Friday, April 12, 2013

ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ကျပ်သန်း ၃၇၀၀၀ ကျော်ဖြင့် အပြီးအပြတ်ရောင်းချ


ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် မြေ ၁၁ ဧကကျော်ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်သို့ ကျပ်သန်း ၃၇၀၀၀ ကျော်ဖြင့် အပြီးအပြတ်ရောင်းချ

ပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် မြေ ၁၁ ဧကကျော်ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ကျပ်သန်း ၃၇၀၀၀ ကျော်ဖြင့် အပြီးအပြတ် ရောင်းချပြီးဖြစ်ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။


ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ပိုင်ဆိုင်သည့် မြေ ၁၁ ဒသမ ၇၀၇ ဧကရှိသည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ကျပ် ၃၇၉၁၇ ဒသမ ၂၂၅ သန်းဖြင့် ၂၀၁၁ ခုနှစ်ကတည်းက ရောင်းချခဲ့ခြင်း ဖြစ်သော်လည်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းမှသာ ငွေအကျေ ပေးသွင်းနိုင်ခဲ့သည်။


ဗိုလ်အောင်ကျော် ဆိပ်ကမ်းအတွက် ငွေအကျေ ပေးသွင်းပြီး ဖြစ်သဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ စနစ်တကျ လွှဲပြောင်းပေးရန် အကြောင်းကြားထားကြောင်း သိရသည်။


ထို့ပြင် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား ၀ယ်ယူသူ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက် မြေဂရန် ထုတ်ပေးနိုင်ရေးကို ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ နိုင်ငံပိုင် အချိုးအစားကို လျှော့ချ၍ ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပြောင်းလဲတိုးတက် လုပ်ဆောင်နိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ဒုတိယသမ္မတက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပါဝင်သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အဖြစ် ပြင်ဆင်ဖွဲ့စည်းထားပြီးလည်း ဖြစ်သည်။


ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်သည် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ စိစစ်ခြင်းနှင့် ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း မပြုသည့် နိုင်ငံတော်က မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့်စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား စီးပွားရေးအရ တွက်ခြေ ကိုက်မှုရှိ/မရှိ စိစစ်သုံးသပ်မှုများ ဆောင်ရွက်ရမည်လည်း ဖြစ်သည်။


ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေး အခြေခံမူများနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဟု သိရသည်။


နိုင်ငံတော်ပိုင် ပစ္စည်းများ၊ စီမံကိန်းလုပ်ငန်းများကို ပုဂ္ဂလိကပိုင် လွှဲပြောင်းရာ၌ စီမံကိန်းအပေါ် အကဲဖြတ်ရေး၊ တန်ဖိုးဖြတ်ခြင်း၊ အစုရှယ်ယာများ ရောင်းချရေး၊ အများရှေ့တွင် လေလံတင်ခြင်း၊ အိတ်ဖွင့်တင်ဒါစနစ် စသည့်အရည်အသွေးများနှင့် ပြည့်စုံစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


Source - Eleven Media Group Facebook Page.

No comments:

Post a Comment