ ဖိနှိပ်ခွဲခြားမှုများ၊ လူမျိုးခြားများ၏ 
မတရားအနိုင်ကျင့်မှုများ၊ သင်္ဘောသားများ၏ သင်္ဘောပေါ်တွင် တန်း 
တူအခွင့်အရေးရရှိနိုင်မှု အဖြစ်မှန် များ၊ မတရားမှုများကို ဖော်ထုတ် 
ကူညီဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မိပါသည်။
 
ထို့ကြောင့် 
မြန်မာနိုင်ငံတွင် ရှိ သော သင်္ဘောသား အရာရှိကြီး ငယ်များနှင့် 
အလုပ်သမားများ၏   မတရားခံရမှု၊ သေဆုံးမှု၊ နစ်နာကြေး မရရှိမှု၊ 
အာမခံကြေးမရရှိခြင်း အပေါ် ၌ ကျန်ရစ်သူမိသားစုများ သင်္ဘော သားတစ်ဦး၏ 
လူ့အခွင့်အရေးနစ်နာ ကြေးများကို အပြည့်အဝရရှိစေရန် ကူညီဆောင်ရွက်ပေးသည့် 
ITF အဖွဲ့အစည်းကို ဖွဲ့စည်းသင့်ကြောင်း မိခင်တစ်ဦးအနေနှင့် အယ်ဒီတာမှ 
တစ်ဆင့် နိုင်ငံတော်သို့ တင်ပြအကြံပြု တောင်းဆိုခြင်းဖြစ်ပါသည်။ သို့မှသာ 
မြန်မာနိုင်ငံရှိ သင်္ဘောသား များသည် တိုင်းတစ်ပါးသင်္ဘောပေါ်တွင် 
အခက်အခဲကြုံရပါက မိမိနိုင်ငံရှိ ITF အဖွဲ့အစည်းသို့ အကူအညီ 
တောင်းခံခြင်းဖြင့် ကြုံတွေ့ရသော အခက်အခဲများကို ဖြေ ရှင်းနိုင်မည်ဟု 
ယူဆမိပါသည်။ သင်္ဘောသားများ ၏ မိသားစုအားလုံးသည်လည်း ITF 
အဖွဲ့အစည်းရှိခြင်းဖြင့် မိသားစုများ ကြုံတွေ့ရမည့် အခက်အခဲမှန်သမျှကို 
လက်တွဲဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိပါသည်။ ITF အဖွဲ့ အစည်း 
တည်ထောင်နိုင်ခဲ့လျှင် မြန်မာပြည်ရှိ သင်္ဘောသားများ အားလုံးအတွက် 
အနာဂတ်အလင်းတန်း တစ်ခု ကျရောက်လာသကဲ့သို့ ခံစားရမည်ဖြစ်ပါကြောင်း 
ကွယ်လွန်ခဲ့ရသော DECK-CADET တစ်ဦး၏ မိခင်မှ ဆန္ဒပြုတင်ပြလိုက်ပါသည်။
 
မိခင်တစ်ဦး
 
by popular myanmar news journal
မိခင်တစ်ဦး
by popular myanmar news journal
Posted by AF   
 
No comments:
Post a Comment