Sunday, June 24, 2012

ဝေလငါးတွေရဲ့ကုသိုလ်။

Note ဝေလငါး = သင်္ဘောသားများ

ဝေလငါးများသည် သမုဒ္ဒရာတစ်ခုမှ တစ်ခု အတွင်း အန္တရယ်နဲ့ကြုံတွေ့ပါက
တစ်ကောင်နဲ့တစ်ကောင် ရေအောက် အသံလှိုင်းများနှင့်ဆက်သွယ်သတိပေးတတ်လေသည်။
သူတို့၏ ဘာသာရပ်သည် တိုထိမိ သော Morse code များ သဖွယ်ဖြစ်၏
ထို့အပြင် ဝေလငါးတစ်ကောင်၏ နှာမှုတ်သံ ကို တစ်ခြားဂြိုလ်ကပင် ပဲ့တင်သံကြား
ရသည်ဟူ၍ ဖတ်ဖူး သဖြင့် ကဗျာ ထက်မှာစာတင် ဂုဏ်ပြုဖွဲ့လိုက်ရပါသည်။


ဝေလငါးတွေရဲ့ကုသိုလ်။
--------------------------

ပြာသောညတစ်ည
ကောင်းကင်ယံထက်မှာ
ကျနော်  ကြယ်စုတစ်စုကို
ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။

အဲဒီကြယ်စုက
ကျနော့် အဖေပိုင်တဲ့ကြယ်စုပဲ
ကဲ..
ခင်ဗျားတို့ရယ်ချင်ရယ်
ကျနော်ကတော့
ခပ်တည်တည်ဘဲ
အဖေလမ်းပြတဲ့နောက်
တောက်လျှောက်လိုက်ပါခဲ့ပါပေါ့။

အဖေ့ပိုင်ဆိုင်တဲ့ဂြိုလ်ငယ်လေးမှာ
ငြိမ်းချမ်းရေးစိုက်ခင်းတွေပျိုးထားတယ်
ဟယ်လီကွန် နဲ့ Ambulance ကိုဆင်ထားတယ်
ကန္တာရထဲက ကုလားအုပ်တွေလို
ဇွဲရှိတဲ့လူယဉ်ကျေးတွေနေထိုင်တယ်
ပိုပြီး ကိုယ်ကျင့်တရားသက်လုံလဲကောင်းကြတယ်။

ဒီလိုနဲ့ဘဲ
မြေနင်းသားတွေ
ငွေခင်းကစားနေရင်း
ထင်တဲ့အတိုင်း
စေတန်ကိုအပြစ်တင်
ထိုးစစ်ဆင်ကြ ပြန်ပြီဗျာ...

ဘုရားသခင်လဲ
အရင်အတိုင်းပဲ
ဘာမှမတတ်နိုင်ရှာပြန်ဘူး
သိကြားမင်းက ခပ်မဆိတ်
လက်ပိုက်ကြည့်နေ
နတ်ဒေ၀ါတွေကလဲ ..
ဒစ္စကိုမှာ စတေးရှောင်ပုန်းလို့
အဲ့ဒီ
သရဲတစ္ဆေရော့ခ်သဘင်ကြီးအလယ်မှာ
ဒိုင်ယာနာ ည၀တ်အင်ကျီပါးပါးတစ်ထည်ကို
အလုအယက် ပြေး
လေလံ တင် ဈေးကြီးပေးဝယ်နေတဲ့ညကပေါ့။

ပိစိဖိတ် ညလည့်ယံ က
ကျနော်တို့ဝေလငါးတွေ
ပေးပို့လိုက်တဲ့
အက်စ်အိုအက်စ် (ကယ်ဆယ်ရေး)
ရေဒီယိုလှိုင်းတွေကြားရင်..

ပင်လယ်ပျော် ကျနော်တို့တွေ
နေခြည်နုမှာ လူစုလို့
ဒီတစ်ခါလဲ
ကောင်းမှုတွေပြုရစ် ကြပြန်ဘီလို့မှတ်
ကုသိုလ်တွေကို
ဘုရားမှာကပ် ပါတယ်အဖေ။
သာဓုခေါ်နော်...

ဒီကနေရေတွက်
သမိုင်းတွင်မဲ့နေ့တစ်ရက်မှာ
အဖေနဲသား
ဆုံတွေ့ ကြမယ်လေ..

အဖေရယ်
ကျနော်ရယ်
ဟယ်လီကွန်ရယ်
ကုလားအုပ်တွေရယ်
ဝေလငါးတွေရယ်...

ပေါင်းစည်းတဲ့
ဘုံကထိန်ပွဲမှာ
ဦးရွှေရိုးတစ်ပွဲလောက်တော့
နွဲလိုက်ချင်သေး။


(မိသားစုအတွက် ချွေးနဲစာနဲ့ အသက်စွန့်စားနေသူသင်္ဘောသားများကိုယ်စား)

ရာစု
ကမ္ဘာ့ရေပြင်ကျယ်တစ်နေရာ။

copyright by Yarzu. 

No comments:

Post a Comment