Monday, July 9, 2012

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ နှစ်

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။ နှစ်

နှစ်။ ကြယ်တွေ စုံတဲ့ ည။

ကြယ်တာရာတွေ ဂြိုလ်ကြီး ၉ လုံးနဲ့ နက္ခတ် ပွဲသဘင် ဆင်ယဉ်မှာ မို့ ဒီတစ်ညတော့ လမင်းရေ နင်မသာနဲဦးလို့ သီဆိုခဲ့ ရတဲ့ညတွေ၊
ကြယ်တွေစုံတဲ့ ညတွေ ကို မရေတွက်နိုင်အောင် ကျနော်တို့ ဖြတ်သန်းခဲ့ကြပါသည်။ ခဏတာမဟုတ် နာရီပေါင်းများစွာ နေ့ပေါင်းများစွာ
ညတိုင်း ကြည့် နေရင်းနဲ့ အသက်ကြီးလာခဲ့ ရပါသည်။

နေထွက်ရာအရပ်သည် အရှေ့ ၊ကျောဘက်နေ၀င်ရာအရပ်သည် အနောက်တဲ့
ဓူဝံကြယ်ရှိရာအရပ်သည် မြောက် Southern Cross ကြယ်စု ရှိရာအရပ် သည် တောင် ၊ အရပ်လေးမျက်နှာ ကို သိရှိရင် ကျနော်တို့ လမ်းစရှာတွေ့ ပြီလေ။
လမ်းမပျောက်နိုင်တော့ဘူးပေါ့။ တကယ်ဆို compass မှာ အရပ် ၃၂ မျက်နှာ ရှိတယ်ဆို တာကို သင်္ဘောသားတွေဘဲ သိတာပါလေ။
ကမ္ဘာကြီးအပါဝင် ဂြိုလ်ကြီးကိုးလုံး ထဲ မှာ သိတ် ဝေးလွန်းတဲ့ ယူရေးနပ်စ်၊ပလူတို ရယ် ၊နက်ပ်ကျွန်း တို့ ကလွဲပြီး ကျန် ဂြိုလ် ၅လုံးကို
ကျနော်တို့ ကောင်းကင်ယံမှာ တွေ့မြင်ရပါတယ်။ကြယ်တွေ က အရောင်လက်ပြီး ဂြိုလ်တွေ က တည်ငြိမ်ပါတယ်။

ရောင်နီဦးနဲ့ နေ၀င်ရီတစ်ရော အချိန်တွေ မှာ တွေ့ ရတတ်တဲ့ ဧရာမကြယ်ကြီးလို့ ထင်ရတာတွေ က ဂြိုလ်တွေဖြစ်ပါတယ်။ ဓူဝံကြယ်နဲ့ မမှားစေချင်ဘူး။
Legendary ဖြစ်တဲ့ Pole star သို့ Polaris လို့ခေါ်တဲ့ ဓူဝံကြယ်လေးဟာ သေးသေး မှုံမွှားလေးပေမဲ့
ဟိုးရှေးရှေးတုန်းက သင်္ဘောသားကြီးတွေ အတွက် လမ်းပြကြယ်ဖြစ်ခဲ့ဖူးပါတယ်။
ရန်ကုန် ဆောင်းညတွေမှာ တိမ်ကင်းစင်ပြီး ကြယ်တွေ ပိုစုံတတ်တယ် အဲလိုညတွေ မှာ ခုနှစ်စဉ်ကြယ် စု ကိုများတွေ့ ခဲ့ရင် (စွန်ကိုကြိုးတပ်ထားတဲ့ ပုံမို့)
ကျွန်တော်တောင် ငယ်ငယ်ကလေးထဲက သိပါတယ်။
အဲ့ ဒီကြယ်စုရဲ့ အပေါ်ဆုံး က အလက်ဆုံး ကြယ် နှစ်ပွင့် ကို စိတ်ကူး မျဉ်းရေးဆွဲ ပြီး မြောက်ဘက်လို့ ထင်ရ တဲ့ ဘက်ကို လိုက်သွားကြည့်ရင်
တည်တည် ငြိမ်ငြိမ် နဲ့ လင်းလက်နေတယ် ဓူဝံကြယ်လေးကိုတွေ့ရပါလိမ့်မယ်။
စိတ်ကူးယဉ်တတ်မယ်ဆိုရင် ကဗျာတစ်ပုဒ် သီချင်းတစ်ပုဒ် ၀ထ္ထုတစ်ပုဒ် လောက်တော့ အသက်သွင်း လို့ ရမှာပါ။

ကောင်းကင် တို့ ပင်လယ်တို့ မည်သည် လေထုရေထု အတိမ် အနက် ရောင်ပြန်ဟပ်နေတဲ့ တိမ်တွေ ပင်လယ် ကြမ်းပြင်တွေ ကိုလိုက်ပြီး အပြာ မီးခိုး အစိမ်း
အညို မဲမှောင်ပြောင်းကြလေ၏။
စာဆိုရှိပါသည်။ ပင်လယ်သည် လူကို ရူးသွပ်စေသည် တဲ့ ။ လမင်း ကလဲ Lunatic တွေ ဖန်တီးပါတယ်
ခဏနေရတဲ့လူတွေ ထား...ကျနော့် လို ၁၂-၄ ဂျူတီ ... နှစ်ပေါင်း များစွာကြာမှတော့
ကျွန်တော်တို့ စိတ်တွေ ကဆင့်ကလျားပေါ့။
ကျနော် ရူးတာကို အပြစ်မမြင်ပါနဲ့ အမေရယ်။
မှတ်မှတ်ရရ အဖေဆုံးတဲ့ ညက ဆို အဲဒီ လို ကြယ်တွေ အောက်မှာ
ဝေလငါးတစ်ကောင်လို ကျနော် အော်ငို နေတာ၊ ထို့ နောက် ရက်ပေါင်းများစွာငိုကြွေးခဲ့တာ ၁၂- ၄ ဂျူတီ ညတွေ မရေတွက်နိုင်ခဲ့ပါ။

ကမ္ဘာ ရေပြင်ထဲ က အနက်ရှိုင်းဆုံး နေရာ ကို ကမ္ဘာ့ အမြင့်ဆုံး ဧ၀ရတ်တောင် ဖြင့်ဖို့ ရင်တောင် မလုံလောက်ပါ။
ကျနော်သိသော ဧ၀ရတ်သည် ပေ ၃၀၀၀၀ ခန့်သာရှိပါသည်။
Philipines အရှေ့ ပိစိဖိတ် သမုဒ္ဒရာ တစ်နေရာက ကမ္ဘာ့အနက်ဆုံး Challenger Deep သည် မီတာ ၁၂၃၅၀ ပေ ၄၀၀၀၀ ကျော် နက်ရှိုင်း ပါသည်။
တစ်ခါက သင်္ဘောသူ့ အနားဖြတ် စဉ် သူကြီးမသိအောင် ခိုး ပြီး အပေါ်မှ ဖြတ်ဖူးအောင် လမ်းပြောင်း ပြီး ဖြတ်ခဲ့ပါသည်။ ဘာမှ မထူးပေမဲ့ ကိုယ့်ဖာရင်တော့ ရွှေတိဂုံ ဘုရားက ဓါတ်လှေကားငယ်ငယ်က
စီးရသလို တသိမ့်သိမ့်လို့ပင် စိတ်ကထင် ပီတိဖြစ်ရလေသည်။

သုံး။ လက်ပြသွားသောတိမ်များ။

တိမ်ဖွဲ့စည်းပုံ အခြေခံ ၁၀ မျိုး ရှိပါသည်။ အမြင့် ၃ မျိုး အလတ် ၃ မျိုး အနိမ့် ၄ မျိုး တို့ ဖြစ်သည်။
တိမ်တွေ အနိမ့်အမြင့် ပုံပန်း ပြောင်းလဲခြင်းကို ချစ်သူမျက်နှာကြည့်သလို တစိမ့်စိမ့်ကြည့်ကာ ရာသီဥတု ကိုခန့်မှန်းနိုင်ပါသည်။
ညိုမည်းနေသော တိမ်တောင်များရှိ လျှင် လျှပ်တစ်ပြက် ထစ်ချုံးမိုးရွာတတ်ပါသည်။
ထို့အတူတိမ် ကြောင့် လ ထီးဆောင်းတာ မြင်ရရင်တော့ နောက်နေ့ တစ်နေကုန် နေပူပါတော့သည်။
ကုန်းပတ်မှ အလုပ်များ ဦးစားပေးလုပ်ကြရသည်ပေါ့။

နွေရယ်မိုးရယ် ဆောင်းဦးရက်များရယ်၊ နေရယ်လရယ် မိုးကုပ်စက်ဝိုင်းမှာ ၀င် လာထွက်သွား အလင်းမှောင်တွေဆိုတဲ့ သီချင်း
ကျနော်တို့ အတွက်များရေးထားခဲ့လေသလား၊ပြောင်းလဲမှုတွေ ကြားမှာ ခံစား၊ပင်လယ်ပြင်များစွာ ကောင်းကင် ပိတ်ကားများစွာတို့ဖြင့်
ရာသီစက်ဝိုင်း ပတ်ခဲ့ပါသည်။ မျက်စေ့တစ်ဆုံးမိုးကုပ် စက်ဝိုင်း မှာ လွမ်းမောစရာ ပုံရိပ်များစွာတို့သည် တိမ်တွေနဲ့ အတူဖြတ်သန်းသွားလေသည်။
ပင်လယ်မှ သန့်ရှင်းသောလေကိုရှူရှိက် သည် ၊ ရေခဲရိုက် သော အစာများကို စားပါသည်၊ ပင်လယ်ရေကို ပြန်ကြိုသော ရေကိုသောက်ပါသည်၊
မြေကြီးဓါတ်မရှိသော သံမဏိပြားကိုသာနင်းပါသည်။
သွားလေရာ နေရာအနှံသည် သံသားထုထည်နဲ့ ပြီးစေသောကြောင့် ကျနော့် တွင် ဒဏ်ရာများစွာရှိပါသည်။
သို့သော် စိတ်ထဲက ဒဏ်ရာတွေ ကိုတော့ မှီနိုင်မည်မထင်ပါ။

သင်္ဘော သား ဘ၀ သည် ငယ်ငယ်က စစ်ဗိုလ်ဖြစ်ချင်တဲ့ ကျနော့်အတွက် တော့ အထိုက် အလျောက်
ကျေနပ် ရသည်အထိ ကြမ်းတမ်းခက်ထန်သည်ဟု ယူဆလျင် လဲရနိုင်ပါသည်။
မြန်မာပြည်ပြန်ရောက်သည်နှင့် ဖုံတွေ မီးခိုးငွေ့တွေ ရှုရသောကြောင့် နှာစေး ချောင်းဆိုး လည်ချောင်းနာ နားကိုက် ဖြစ်လေတော့သည်။
သင်္ဘောသားဖြစ်ပြီးချူချာရန်ကော အပြစ်တင်စောကြပါသည်။
အမှန်က ရန်ကုန်မြို့ ၏လေထု သည် ကမ္ဘာ့စံချိန် အောက်တွင်များစွာရောက်နေပါသည်။
လမ်းဘေး အစားအစာ များ သည် ပင် ကျနော်တို့ စားရသော ရေခဲရိုက် အစာတို့ထက်
ပိုဆိုးနေသည်မှာလဲ လူနေမှု အဆင့်လွန်စွာနိမ့်ကြသောကြောင့်ပ
ကျနော်တို့ က ဗမာပီသစွာ လမ်းဘေးစာစားနေသော်လည်း B ပိုး C ပိုး များကတော့ စောစီးစွာ ရန်မူကြပါသည်။

ဒီကြားထဲ ဘယ်သတ္တ၀ါ ကစလိုက် သည် မသိ HIV ပိုး မြန်မာပြည်ကို စတင်သယ်လာသူက သင်္ဘောသားဟုဆိုသောအရပ်စကား ပင်ဖြစ်လေသည်။
ထိုကိစ္စအားပြန်လည် တုံ့ ပြန်နိုင်ရန် အချက်အလက် များစွာ ကျနော်တို့ မှာရှိပါသည်။ သို့သော် များများ မပြောချင်ပါ၊
မြန်မာပြည် ရန်ကုန် မြို့ ရှိ Night Club ကာရာအိုကေ အနှိပ်ခန်း ဘိန်းခန်းများ ပြည့်တန်ဆာတွေ ကို
ဘယ်သူတွေ အသုံးများသလဲ စစ်တမ်းကောက်ကြည့်စေချင်ပါသည်။

ညစဉ်ညတိုင်း ပျော်ပါးမုးရစ်နေသူများစာရင်း တွင် လူအများစု အထင်ကြီး လေးစားကြသော
လူကုံထံ ကြောင်သူတော်များစွာကို အံ့သြစွာတွေ့ ရှိရပါလိမ့်မည်။
လူသုံးများတဲ့ စကားနဲ့ပြောရရင် You are just seeing the Tip of the Iceberg လို့ ပြောပါရစေ။
ကျနော်တို့ မြန်မာပြည် လူဦးရေ သန်း ၆၀ မှာ သင်္ဘောသား လက်ရှိ active က တစ်သိန်းမရှိပါဘူး
ဂဏန်းသင်္ချာ နားလည်ရင် တွေးကြည့် တွက်ကြည့်စေချင်သည်။

ခေတ်ကြီးသည်လျင်မြန်စွာပြောင်းလဲနေပါသည် တိုးတက်နေသည်ဟု ပြောလျင် မငြင်းချင် သော်လည်း၊
ဆုတ်ယုတ်နေပါသည်ဟုပြောလျင်လည်း ထောက်ခံပါသည်။Vision ရှိရန် အမြင်ကျယ်ကျယ် ကြည့် တတ်ကြရန် လေ့ကျင့် ကြရပါမည်။


ဆက်ရန်...



written by Yar Zu ( MSU ADMIN )

No comments:

Post a Comment