Friday, April 26, 2013

နေ့အလင်း၌ပင် တွေ့ရသော အမှောင်ထုများ။


ကျွန်တော်၏ အမည်မှာ “မောင်ခံရ” ဖြစ်ပါသည်။
အမည်ရင်း(စံရ)မှာ မြန်မာအမည်များ၏ အစဉ်အလာအတိုင်း မစံရဘဲ အမြဲခံနေရပါသဖြင့်
ကျွန်တော် ကိုယ်တိုင်က ကျေကျေနပ်နပ် ခံယူထားသောအမည် ဖြစ်ပါသည်။
ကျွန်တော့်အမည်အရ ကျွန်တော်သည် အင်္ဂါသားဖြစ်မည်ဟု ပြောသည်။
မွေးနေ့ မွေးရက် အတိအကျမရှိ မသိပါ၊ မွေးစာရင်းမရှိ၊ မှတ်ပုံတင်မရှိ၍ သန်းခေါင်စာရင်းမှာ ဝေးလာဝေးသေးပင် ဖြစ်၏။

ကျွန်တော့် အဖေက “ဦးသက်ရှည်” ကျွန်တော် ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်ဟု အဘဘုန်းကြီးက မြွက်ကြားတော်မူဖူးသည်။
အမေက “ဒေါ်စိန်သီး” ဖြစ်သော်လည်း ခြူးတစ်ပြားပင် ကောက်စရာမရှိ ကျွန်တော် နှပ်ချေးတွဲလောင်း အရွယ်တွင် ချွဲကြပ်၍ ကွယ်လွန်ခဲ့ပြီး၊
ကျွန်တော့်အတွက် အမေ့အမွေ အသုဘစားရိတ် တစ်သောင်း အကြွေးဆပ်ရန် ရွာခေါင်းထံ ကျန်ရှိခဲ့ပါသည်။ အခုတော့ ကျေသွားပါပြီ။
အတိုးအရင်းဟုဆိုကာ ၃နှစ်ခန့် ကျွန်တော်ဆပ်ရသည်မှာ ၃ သောင်းခန့် ဖြစ်သွားသည်ဟု ရွာသားတစ်ချို့ ပြောဆိုနေသည်ကို ကြားပါသည်။
သောင်းတို့ သိန်းတို့ ကျွန်တော်သိပ်မသိပါ။

ဘ၀သည် လွန်စွာပျော်စရာ ကောင်းပါသည်။
အဘယ့်ကြောင့်ဆိုသော် ဘုန်းကြီးအား နင်းနှိပ်ပေးရင်း၊ ညည မိုးဒီနှင့်မော့(စ်)တို့ ဗွီဒီယိုကြည့်ရသောကြောင့် ဖြစ်ပါသည်။
သို့သော် ကြာကြာမပျော်ရပါ။ ဘဘုန်းကြီး ပျံလွန်တော်မူလေသော် သူရှိစဉ်ကတည်းက ခဏခဏ ထိပ်ခေါက်၊ နရင်းတီးကာ၊
မနက်အိပ်ယာ နိုးလျှင် ဗိုက်ပေါ်တက်နင်းကာ နှိုးတတ်ပြီး၊ ကုဠီအိုး ဆေးခိုင်းလေ့ရှိသော၊ အားရင် ချဲတွက်လေ့ရှိသော
ဒုကျောင်းထိုင်က ကျွန်တော့်ကို မြို့သို့ နှင်လေသည်။

ကုန်ကားနောက်လိုက် ‘မွတ်တားကြီး’ ပို့လိုက်သော ခြံစောင့်ကြီး ‘ရန်ကနား’ အဖီကို ရောက်လာရသောကျွန်တော်
မိုးဒီနှင့်မော့(စ်)တို့ကို လွမ်းသော်လည်း အမီတာဘချမ်း အကြောင်း အိပ်ယာဝင်တိုင်း ပြောတတ်သဖြင့် နားနှင့်နေ့တိုင်း ယဉ်ပါးလာသည့်အပြင်
‘ရေခါး’ဆိုတာ သောက်စရာမဟုတ် ချစ်စရာဟု ရန်ကနားပြောသော ကုလားမင်းသမီးလေး ဓါတ်ပုံတွေ့မှ တကယ်ဟုသိရလေ၏။

ကျွန်တော်သည် ဘုန်းကြီးသင်ပေး၍ သုံးတန်းစာထိ တတ်ပါသည်။ ဘိုလို A to Z သိပါသည်။
1 to 10 အထိ ယင်းဂလိပ်လို ရေးတတ်ပါသည်။
သုည၊ ဇီးရိုး၊ ‘၀’လုံး၊ အို နှင့် စက်ဝိုင်းတို့ကို တစ်ခါတစ်ရံ မသဲကွဲပါ။
ကျွန်တော်နေသော နေရာမှာ --------- စောင့်ရှောက်ရေး အသင်းကြီး၏ အနောက်ဖက်နံရံကြီးကို အမှီသဟဲပြုကာ အဖီထိုးထားသော
နွားတင်းကုပ်သာသာ တဲကလေးမှာ ဖြစ်ပါသည်။ ရန်ကနား ဆုံးတော့ ကျွန်တော့်ကို ဆက်ထားပါသည်။

ကျွန်တော့်တွင် သွားစရာနေရာ မရှိပေ။
အလုပ်အကိုင် မယ်မယ်ရရ မရှိသော်လည်း ‘ညစောင့်’ ဟု မကြာခဏ ပြောဆိုသည်ကို ကြားရ၏။
ညဘက် ဘာကိုစောင့်ရသည်တော့ မသိပါ။ ကျနော်သိတာ မိုးလင်းအောင် စောင့်ရသည်သာ နေ့ခင်းဘက်တွင်လဲ မအိပ်ရပါ။
အမှိုက်လှဲ၊ ခြံရှင်း၊ ပစ္စည်းသယ်၊ သန့်ရှင်းရေး၊ ရေပိုက်လဲ၊ မီးလုံးလဲ၊အိမ်သာဆေး၊ လိုတာပြေးဝယ်၊ အဆူ၊ အဆဲ၊ အဟိန်း၊ အဟောက် အမြဲခံရလေသည်။

သို့သော် စည်းကမ်းထိန်းသိမ်းသော အန်တီကြီးတစ်ယောက်ထဲထံမှသာမဟုတ် လာသမျှ လူပေါင်းစုံထံမှ
ဆူဆဲခံရခြင်းကြောင့် ကျွန်တော်သည် ကမ္ဘာပေါ်တွင် အသုံးမကျဆုံး လူတစ်ဦးဖြစ်သည်ကိုတော့ သူတို့ပြောသော စကားများအရ
အတိအကျ အသေအချာ နားလည်ပါသည်။

မနက်တစ်ခါ၊ ညနေတစ်ခါ ထမင်းနှင့်ဟင်း အကျန်များကို လာပေးပါသည်။
တစ်ဝက်တစ်ခြမ်းကျန်သော အသား၊ငါးများကို ပေးကာ ‘နင်’ အရမ်းကံကောင်းတယ်မှတ်ဟု ခဏခဏပြောသဖြင့်
ကျွန်တော်ကံကောင်းလာကြောင်း သိလာရလေသည်။ ပျော်သလိုလိုတော့ ခံစားမိပါသည်။
ကျွန်တော့်တွင် ပိုင်ဆိုင်မှုဟူ၍ ထမင်းဟင်းချက်သော ဒန်အိုးတစ်လုံး ရှိပါသည်။
မနက်စောစော ဆန်ပြုတ်သောက်သော၊ ရေနွေးသောက်သော အိုးဖြစ်ပါသည်။

ကျွန်တော်ဆန်ပြုတ် အလွန်ကြိုက်ပါသည်။ ဆန်ကွဲပြုတ်ဟုခေါ်က ပိုမှန်ကန်မည်ထင်ပါသည်။
မွေးကတည်းက ဆန်ကွဲပြုတ်သာ စားလာရသဖြင့် တစ်ခြား ဘာစားစားကောင်းမည်ဟု မထင်တတ်တော့ချေ။
ထို့အပြင် အ၀တ်ဟောင်းတစ်ချို့နှင့် စွန့်ပစ်ပစ္စည်းအချို့ ရှိပါသည်။
ကျွန်တော်သည် ပစ္စည်းစုဆောင်းခြင်းကို လုံးဝလုံးဝ မခုံမင်ခဲ့ပေ။
ပစ္စည်းစုလျှင် “အလိုရမက်ကြီးတတ်တယ်” ဟု အဘဘုန်းကြီးစကားကို နာခံပါသည်။

ကျွန်တော် အိပ်သောအခါ ကြမ်းခင်းပေါ်မှာ အိပ်ပြီး၊ ကျွန်တော့် အခင်ဆုံးဘော်ဒါများနှင့် ညစဉ်ညတိုင်း ၀ိုင်းဖွဲ့စားသောက်ကြပါသည်။
သို့သော် ကျွန်တော်က ဒိုင်ခံကျွေးပြီး သူတို့က စားသုံးကြလေ၏။
ဘော်ဒါများကို ချစ်စနိုးဖြင့် “ကိုခြင်နှင့်ဦးဂျပိုးတို့အဖွဲ့”ဟု လေးလေးစားစား ခေါ်နေကြမြဲပင်ဖြစ်ပါသည်။

ကျွန်တော့်ဘ၀တွင် လူများခိုင်းသဖြင့် အပြင်ထွက် ဈေးဝယ်ချိန်တွေမှာ ပျော်စရာအကောင်းဆုံးဟု ထင်ပါသည်။
လမ်းတွင်တွေ့သမျှလူအားလုံးကို ကျွန်တော်အမြဲ ပြုံးပြီး နှုတ်ဆက်ပါသည်။
တစ်ချို့ ပြန်ပြုံးပြကြသလို၊ ဆဲဆိုကြသူတွေလည်းရှိပြီး၊ ကျွန်တော့်ကို စကြ၊ နောက်ကြသူ ကလေးများ နှင့် ဖက်တက်တတ် ခွေးကလေးတစ်ကောင် မုန့်ဆိုင်နားတွင် ရှိပါသည်။
တစ်ခါတစ်ရံ တောက်တိုမယ်ရ ခိုင်းစဉ်ရထားသော ပိုက်ဆံ အကြွေတစ်ချို့ဖြင့် ခွေးကလေးကို စာကလေးခွေ ၀ယ်ကျွေးပါသည်။

နေမင်းကြီးသည် ကျွန်တော့်မျက်နှာပေါ်တွင် စူးစူးရဲရဲ ထိုးနေ၍ ထင်ပါသည်။
ကျွန်တော့် အာခေါင်များ အလွန်ခြောက်ကာ ရေငတ်နေသည်။ ၀မ်းဗိုက်နှင့်ရင်ဝမှ အလွန်နာကျင် နေပါသည်။
လူတစ်ကိုယ်လုံး ကိုက်ခဲလေးလံကာ ထုံကျဉ်နေသည်ဟု ထင်ပါသည်။
ရင်ဘတ်ပေါ်တွင် စိုက်ဝင်နေသော ဓားကို နှုတ်ပစ်ရန် ကျွန်တော့်တွင် အင်အားမရှိပါ။ အနီးနားမှာ အသံတစ်ချို့ မသဲမကွဲကြားရပါသည်။

ရဲအမှု ကွ ‘မကိုင်နဲ့’၊ ‘မထိနဲ့’ ဟု အော်သံတစ်ချို့လည်း ကြားရသည်။
ဆေးရုံပို့ မှပေါ့… တော်ကြာ သွေးထွက်လွန်ပြီး သေတော့မှာဘဲ ဟု အဖွားကြီးတစ်ဦး ရေရွတ်သံ ကြားမိသည်ထင်ပါသည်။
ကျွန်တော် လဲလှောင်းနေသော ပလက်ဖောင်းသည် တစ်ဖြည်းဖြည်း အေးစက်လာသည်ဟုထင်မိပါသည်။

နေ့ခင်းကြီးပေမဲ့ အမှောင်တွေ ချက်ချင်းကြီး ရောက်လာသလိုပင် ခံစားရသည်။အသဲ အေးကနဲ အေးကနဲ နိမိတ်ပုံရိပ်တွေဗွီဒီယိုကြည့်သလို ပြေးလွှားနေပါသည်။
ပြန်တွေးမိသည်က… ... …
“ကျွန်တော် ခွေးကလေးနှင့် ဆော့နေသော လမ်းကွေ့သို့ ကားကြီးတစ်စီး အရှိန်ဖြင့် ကွေ့ဝင်လာကာ တိုက်မိမလိုဖြစ်သည်။
ကျွန်တော် လဲကျသွားသည်။ ခွေးကလေးကို ကားကြိတ်သွားသည်။ ခြေထောက်ကျိုးသွားသည် ထင်သည်။
သူအော်နေသည်မှာ ဆူညံပွတ်လောရိုက်သွား၏။ ကားခဏရပ်သွားသည်။ ကျွန်တော် ဒေါသ မဖြစ်စဘူးဖြစ်ကာ ခဲဖြင့် ကားကို ပေါက်လိုက်မိသည်။ နောက်မှန်ကွဲသွားသည် ထင်ပါသည်။
လူ ၃ယောက် (လူငယ်လေး ၃ယောက်) ပြေးဆင်းလာသည်။

ကျွန်တော့်ကို ဗွီဒီယိုထဲကလို ထိုးကြိတ်ကြသည်။ ဖိနပ်များဖြင့် နံကြားကို ကန်သည်။ မောင်းချဓားကို ထုတ်ကာ ထိုးသည်။
‘အောက်တန်းစား’ ဟူသော စကားကို အကြိမ်ကြိမ် ရွတ်ဆိုကြလေသည်။ ထို့နောက် ကားပေါ်တက်ကာ ပျောက်ကွယ်သွားပါသည်။
ထိုကားကြီးသည် လွန်စွာ လှပပါသည်။ နံပါတ်ပြားပင် မရှိသေးချေ။ ကျွန်တော် လဲကျသွားသည့်နောက် အသိအာရုံတို့ နှေးသွားသောကြောင့် ထင်ပါသည်။
သေချာမမြင်ရတော့ပါ။ အရာရာေ၀၀ါးသွားလို့နေပါသည်။

ကျွန်တော့် မျက်နှာကို ခွေးကလေးက လာလျှက်လေသည်။
သူ့၏ လျှာကလေးသည် ချမ်းနေသော ကျွန်တော့်အတွက် လွန်စွာ နွေးထွေးပါသဖြင့် ဝေဒနာကြားမှ ကျွန်တော် ကျေနပ်စွာ ပြုံးမိပါသည်။
ထို့နောက်တော့… … … … အမှောင်ထုကြီးက ကျွန်တော့်ကို သိမ်းပိုက်သွားပါတော့သည်။

ရောင့်ရဲနိုင်သူများ ကိုယ်စား။ @ရာစု

0 comments:

Post a Comment