Friday, June 28, 2013

ဘာလဲဟဲ့ သင်္ဘောသား(၄)


ကျနော် အရွှတ်အနောက်တွေ ချည်း သိပ်ရေးနေတယ်လို့  ခံစားရတယ်ဗျာ…ဒီတခါ သင်္ဘောသားတယောက်ရဲ့ စည်းခြားထားတဲ့ အချစ်ဇာတ်လမ်းလေးတွေ ရေးချင်မိတယ်ဗျာ…ကိုယ်တိုင် ခံစားချက်မဟုတ်တိုင်အောင် အစ်ကိုတယောက်ရဲ့ ခံစားချက်ဆိုတော့ နားထောင်ရင်းနဲ့ ကို မမေ့နိုင်ဘူးပေါ့..ပြန်ရေးရတာ ဆိုတော့ နဲနဲပေါ့ သွားရင် ကျနော်ရဲ့ အမှားသာဖြစ်ပါတယ်..သူပြောတဲ့ ဇာတ်လမ်းတပုဒ် အစက ဒီလိုပါ. ကျနော် အရင်ထဲက ရေးထားဖူးပါတယ်...လောကတိုင်း မှာ လူကောင်းတွေ ချည်းဘဲ . မဟုတ်ပါဘူးလို့။ ။

ဒီလို အဆိုးအကောင်း အကျိုးအကြောင်းတွေကြောင့်ဘဲ လောကဓံ ဆိုတာ ဖြစ်လာရတယ် ဘဲ ထင်တယ်ဗျ…ဟဲ ဟဲ တရားစာတွေရေးတော့ မလားလို့တော့ မထင်ပါနဲ့ဗျာ…တကယ်တော့ အပြင်လက်တွေဘ၀က အဖြစ်တွေဟာ ပုံပြင်ထက်ထူးဆန်းနေတတ်တယ်ဗျာ…လွမ်းစရာလဲကောင်းနေပြန်ရောဗျာ..ဒီဇာတ်လမ်းလေး က တကယ်ဖြစ်ခဲ့တာ ပါ…ခုကစလို့ ကျနော်ဆိုတာ ကို ခဏမေ့ပြီး သူ(အစ်ကို)လို့ဘဲ မှတ်လိုက်ပါနော်.(တော်ကြာ ဖြေရှင်းရမဲ့ ကိစ္စ လေးတွေ ပါလာ နိုင်လိုပါ..) လူတွေက(အထူးသဖြင့် ကောင်မလေးတွေ)ထင်ကျတယ်ဗျာ…သင်္ဘောသားမှာ အသည်းနှလုံးအတု ရှိတယ်..မျက်နှာများတယ်ပေါ့လေ..တကယ်တော့ ရင်ခှန်တတ်စ အရွယ်မှာ စတွေ့တဲ့အချစ်ဦးကိုတော့ ဘယ်လိုမှ မေ့လို့မရနိုင်တာပါ….သူက ဘယ်သူလဲ.?????၁၉၉၆ ခုနှစ်၊ နိုင်ငံခြားဆိပ်ကမ်းမြို့လေးတမြို့…..
ဆရီနာ…သူနာမယ်က…သူက အင်ဒိုနီးရှား မလေး တယောက်ပါ….စတွေ့ကတည်းက စွဲလမ်းမိခဲ့တယ် ဆိုပါတော့ဗျာ…ကျနော်တို့ သင်္ဘောက အိန္ဒိယ နဲ့ စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား ကို စားအုန်းဆီတင်သင်္ဘော တစီးပါ…သူကို စတွေ့တာ အင်ဒိုက ကပွဲရှံ တခုမှာပါ….ညနေခင်းတခု ဂျူတီပြီးတော့
ဘိုစင်က “မောင်ငယ် မင်း ဒီည ကလပ်လိုက်ခဲ့”…ဆိုတော့ ကျနော်လဲ တက်ကြွနေတာပေါ့…ကိုရှေ့မှာက စီနီယာကြီးတွေ ပြောနေ ကျတဲ့ ကလပ်ကအကြောင်းတွေကိုကြားနေရတာကို…ရောက်လဲ ရောက်ချင်ဖူးချင်တာပေါ့လေ…တကယ်တော့ ကျနော်က သင်္ဘောသားသာဖြစ်လာတယ်…ရန်ကုန်က နာမယ်ကြီးတဲ့ ကလပ်တွေကို ကြားသာကြားဖူးတာ..ရောက်ဖူးခဲ့တာမဟုတ်ဘူး…ဒီလိုသွားရမယ်ဆိုတော့ပျော်နေတာပေါ့…ကလပ်ကိုရောက်တော့ ဘိုစင်က “မောင်ငယ် မင်း ဘီယာသောက်မလား “ဆိုတော့ သောက်မယ်ပေါ့လေ…Seaman Club ဆိုတော့ ကျနော်တို့ရောက်နေချိန်က အချိန်ကောင်းဆိုတော့ လူပြည့်နေတယ်..ကျနော်တို့ သင်္ဘောကလဲ သဘက်ခါ ထွက်ရမယ် ဆိုတော့ ဒီနေ့က နောက်ဆုံး ထွက်လည်ခွင့်ရတဲ့ ရက်ပေါ့….ကလပ်ရဲ့ တီးလုံးတွေ DJ ရဲ့ Remix တွေနဲ့ မြူးကြွနေတဲ့…ညကလပ် မြင်ကွင်းစုံ…ဘော်ဒါတို့လဲ သိပြီးဖြစ်လို့ သိပ်ရေးပြမနေတော့ပါဘူးဗျာ…ကျနော်က ပထမဆုံးစရောက်တာ ဖြစ်လို့ နဲနဲတော့ကြောက်သလိုလိုဗျ…ရီဝေေ၀ ဖြစ်နေတဲ့ကျနော်နားထဲကို အသံစိမ်းစိမ်းကြားလိုက်ရတယ်…”ံHello Frd,Why did you stay only one?”ကျနော် ဘ၀မှာ တုန်တုန်ယင်ယင်နဲ့ ဘာပြောရမှန်းမသိအောင် ကိုဖြစ်ခဲ့ရတယ်ဗျ..မိုင်နိမ်း အစ်စ် ဆရီနာ..လို့နှုတ်ဆက်ရင်းနဲ့ မင်းက ဘာလူမျိုးလဲ မေးတော့ မြန်မာ ပြန်ပြော လိုက်မိတယ်…မိန်းကလေးတယောက်နဲ့ စကားတောင်ကောင်းကောင်းမပြောဘူးတဲ့ ကျနော်က.မေးတာ တခြား ဖြေတာတခြားရယ်..ပြန်တွေးမိမှဘဲ ရှက်နေမိတယ်ဗျာ..
မင်းနဲ့ငါ ကချင်တယ်ပြောတော့ ကျနော်က ကတာဆိုရင် ငယ်ငယ်က သင်ထားတဲ့ ချိုမိုင်မိုင်လောက်တတ်တာ ကို…အစ်ကိုတယောက်ကတော့ ပြောဖူးပါတယ်..”မင်းကွာ ဘာခက်လို့လဲ…မင်းငယ်ငယ်က စက်ဘီးလေထိုးဖူးသလား၊စွန်ကိုရစ်ဘီး မပါဘဲ လက်နဲ့ရစ်ဖူးသလားတဲ့…”ဒါဆိုရပြီတဲ့…အဲမှာစ ခက် တာ…ခုဟာက နှစ်ယောက်တွဲက ရမှာ…သိတယ်ဟုတ်..ရင်ချင်းအပ်လို့ ခြေထောက်အတိုး အဆုတ် နဲ့ကရမှာလေ…ကဲ..ဘာရမလဲ..ကပြီပေါ့ .မြန်မာပီပီ…
ဒီလိုညလေး ကို ကျနော်မေ့လို့မရဘူးဗျာ..ဆရီနာရဲ့ မျက်ဝန်းနက်နက်တွေက ကျနော်ကို ညှို့နေသလို ခံစားရတယ်..သူနှုတ်ခမ်းထောင့် က မှဲ့ လေးက ကျနော်ကျီစယ်နေသလိုလို..ရယ်လိုက်တဲ့ ရယ်သံလေးက တခုခုကို တောင်းတနေသလိုလိုနဲ့
ဘိုစင် လာခေါ်မှ ကျနော်တို့ပြန်ရမဲ့ အချိန်ဆိုတာ သိလိုက်တယ်…အချိန်က ညနှစ်ချက်တီး….ဒီလိုနဲ့ ဆရီနာ ရှိက ဖုန်းနံပါတ်လေး ယူထားလိုက်တယ်ဗျာ..နောက်တရက် ဆက်မယ်ပေါ့လေ..့homesickဖြစ်နေတဲ့ ကျနော် ပျော်သလိုဖြစ်နေပြီ…. ဒါက သင်္ဘောသားဘ၀ လားပေါ့…ကျနော် ဒီည ဘယ်လိုမှ အိပ်လို့ပျော်မှာ ဟုတ်တော့ဘူးဗျာ..ဘယ်နေရာကြည့်ကြည့်လှနေတာ ကို…. အော် ဆရီနာ ရယ်..မင်းက ငါဘ၀ရဲ့ အရှင်သခင်လား….
ဆရီနာတို့ရွာလေး
ကျွန်းပေါင်း(၂၀၀)ကျော် နဲ့ ဖွဲ့စည်းတဲ့ ကျွန်းနိုင်ငံလေးရဲ့အနောက်ဘက်စွန်းစွန်းက ကမ်းခြေကို မျက်နှာမူထားတဲ့ ရွာငယ်လေး..
ကျနော်တို့ ကမ်းကပ်တဲ့ နေရာက သူတို့ရွာလေးနဲ့ မလှမ်းမကမ်းမှာ ရှိနေတယ်ဗျ..ကျနော် နောက်တခေါက် ပြန်ရောက်တော့ ဆရီနာနဲ့အတူ သူအိမ်ကို လိုက်သွားဖြစ်တယ်…ကျွန်းသားတွေ အများစု ဖြစ်လို့ နိုင်ငံခြားသားဖြစ်တဲ့ ကျနော်ကို စပ်စုလိုတဲ့ အကြည့်တွေနဲ့ပေါ့..ရိုးသားအေးဆေးတဲ့ အပြုံးတွေနဲ့….သူမိသားစုလေးကိုတွေ့လိုက်ရချိန်မှာ
ဖော်ရွေပျူငှာတဲ့ မိသားစု ဘ၀လေးကို ပြန်ရောက်သွားသလို ခံစားရတယ်..ဆရီနာ မှာ အစ်ကို တယောက်၊ လူမမယ် ညီမလေးတယောက်နဲ့ အမေအိုကြီးတယောက် ရှိတယ်ဗျ….တင်းကျပ်တဲ့ ဘာသာရေးလောင်းရိပ်အောက်က ဘ၀ ကို မိန်းကလေးတန်မဲ့ ရုန်းကန်နေရသူ…မိဘကို လုပ်ကျွေးဘို့ အလယ်တန်းပညာရေးအထိသာ သင်ကြားခဲ့ရသူ…မိသားစုဘ၀အတွက် ဘာမဆို ပေးဆပ်မဲ့သူမျိုးလေ…ကျနော်ဘယ်လိုမှ မလေးစားဘဲ မနေနိုင်ဘူးလေ..ကျနော်တို့နိုင်ငံမှာက ပေါ့ပေါ့နေကျလို့ ပျက်စီးတာ များတယ်.လေ..သူ့ အစ်ကိုက ရွာပြင် ကျွန်းအစပ်က ဆီအုန်းအလုပ်သမားလေးပါ..သူလဲ ရိုးသားတဲ့ သူတယောက်ပါ….ဒီလိုနဲ့ သူတို့ရွာလေးနဲ့ အိမ်ကို အင်ဒိုကိုရောက်တိုင်း သွားဖြစ်တယ်..သူမိသားစုလေးကို ကိုယ်မိသားစုလေးလို ခံစားရလာတယ်ဗျာ..စောစောပိုင်းကရေးခဲ့သလို လှိုင်းလေတွေ ဘယ်လောက်ကြမ်းကြမ်းခံနိုင်ပေ့မဲ့ မိန်းမတယောက်ရဲ့ ကြင်နာ ဂရုစိုက်မှုလေးကိုတော့ ယောင်္ကျားတိုင်း လိုချင်ကျတာဘဲ မဟုတ်လားဗျာ…လူတွေပြောတတ်ကျတဲ့ အချစ်က ယောင်္ကျားတယောက်ရဲ့ ဘ၀မှာ တစိတ်တဒေသ သာပါဝင်တယ် ဆိုပေ့မဲ့ အရေးကြီးတဲ့ အပိုင်းဆိုတာတော့ မလွဲဘူး ထင်တယ်နော်…
ကျနော် စာချုပ်က နောက်(၂)လဆိုရင်ပြည့်ပြီလေ..ကျနော် ဆရီနာ နဲ့ ခွဲရမှာလဲ ကြောက်တယ်..ကျနော် “ဘာလုပ်ရမလဲ”
သင်္ဘောက သူတွေက လဲ ပြောကျတယ်..”ဒီကောင်တော့ အရူးအမဲသားကျွေးသလို ပေါ့”နောက်ဆုံး အပြင်ထွက်ခွင့်မပေး ဘို့ အထိတောင် သူကြီးကိုတောင်းဆို လာကျတယ်…ဒါတောင် သူကြီးက သဘောကောင်းသူမလို့ ဘာမုမပြောတာ..
နောက်ဆုံးတခေါက် သင်္ဘော ပြန်မထွက်ခင် ဆရီနာ နဲ့တွေ့ ဘို ချိန်းလိုက်တယ်..
ကမ်းခြေက ညလေးတည…ပင်လယ်ကို ဖြတ်တိုက်တဲ့
လေက ရေမှုန်တိုကို သယ်ဆောင်လာလို့ ရင်ထဲ….တချက်တချက် တစိမ့်စိမ့်နဲ့….လလေးကလဲ ကွေးနေလိုက်တာ သူလဲ
စိတ်မကောင်းလို့ ငိုနေတယ် ထင်တယ်…”အော် ဆရီနာရယ်….မငိုပါနဲ့နော်..ကိုယ် မင်းရှိကိုပြန်လာမှာပါ..တကယ်တော့ ကိုယ်မင်းနဘေးမှာ အမြဲရှိနေချင်တာပါ “လို့ပြောရင်းနဲ့ သူရဲ့လက်ဖ၀ါးနုနုလေးကို ဆုပ်ကိုင်ရင်း အနမ်းတပွင့်ကို
သူနဖူးထက် ပေးလိုက်တယ်..ခဏနေတော့ မှသူကိုယ်တိုင် လုပ်ထားတဲ့ ကရုပုတီးလေးကို ဆွဲပေးရင်း
“မင်း ငါကို မေ့လိုက်ပါတဲ့…မင်းအရမ်းပင်ပန်းလိမ့်မယ်တဲ့”ကျနော် ဘာလုပ်ရမှာလဲဗျာ…ဘ၀မှာ အချစ်ဆိုတာ သိခွင့်ရချိန်မှာဘဲ ဆုံးရှံးရတော့မှာလား..ကံကြမ္မာက ပဲ လှည့်စားတာလားဗျာ….မီးရောင်တချက် အလင်းမှာ..လှမ်းတွေ့လိုက်တယ်.. သင်္ဘောက လူနှစ်ယောက်..ဘိုစင်နဲ့ အခြားတယောက်..ကျနော်ကိုလိုက်ရှာနေကျတာ နေမှာ…”ထွက်ပြေးရအောင်လား ဆရီနာ..ပြီးရင် မင်းနဲ့ငါ
လူမရှိတဲ့ကျွန်းလေးတခုမှာ ဘ၀ကို ဇာတ်မြုပ်လိုက်ကျမယ်ပေါ့’”….ဒါပေ့မဲ့ ဆရီနာက လုံးဝမလိုက်ခဲ့ဘူးဗျာ…” ကျနော်ကိုစောင့်နေမဲ့ အကြောင်း၊ကြာကြာနေရင် အသတ်ခံရနိုင်ကြောင်း ခြေဟန်လက်ဟန်နဲ့ ပြောရှာတယ်…””.ကျနော်ကို တော်တော်ချစ်တယ် ဆိုတာ သိလိုက်ရတယ်..
ဒါနဲ့ ကျနော်ပြန်ခဲ့ရတယ်ဗျာ…သင်္ဘောပြန်ရောက်လို့ ခဏနေတော့ ရေကြောင်းပြရောက်လာလို့ စတေရှင်ခေါ်ပြီး ကမ်းက ခွါပြီ…နှုတ်ဆက်ခဲ့တယ် ဆရီနာရယ်….နောက်တနေ့ သူကြီးခေါ်တယ်ဆိုလို့
သွားတော့ သူကြီးက” မောင်ငယ် မင်းစင်ကာပူမှာ ပြန်ရမယ် ကြေးနန်းဝင်လာပြီကွ”ဘာလဲကွာ..ဒါမရှိးသားဘူး..သက်သက်ချောက်တွန်းတဲ့ သူ ရှိတယ်ပေါ့…ဘာတတ်နိုင်မလဲဗျာ…ကိုနေချင်ဘာတယ်ဆိုလိုတောင် နေလို့မရတာ..သင်္ဘောသား ဘ၀ ပဲပေါ့”…စင်ကာပူကနေ ရန်ကုန်ပြန်ရောက်ပေါ့….ဒါပေ့မဲ့ ကျနော်စိတ်တွေက ဆရီနာ ရှိမှာဘဲ ကျနေခဲ့တာပါ….လူတွေကပြောကျတယ်..အချိန်က ကုစားသွားမယ်ပြောပေ့မဲ့ နေမြင့်လေ အရုးရင့်လေပဲလား..ဆရီနာရယ်….ကျနော်လဲ ရုံးကိစ္စတွေ မြန်မြန်ပြီးအောင် လုပ်ရင်း မိဘတွေရှိတဲ့ နယ်ကို ပြန်လာဖြစ်ခဲ့တယ်..အမေနဲ့အဖေ ကတော့ ပြုံးလို့ပျော်လို့ပေါ့…ကျနော်ကတော့ အမြန်ဆုံး သင်္ဘောပြန်တက်ပြီး ဆရီနာနဲ့ အတူအခြေချ နိုင်ဘို့ကို
ကြိတ်ပြီး စဉ်းစားနေမိတယ်…နယ်မှာတော်တော်ကြာကြာနေပြီးလို့ ရန်ကုန်ကို ပြန်လာခဲ့တယ်…ဆေးစစ်ဘို့ ကုန်ပ္မဏီက ခေါ်လို့ပါ….ရန်ကုန်က နာမည်ကြီးဆေးခန်း မှာ ဆေးစစ်ပြီးလို့ အဖြေထွက်လာချိန်မှာတော့ ကျနော်အရုးမီးဝိုင်းဖြစ်ခဲ့ရတယ်ဗျာ..ကျနော်မှာ အသည်းရောင်အသားဝါ စီ(C)ပိုးတွေ့ လို့တဲ့ ကျနော် သင်္ဘောသား အလုပ်ကိုဆက်လုပ်ခွင့် မရနိုင်တော့ ဘူး။ ဆရီနာ နဲ့လဲ ပြန်မတွေ့နိုင်တော့ဘူး… သူပေးထားတဲ့ ဖုန်းနံပါတ်လေး ခေါ်ပေးမဲ့ မကိုင်ဘူးဗျ..(ခုခေတ်လို ဆက်သွယ်ရေးစနစ်က မကောင်းဘူးလေ)…ကျနော်လဲ သူကို မြန်မာနိုင်ငံခေါ်လို့ရအောင် ကြိုးစားပြန်တယ်…မဖြစ်နိုင်မှန်း သိပေ့မဲ့ အချစ်စိတ်က အရာရာကို ဦးဆောင်နေပြန်ရော…သူငယ်ချင်းတွေ တိုက်တွန်းကျပြန်ရော..အိမ်ထောင်ပြုဘို့…အချစ်မပါဘဲ အိမ်ထောင်ပြုဘို့ဆိုတာကဆားမပါတဲ့ဟင်း လိုပေါ့ရွတ်ရွတ်နဲ့…လို့ ပြောခဲ့တဲ့ အစ်ကိုကို ကြည့်ပြီး ကျနော် စိတ်မကောင်း ဖြစ်ရတယ်..ခှဆို Tanker သင်္ဘောလိုက်ခဲ့တဲ့ ဒဏ်တွေရယ်…အချစ်ဦးနဲ့လွဲ ခဲ့ရတဲ့ စိတ်ရယ် ပေါင်းပြီးတော့ အသည်းကင်ဆာရောဂါနဲ့ အစ်ကို ဆုံးသွားတာ ခုဆို (၇)နှစ်လောက်ရှိရောပေါ့…သူသိပ်ချစ်ရတဲ့ ဆရီနာတို့ရွာလေးလဲ ဆူနာမီ ရေလှိုင်းအောက်ရောက်ခဲ့ရပြီလေ..ဆရီနာလဲ အသက်ချမ်းသာရရဲ့ လား ..ဘယ်သူမှမသိနိုင်တော့ဘူးလေ…ဆရီနာပေးထားတဲ့ ကရုပုတီးလေးကတော့ အစ်ကို အိမ်ကနံရံလေးမှာ ချိတ်ထားဆဲပါ..ပုတီးလေးကိုမြင်တိုင်း အစ်ကိုရယ်.၊ဆရီနာရယ်၊ရွာလေးရယ်..ပျော်ခဲ့ကျဖူးတဲ့ ကမ်းခြေမြို့လေးကို လဲသတိရမိတယ်….ယောင်္ကျားတယောက်ရဲ့ သစ္စာက သူသေတဲ့အထိ ရှိနေခဲ့တယ် ဆိုတာ ကတော့ လေးစားမိတယ်ဗျာ…ကျနော် သူငယ်ချင်းတွေ လဲ ရေခြားမြေခြား ချစ်သူလေးတွှေနဲ့ ပေါင်းစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…(စာကြွင်း၊၊ ၊၊ စာထဲက အချက်အလက်လေးများ လွဲခဲ့ရင် ကျနော် အမှားသာ ဖြစ်ပါတယ်…)
မျိုးငယ်(၁၁.၆.၂၀၁၃)

No comments:

Post a Comment