Friday, June 7, 2013

ကမ်းရိုးတန်းသွားတောလား အပိုင်း(၂)

Photo Source - Google

ကဲဘော်ဒါတို့ အတွက် အချိန်မှီတင်ဆက်ပေးလိုက်တယ်
ဘ၀တူဘော်ဒါတို့ ခံစားချက်လေးတွေလည်းမန့် ခဲ့အုံးနော်
စာရေးတဲ့လူအားရှိတာပေါ့ဗျာ...

ကျွန်တော်တို့ သင်္ဘောဟာ အင်္ဂလိပ်ခေတ်က စစ်ဒဏ်ကြောင့်မြုပ်ထားတဲ့သင်္ဘောအခွံကိုဆယ်ပြီးဗမာ့နည်းဗမာ့ ဟန်နဲ့ ပြန်တည်ဆောက်ထားတဲ့သင်္ဘောဖြစ်ပါတယ်။ သင်္ဘောရဲ့ဘေးနံရံတွေဟာ သံပြားတစ်ပြားနဲ့ တစ်ပြားဆက်ထားတဲ့နေရာမှာ ၀ရိန် တိုက် မဟုတ်ပဲ ရက်ပစ် တိုက်ဖြစ်ပါတယ်…။ သင်္ဘောလေးနံရံတွေကိုကြည့်ရင်သံပြားဆက်ထားတဲ့နေရာတွေမှာ ကွမ်းသီးလုံးနှစ်စလောက်ရှိတဲ့
ဘုသီးလုံးစီစီရီလေးတွေကိုတွေ့ ရတတ်ပါတယ်။ wheel ခေါ်တပ်မထိန်းက တော့ လှည်းဘီး အ၀ိုင်းလောက်နီးနိးကိုကြီးတာပါ..။ဟိုက်ဒရောလစ်တိုက် မဟုတ်ဘူး.။ crown type ခေါ် ၀င်ရိုးနဲ့ ဆုံလည် မဟုတ်ဘူး .။ အ၀ိုင်းကြီးရဲ့အလည်မှာ ချိန်းပြားအကြီးကြီးတပ်ထားပြီး သင်္ဘောတပ်မကိုဘယ်ညာဆွဲရတာပါ.။

သံလိုက်အိမ်မြှောင်တစ်ခုကတော့ကောင်းကောင်းအလုပ်လုပ်ပါတယ်…။ဒါလေးကောင်းနေတာကိုးက တော်တော်
ကျေးဇူးတင်ရမဲ့ပုံပါပဲဗျာ…။သင်္ဘောက ပန်ကာနှစ်လက် အင်ဂျင်နှစ်လုံး ညာဘက်တစ်လုံးက မြင်းကောင်ရေပိုများတော့ သင်္ဘောထွက်ပြီဆိုရင် လေငန်းဆွဲနေတဲ့ရောဂါသည်လို ဘယ်ဘက်ကိုစောင်းငန်းစောင်းငန်းနဲ့ ထွက်ပါတယ်….။

သင်္ဘောဖွဲ့ စည်းပုံက ကုန်ပေါက်နှစ်ပေါက်ပါပြီး တစ်ပေါက်ကို တန်ချိန် ၄၀၀ စုစုပေါင်း တန်ချိန် ၈၀၀ တင်နိုင်ပြီးခိုးတင်မယ်ဆိုရင် ၉၀၀ လောက်ဆန့် ပါတယ်..။ သင်္ဘောအတွင်းပိုင်း စက်ခန်းအပေါ်ဘက်နားမှာ
မှောင်ခိုပစ္စည်းခိုးတင်လို့ ရအောင် သခိုးပေါက်တစ်ပေါက်ရှိပါတယ်…။LCT လိုက်ဖူးတဲ့သူတိုင်းဒါကိုသိပါတယ်.။

အဲ့ဒီအပေါက်က တန်၅၀ လောက်အသာလေးဆန့် ပါတယ်.။ သင်္ဘောကုန်ပေါက်ကြီးရဲ့အလယ်မှာ တစ်တန်ခွဲလောက်ရှိတဲ့ သစ်သားတန်းကြီး ကန့် လန့် ခံထားပါတယ်။ အဲ့ဒီသစ်သားတန်းပေါ်ကို အလျားလိုက်
သစ်သားတုံးထူထူ အပြားကြီးတွေ အံဝင်ခွင်ကျဖြစ်အောင်လုပ်ထားပြီး ကုန်ပေါက်အဖုံးအဖြစ်ဆင်ထားတာပါ..။
ပြီးမှ တာလပတ် အုပ်ရပါတယ်..။ ကုန်ပေါက်ဖွင့်ပြီဆိုရင် တာလပတ်အရင်ဖြုတ် ပြီးရင် သစ်သားပြားတွေ မနိုင့်တနိုင်မ လက်မညှပ်ဖူးတဲ့လူ မရှိပါဘူး..။ လက်ညှပ်ဖူးတဲ့အကြိမ်လည်းမရေတွက်နိုင်ပါဘူးဗျာ..။
သစ်သားပြားတွေကုန်သွားပြီဆိုရင်အလည်မှာ ကန့် လန့် တန်းကြီးတစ်တန်းကျန်သေးတယ်…။
အဲ့ဒီကန့် လန့် တန်းကြီးပေါ်ကို မျောက်တစ်ကောင်လို တတ် ပေါင်နဲ့ ညှပ် ခြေချင်းလိမ် တမ်းကိုလက်နဲ့ ကိုင်
အလည်ကို တဖြည်းဖြည်းချင်း ရွှေ့ သွားရပါတယ်…အလည်ရောက်ပြီဆိုရင် ဆလင်ကြိုးကို တန်းအလည်တဲ့တဲ့မှာသိုင်း ကရိန်းနဲ့ မရပါတယ်..။

မတက်ခင် အတွင်း ၃၇ မင်း အပြင် ၃၇ မင်းမကဘူး ရှိသမျှနတ်အပေါင်းကိုတိုင်တည်.. သမ္မဗ္ဒုသက်စေ့ရွတ်ပြီးမှ သင်္ဘောတစ်စီးလုံးပါတ်ကန်တော့ပြီးမှတတ်ရဲတယ်။
မတော်လို့ ပြုတ်ကျသွားရင် အရိုးတခြား အသားတခြားဖြစ်သွားမယ်.။ ကမ်းရိုးတန်းသင်္ဘောဆားဗစ်သမားတွေအတွက် ဘွိုင်လာစွပ်. Safety belt safety shoe လက်အိပ် ဂေါ်ဂယ်ခေါ်သံချေးခေါက်ရင်တတ်တဲ့မျက်မှန် ဘာမှရှိဘူး။ လိုချင်လား လိုချင်ရင် ကိုယ့်ဘာသာဝယ်။
ပဲလာမများနဲ့ ဒါကမ်းရိုးတန်းသင်္ဘော..။ မလိုက်ချင်ရင် အစောကြီးတည်းက ကီလီဆိပ်ကမ်းတောင်မလာနဲ့ တဲ့
စာရေးက..မှတ်သားလောက်ပါပေတယ်ဗျာ..။ ကျွန်တော်တို့ ကလည်းသည်းခံရမှာပေါ့ သင်္ဘောသားဖြစ်ချင်ကြတာကိုး….။ထားပါတော့ဗျာ..ဒီလိုနဲ့ ဘေထုပ်ထဲက အသေအချာရွေးလာတဲ့ 501
ဂျင်းဘောင်းဘီ အကြမ်းတစ်ထည်ကိုဝတ် ရှပ်အင်္ကျီခပ်နွမ်းနွမ်းတထည်ဝတ် ရှပ်အင်္ကျီမ၀တ်ရင်နေလောင်
အသားမည်း ကျောကွဲသွားလိမ့်မယ်။ ခေါင်းပေါ်မှာာ ပုဆိုးအစုတ်တစ်ထည်ကို နင်ဂျာလို ရုံပြီး ကုန်းပတ်ပေါ်မှာအလုပ်လုပ်ရတ်ာပါ…။

ကုန်ပေါက်ပေါ်မှာ ကရိန်းလို့ ခေါ်ဆိုလို့ ရနိုင်တဲ့ Derrick တစ်ချောင်းစီဆင်ထားတယ် အထင်မကြီးနဲ့ ပါဝါက ဟိုက်ဒရောလစ် မဟုတ်ဘူး.. တရုတ်နီ အင်ဂျင်တပ်ထားတာ
ကရိန်းထောင်နေတဲ့အချိန် ဝေးဝေးသာရှောင်ထား အခန့် မသင့်လို့ အင်ဂျင်ထိုးရပ်သွားရင် အောက်မှာနေတဲ့ကောင်နံပြားထောပတ်သုပ်ဖြစ်သွားမယ်…။ ကရိန်းကိုလို ချင်တဲ့အမြင့်ရောက်ပြီဆိုရင် ဒေါက်ထည့် လက်ရှင်ဖမ်း။ အတင်အချင်လုပ်တဲ့ ဂီယာပြောင်း…ရပါတယ်..။ ဒီကရိန်းရဲ့သဘောတရားက အတင်အချပဲလုပ်လို့ ရပါမယ် ဟိုဘက်ဒီဘက် လည်ဖို့ အတွက် ဂိုင်းကြိုးတပ်ထားပြီးလူနဲ့ ဆွဲရပါမယ်
လူနဲ့ ဆွဲဖို့ အတွက် ကျွန်တော်တို့ က တာဝန်ယူရပါတယ်..။

သင်္ဘောဟာကုန်ကြောင့်ဖြစ်စေ ရေတတ်ရေကျကြောင့်ဖြစ်စေ တစ်ဖက်ဆောင်းသွားပြီဆိုရင် တစ်ယောက်လည်းမနိုင် နှစ်ယောက်လည်းမနိုင် သုံးယောက်လေးယောက်လောက်ဝိုင်းဆွဲရတယ်..။ အဲ့ဒီ အခါ ကုလားတွေလိုပဲ ရဒမာပူ ဘေလေးဆပ် ဘေလေးဆပ် ဟေး ဟေးနဲ့  အော်ပြီး ဆွဲပြေးရတာပေါ့ဗျာ….။ပျော်စရာကြီးပါ..ဗျာ…။ တစ်ခါလောက်တော့ဆွဲကြည့်စေချင်တယ်ဗျာ…တကယ်ပါ..ပျော်စရာကောင်းလို့ ပါ.။
ဂိုင်းကြိုးမဆွဲချင်ဘူးလား…သွားကုန်ပေါက်ထဲဆင်း ကမာစီ..ကမာစီတယ်ဆိုတာ အပေါ်ကကရိန်းနဲ့ ချပေးလိုက်တဲ့ကုန်ကို အထဲမှာ ငပိသိပ်ငချင်သိပ် ရရင်ရသလောက်စီပေးရတာ…သက်သာမယ်များအောက်မေ့လား။ အခန့် မသင့်လို့ အထုပ်ခေါင်းပေါ်ပြုတ်ကျရင် နိုင်ငံခြားသင်္ဘောမလိုက်ရပဲ ကျော်သူ့ ကား ဇိမ်လေးနဲ့ ဖရီးစီးလိုက်ရလိမ့်မယ်။ ဂိုင်းကြိုးဆွဲတာမှနဲနဲသက်သာအုံးမယ်ဗျာ။

ဒါဆိုသင်္ဘောမှာသက်သာတဲ့လူမရှိတော့ဘူးလား..။ရှိပါသေးတယ်..ပထမဆုံးပုဂိုလ် စာရေး..ပြီးရင် သူကြီးတို့ 
ပဲ့နင်းတို့ စက်ချုပ်တို့ ပေါ့ဗျာ…အယ်ပြီးပြီဆိုရင်တော့ပါမန့် နင့်သင်္ဘောသားအလုပ်လုပ်ရတာချင်းတူပေမယ့်
သက်သာတဲ့နေရာမှာ ဒင်းတို့ နေရတယ်…။ စာရေးကရခိုင် ..ရခိုင်ဆိုတော့ရဲရဲတောက်မျိုးချစ်စိတ်ဓာတ်နဲ့ 
လူမျိုးကြိးဝါဒလက်ကိုင်ထားတဲ့သူ။ ပါမန်းနင့် သင်္ဘောသား ၄ ယောက်ခေါ်ထားတယ်..။ သူ့ သောက်မျိုးတွေကြီးပဲ.။ ၁ယောက်က နေရိပ်ထဲမှာ တာလီမှတ်တယ်၊ ၁ ယောက်က ကရိန်းမောင်းတယ်၊
၁ယောက်က ထမင်းချက် (ချက်ကြီး)၊ နောက်ဆုံးတစ်ယောက်က စက်ခန်းထဲ ဟိုနားယောင် ဒီနားယောင်။
စက်နဲ့ ပက်သက်လို့ အပ်ချုပ်စက်တောင် မြင်ဖူးတဲ့ကောင်မဟုတ်ဘူး။စက်ခန်းထဲမှာ JE နှစ်ကောင်လည်း
EER လက်မှတ်ရဖို့ ဆိုလား ကျွန်တော်တို့ လို ၂ လ ဒုက္ခလာခံတယ်ဗျာ…။ အဲ့ဒီတုန်းက သူတို့ က ၂ လ
ကျွန်တော်တို့ က တစ်နှစ်ပေါ့..။

သင်္ဘောက အမွေဆိုင်သင်္ဘော တရုတ်တွေပိုင်တာ မောင်နှမ ၇ ယောက်လောက်ပိုင်တယ်ကြားတယ်ဗျ
အတိအကျတော့ကျွန်တော်လည်းမသိဘူး အဲ့တုန်းက ကာလတန်ကျေး သိန်း၃၀၀၀လောက်တန်တယ်
သိန်း၂၅၀၀နဲ့ လာဝယ်တဲ့သူတွေရှိတာ မောင်နှမတွေ တစ်ယောက်တစ်ပေါက်နဲ့ မရောင်းဖြစ်ပဲ
ဆီအုန်း ကုမ္ပဏီတစ်ခုတစ်ရက် ၂ သိန်းနဲ့ ငှားလိုက်တယ်ဗျာ..။ ငှားတဲ့ကုမ္ပဏီက သင်္ဘောသားတွေစားရေးနေရေးသူတို့ နဲ့ မဆိုင်ရေးချ မဆိုင်..။

သင်္ဘောပေါ်ကိုတစ်ရောက်ပြီးတစ်ယောက်လာကြည့်တယ်…။ လာကြည့်တဲ့လူတိုင်းအကုန်သထိန်းကြီးပဲ
တပည့်တစ်ယောက်မှမပါဘူး…။ အကိုအကြီးဆုံးလုပ်တဲ့လူ က သူ့ လူယုံစာရေးသင်္ဘောမှာ တစ်ယောက်လာထားတယ် အငယ်ဆုံးညီမကလည်း သူ့ လူယုံစာရေး သင်္ဘောမှာလာထားတယ်
ငှားထားတဲ့ကုမ္ပဏီဘက်ကလည်း ကုန်စာရေးတစ်ယောက်လာထားသွားတယ်…။
သင်္ဘောပေါ်မှာ သိုင်းလောကလူစွမ်းကောင်းတွေအများကြီးပေါ့ဗျာ……..။
ကျွန်တော်တို့ က ဘာနဲ့ တူလဲဆိုတော့ ဘဲဥနဲ့ တူတယ် ကျောက်ပြင်ပေါ်ဘဲဥ ကျလည်း ဘဲဥကွဲတယ်
ဘဲဥပေါ်ကျောက်ပြင်ပိလည်း ဘဲဥကွဲတယ်….ဘယ်တတ်နိုင်မလဲ သင်္ဘောသားဖြစ်ချင်တာကိုး
အောင့်အီးသည်းညည်းခံပေါ့ဗျာ……။

ဒီလိုနဲ့ သင်္ဘောမှာလူစုံသလောက်ရှိတဲ့အချိန် လူရေကြည့်တော့
အယောက်၂၀ ကျော်လောက်ဖြစ်နေပြီ။ ထမင်းစားရိတ်သူဌေးကလာပေးတယ် တစ်ရက် ၇၀၀၀ ကျပ်နှုန်းနဲ့ 
အဲ့ဒီစာရိတ်ထဲမှာ ရေချိုဖိုး မီးသွေးဖိုး ဧည့်စာရင်းဖိုးအကုန်ပါတယ်…။ ဆန် ဆီ စား အခြောက်အခြမ်းတွေ အားလုံးဝယ်ပြီးသွားရင် ဟင်းစားရိတ်လူအယောက်၂၀ကျော်စာအတွက် ၁ ရက် ၂၀၀၀ ကျော်ကျော်လောက်ပဲကျန်တော့တယ် ..။ဒီကြားထဲ ချက်ကြီးက လဘက်ရည်ဖိုး ကွမ်းဖိုး ဆေးလိပ်ဖိုး အဲ့ဒီထဲက ဒိုင်ဗင်ထိုးသေးတယ်ဗျာ…။ အဲ့တော့ ကြက်သား ၀က်သား အမဲသား စားဖို့ အိပ်မက်ထဲတောင်ယောင်ပြိးမမက်နဲ့ ဗျာ..။ငါးခြောက် အာလူး ဗူးသီး ခရမ်းသီး ငါးမျိုးစုံ…ဒါတွေကကျွန်တော်တို့ အတွက်မိန်ရာဟင်းကောင်းပါ..။


တစ်ချိုငါးတွေမြင်ဖူးဖို့ မပြောနဲ့ နာမည်တောင်မကြားဘူးဘူး..။ ဘာတဲ့ ငါးခွေးလျှာ ငါးမဲလုံး ငါးလီးစုပ်
ကြောင်တောင်ကျော်ကြွေးရင်မစားတဲ့ ကြောင်မစားငါး…အစုံပါပဲဗျာ…။ ချက်ကြီးစချက်ကျွေးတဲ့နေ့ ကဆို
ချက်ကြီးရဲ့ရွှေလက်ရာ ယနေ့ အချိန်ထိ အသည်းထဲစွဲနေတယ် မေ့လို့ ကိုမရတာပါဗျာ..ရှာမှရှားပါးလက်ရာဗျာ..။
အလုပ်ကပင်ပန်း နေကပြင်း ဗိုက်ကစာ နာရီကိုကြည့်တော့ ၁ ချက်တီးနေပြီ…။

အတင်းအကန်ပြောလို့ ထမင်းစားခဏနား အဲ့အချိန် ဇလုံလလေးကိုင်ပြီး ထမင်းအိုးနားကိုသွားပြီး အိုးအဖုန်းလှန် ယောက်မကိုကိုင်ပြီး
အားရပါးရ ထမင်းကိုကလော်လိုက် ဂျွတ်ဆိုပြီး ယောက်မပါကျိုးသွားပါတယ်ဗျာ…..။ကျိုးမှာပေါ့ဗျာ ထမင်းက
ဆန်မကောင်းတော့ ကြမ်းပြီးမာတောက်အေးစက်နေတာကိုး…။ ကျွန်တော်လည်းဒေါသထွက်ထွက်နဲ့ 
ချက်ကြီးရေ နောက်နေ့ ကျရင် ထမင်းအိုးဘေးမှာ ပေါက်တူးတစ်လက်ထားထားပေးကွာလို့ ….။
ချက်ကြီးလည်းနဲနဲ အငွေ့ ထွက်သွားတယ်ဗျ…။ ထမင်းကြမ်းကို ဖြစ်သလို ကုတ်ခြစ်ထည့် ပြီး
ဟင်းအိုးအဖုံးကိုလှန်လိုက်ပါတယ် ခရမ်းသီးရေလုံပြုတ် စိမ်းစားငပိနံ့ လေးသင်းပြီး
ငရုတ်သီးစိမ်းလေးတွေ ဘောလော ဘောလော မျောနေတာနဲ့ ဗိုက်က ပိုဆာလာတယ်
ကြည့်ရတာတော့စားချင်စရာလေးဗျာ…

 ဒါနဲ့ ချက်ကြီးကိုမေးလိုက်တယ် ချက်ကြီး ဒါဘာဟင်းလဲ
ချက်ကြီးကလည်း ဂုဏ်ယူဝံကြွားတဲ့ဟန်နဲ့ ခေါင်းမော့ပြီး အဲ့ဒါ ငရို့ ရတ်ခိုင် ခရမ်းသီး ငပိချက် ကွတဲ့
ကျွန်တော်လည်းကိုယ့်ခွဲတမ်းကို ဇလုံထဲလောင်းထည့် တို့ စရာ သခွားသီးစိပ် ၂ စိပ်ယူပြီး
စားပွဲဝိုင်းမှာထိုင် နယ်ဖတ် အားရပါးရ တစ်လုတ် လွေးလိုက်ပါတယ်……။

“ဖွီး” ကနဲ ပါပဲ ပါးစပ်ထဲက ထမင်းတွေရော ဟင်းတွေရော မိုင်ကုန်ဘေးပတ်ဝန်းကျင်ကိုလွင့်စင်ထွက်သွားပြီး
သောက်ရေအိုးဆီ ခြေကုန်တင် ရေနှစ်ခွက် ဆင့်သောက်လိုက်ရပါတယ်ဗျာ…။ ပါးစပ်ထဲ ငရဲမီးထိုးထည့်လိုက်သလိုပဲဗျာ….။ဖြစ်မှာပေါ့ ဘယ်လိုချက်လဲမေးကြည့်တော့ ခရမ်းသီး ၅၀ သားကို
ငါးပိစိမ်းစားထည့် ငရုတ်သီးစိမ်း ၂၀ သားလောက်ထည့်ချက်ထားတာတဲ့…။ သူတို့ ရခိုင်တွေက ဘာမှမဖြစ်ဘူးတဲ့

 ကျန်တဲ့သူတွေလည်းအားလုံး အီစလံဝေပြီး ပူညံပူညံ ပုစိကွစိနဲ့ ချက်ကြီးကိုဝိုင်းမေတ္တာပို့ ပါလေရောဗျာ….။
ချက်ကြီးကလည်းဘယ်ရမလဲ ဆိုင်းဘုတ်တင်တာပေါ့ဗျာ….။ ဤသင်္ဘောသည် ထမင်းစားရိတ် မလုံလောက်သော အရိပ်အောက်တွင် ရှိပါသောကြောင့် ဗူးသိးရေလုံပြုတ် ခရမ်းသီးရေလုံပြုတ် ငါးပိဖုတ်နှင့်
အတို့ အမြှုပ်ကိုသာစားရမည်ဖြစ်ပါသောကြောင့် မကျေနပ်သူများကမ်းပေါ်ကထမင်းဆိုင်တွင် လွတ်လပ်စွာ
သွားရောက်သုံးဆောင်နိုင်ပါသည်တဲ့ဗျာ………..။

အပိုင်း(၃)လာမည်မျှော်
လင်းလက်

No comments:

Post a Comment