Monday, August 12, 2013

ပညာရေးအပေါ်ထားရှိသော လူငယ်တို့၏အမြင်အချို့

MMU ရောက်ကြယ်စင်လေးများရဲ့ အနာဂတ် ဆောင်းပါး အပေါ် ပြန်လည်ဆွေးနွေး အကြံပြုထားသော ဆောင်းပါးဖြစ်ပါသည် ။ ယနေ့ခေတ်ပညာရေးအပေါ် အမျိုးမျိုးသောကျောင်းသားများ(စာတော်၊ စာညံ့၊ ဥာဏ်ကောင်း၊ ဥာဏ်မကောင်း) က အမျိုးမျိုးသောအမြင်များ၊ အယူအဆများ ထားရှိကြပါသည်။ ယင်းတို့အနက် စိတ်ပျက်စရာအကောင်းဆုံးမှာ (မြန်မာ့ပညာရေးက)အလုပ်အကိုင်အခွင့်အလမ်းမရှာပေးနိုင်ခြင်း ကို လက်ညိုးထိုးစွပ်စွဲစရာ အဖြစ် ပုံဖော်ကြပါသည်။ ပညာရေးသည် အလုပ်အကိုင်ရှာပေးခြင်းမဟုတ်ပါ။ အလုပ်အကိုင်ရှာရာတွင် လွယ်ကူစေသောကိရိယာတစ်ခုသာဖြစ်သည်။ အင်္ဂလိပ် လိုခပ်နက်နက်ဆိုရလျှင် It is just a tool that makes you easy to search for a job. သို့ဆိုလျှင် “အလုပ်မရမှတော့ ဒီပညာကိုအလကားအချိန်ကုန်ခံ၊ပိုက်ဆံ ကုန်ခံပြီး သင်နေပါ့ဦးမလား” မေးကောင်းမေးနိုင်ပါလိမ့်မည်။ ထိုမေးခွန်းအတွက် အကောင်းဆုံးအဖြေက အင်တာနက်မှတွေ့ရသောစာလေးတစ်ကြောင်းကိုပင် ညွန်းချင်ပါသည်။ “It is not to find a job, but to create one for yourself”. အင်မတန်ရှင်းလင်းသောအဖြေဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ “အလုပ်ဆိုတာရှာနေဖို့မဟုတ်ပါဘူး။ သင့်ကိုယ်တိုင် သင့်အတွက်ဖန်တီးယူလိုက်ပါ”တဲ့။ မြန်မာ့ပညာရေးသည် လက်တွေ့ဖြင့်မနီးစပ်ဟု အချို့အချို့သော ကျောင်းသားများ(ဆရာ၊ဆရာမများပါ) တွေးမြင်ကြပါသည်။ ထိုအတွေးအမြင်သည် အတိုင်း အတာ တစ်ခုအားဖြင့်မှန်ကန်ပါသည်။ အိုင်းစတိုင်းကြီးသည် E=mc2 ဆိုသော အင်မတန်ကြောက်ခမန်းလိလိနိုင်လှသော အီကွေးရှင်းကို မည်သည့်လက်တွေ့ ပစ္စည်း(ယုတ်စွအဆုံး စမ်းသပ်ဖန်ပြွန်)တစ်ခုမှမပါဘဲ တွက်ထုတ်ပြသခဲ့သည်။ စတီဖင်ဟော့ကင်းဆိုသောပုဂ္ဂိုလ်ကြီးကလည်း အာကာသကြီးထဲသို့ ဥပဒဟိုသွား လာခြင်းမပြုဘဲ မှန်ပြောင်းတစ်လက်ဖြင့် တွင်းနက်ကြီးများ (Black Hole)များကို ကြံကြံဖန်ဖန် တွေးဆဆင်ခြင်ပြခဲ့သည်။ ထိုသာဓကများသည် လက်တွေ့သည် သာ အခရာဆိုသောဝါဒကို အပြည့်အ၀မထောက်ခံပါ။ သို့သော်ငြားလည်း တကယ်လက်တွေ့တွင် လုပ်ကိုင်ရသော အင်ဂျင်နီယာအတတ်ပညာများအတွက်မူ လက်တွေ့ပစ္စည်းများသည် အသက်တမျှအရေးကြီးပါသည်။ သင်ရိုးညွန်းတမ်းများ(အခြေခံ၊ အဆင့်မြင့်) ကိုလည်း ခေတ်မမီဟု ကျောင်းသားအချို့က ဝေဖန်သုံးသပ်ကြပါသည်။ ထိုအရေးကိစ္စသည် ကျောင်းသားများနှင့် မဆိုင်ဟု ဆရာ၊ဆရာမများက ဆူပူကြိမ်းမောင်းနိုင်သော်လည်း ကျောင်းသားများ၏ဝေဖန်မှုကိုမူ လျစ်လျူမရှုထားသင့်ပေ။ ကျွန်တော့်အမြင်ပြောရလျှင် အခြေခံ ပညာသင်ရိုးညွန်းတမ်းများသည် အတိုင်းအတာတစ်ခုအထိသာ ပြင်ဆင်ရေးဆွဲရန်လိုအပ်သည်ဟု ယူဆပြီး အဆင့်မြင့်ပညာရေးသင်ရိုးညွန်းတမ်းသည် လုံးဝ ပြည့်စုံကောင်းမွန်သည်ဟု မဆိုသာသော်လည်း လက်ခံနိုင်လောက်သည့် အတိုင်းအတာရှိပါသည်။ ကျောင်းသားများရေလိုက်လွဲနေသည့် ကိစ္စတစ်ခုကိုတင်ပြချင်ပါသည်။ “ခေတ်မီသင်ရိုးညွန်းတမ်းများကို တတမ်းတမ်းတသသဖြစ်နေခြင်း” ပင်ဖြစ်သည်။ ထိုကိစ္စ ကိုပင်ရေးကြီးခွင်ကျယ်လုပ်ကာ မိုးကိုဒူးနဲ့ ပြေးဆောင့်ချင်နေသည့် ကျောင်းသားများ အများအပြားတွေ့မြင်နေရပါသည်။ နိုင်ငံတကာတက္ကသိုလ်များ၌ပင် အခြေခံ သိသင့်သိထိုက်သည့် သီဝရီများ၊ ပုစ္ဆာများကို တွက်ချက်နေကြရဆဲဖြစ်ပါသည်။ အင်ဂျင်နီယာပုံဆွဲပညာရပ်ကို လွယ်ကူသက်သာစေသည့် ဆော့ဖ်ဝဲများ ဈေးကွက်အတွင်း၌ အလွယ်တကူဝယ်ယူရရှိနိုင်သော်လည်း မီးမလာသောအရပ်ဒေသ၊ ကွန်ပျူတာမရှိသောအရပ်ဒေသ၌ ထိုအင်ဂျင်နီယာသည် အလုပ်မလုပ် တော့ဘဲ နေမည်လားဟုမေးချင်ပါသည်။ အလွယ်ကြိုက်ခြင်းသည် နေရာတိုင်းမကောင်းပါ။ ကျူရှင်အပေါ်ထားရှိသည့်ကျောင်းသားများ၏သဘောထားကလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ အချို့က ကျူရှင်ကို လိုကိုလိုအပ်သည်ဟုဆိုသည်။ အချို့က မလိုအပ်ဟုယူဆသည်။ ဥပမာဆေးတက္ကသိုလ်ကျောင်းသားအားလုံးလိုလိုသည် ကျူရှင်တက်ကြရပါသည်။ ထိုကိစ္စကိုကျွန်တော်အခုထိ နားမလည် နိုင်သေးပါ။ လူဦးရေနှစ်ထောင်ကျော်သာရှိသော တက္ကသိုလ်တစ်ခုတွင် ပညာသင်ယူနေသည့် ကျွန်တော့်အဖို့ ဆေးကျောင်းသားများ ကျူရှင်ယူရသည့်ကိစ္စကို နားမလည်နိုင်သည်မှာလည်း သဘာဝကျလှပါသည်။ နိုင်ငံတကာတွင် ပညာသင်ရန်ရည်ရွယ်ထားသော ကျောင်းသားတစ်ဦးအနေဖြင့် ကျူရှင်ဆိုသောအရာကို လုံးဝမျက်နှာမမူရန် အရေးကြီးသည်ဟုထင်ပါသည်။ ကိုယ့်လက်ကိုယ့်ခြေဖြင့်လုပ်ရကိုင်ရသော နိုင်ငံခြားကဲ့သို့သော အရပ်ဒေသ၌ ကျူရှင်သည် ဆေးမြီးတိုသာ ဖြစ်ပါလိမ့်မည်။ စိတ်ပျက်စရာကောင်းလှသော ကျောင်းသားများ၏ ပညာရေးဆိုင်ရာ အပြုအမူတစ်ခုကိုလည်း တင်ပြချင်ပါသေးသည်။ အတန်းလည်းမှန်မှန်မတက်၊ စာလည်း မှန်မှန်ပြန်မကူး၊ စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်( အချို့ကလည်း လက်ပူတိုက်) ကျောင်းသားပေါင်းစုံ၊ ကျောင်းသူပေါင်းစုံအား စာရှင်းပြခိုင်းသည့် ကျောင်းသားများကို မြင်တွေ့ရသည်မှာ ဒေါ်သထွက်စရာလည်းကောင်း၊ သနားစရာလည်းကောင်း၊ ရယ်စရာလည်းကောင်းပါသည်။ ရယ်စရာကောင်းသည်မှာ မိမိလေ့လာသင်ယူနေ သော ပညာရပ်ဆိုင်ရာ သင်္ကေတများကို ကျောင်းမတက်ခြင်း၏အကျိုးကျေးဇူးအဖြစ် ပေါက်ကရလေးဆယ် ခေါ်ဝေါ်သုံးစွဲ၍ဖြစ်ပါသည်။ ထိုကျောင်းသားများသည် အလုပ်ရှာရတာ သိပ်ခက်ခဲတာပဲဟု လူရှေ့သူရှေ့ငြီးပြတတ်ပါသည်။ ဘာမှမဟုတ်သော ကျောင်းလေးကိုမှ မှန်အောင်မလာနိုင်သူ တစ်ဦးကို အင်မတန်အရေးကြီးသော အလုပ်ခွင်ထဲသို့မှန်အောင်လာမည်ဟုမည်သူမျှ မယုံကြည်ပါ။ ဒါသင်၊ ဒါမေး၊ ဒါကျက်၊ ဒါဖြေ (အချို့လူတတ်ကြီးများ ယင်းကဲ့သို့ မြန်မာ့ပညာရေးကိုစွပ်စွဲတတ်ပါသည်) ၀ဲဂယက်သံသရာကြီးထဲတွင် အများတကာတို့ လွယ်လွယ်ကူကူ ကူးဖြတ်ကျော်လွှားနေချိန်၌ အထက်ဖော်ပြပါ အမောင်သကောင့်လေးများသည် ရုန်းရင်းဆန်ခတ်ဖြစ်ကာ မရှုနိုင်မစိမ့်နိုင်ဖြစ်နေရပါသည်။ ထိုသူများအတွက် အလုပ်ဆိုသည်က လိုက်လေဝေးလေဖြစ်နေရ သည်မှာ အဆန်းတော့မဟုတ်ပါ။ “ပညာကိုဈေးပေါပေါနဲ့ရတာ ဒီမြန်မာနိုင်ငံပဲကျန်တော့တယ်” ကျွန်တော့်ဆရာမတစ်ဦး(ဌာနမှူး)ပြောဖူးပါသည်။ ထိုစကားမှန်ကြောင်း ကျွန်တော်ထောက်ခံပါ သည်။ သို့သော် လက်တွေ့ပစ္စည်းဖြည့်ဆည်းနိုင်မှု လစ်ဟာချက်ကြောင့် နိုင်ငံရပ်ခြားသို့ ငွေကုန်ကြေးကျများစွာဖြင့် ပညာသင်ထွက်သွားသူ များစွာရှိကြောင်းကို လည်း ယနေ့ထုတ်သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများထဲတွင် ဗုံးပေါလအော ပါရှိသည့် အေးဂျင့်ခေါ် ပညာရေးအတိုင်ပင်ခံကြေငြာများက သက်သေထူနေပါသည်။ ထိုလူငယ်များကို မေတ္တာရပ်ခံလိုသည်မှာ (မိမိတို့ကုန်ခဲ့သည်များကို ပြန်ရှာပြီးနောက်) ကျွန်တော်တို့နိုင်ငံတွင် ပြန်လည်အခြေချ ပညာများပြန်လည်ဖြန့်ဝေပေး ရန်ဖြစ်ပါသည်။ ၀မ်းနည်းစရာကောင်းသည်က ဘီစီ၊ အေစီ (BC, AC) အစရှိသော သံရုံးစာကြည့်တိုက်တွင် ၀င်ထွက်သွားလာနေကြသော နိုင်ငံခြားသို့ပညာသင်သွားရန် အားခဲ ထားသူများသည် မြန်မာ့ပညာရေးကို မှိုချိုးမျှစ်ချိုး ပြောတတ်ကြပါသည်။ နိုင်ငံတကာတွင် မြန်မာ့ပညာရေးကို မျက်နှာပန်းပွင့်အောင်လုပ်ဆောင်နေသူများကို လည်း နည်းနည်းပါးပါးလိုက်ရှာဖွေပြီး အားကျအတုယူသင့်ပါသည်ဟုပဲ ယင်းတို့ကိုပြောချင်ပါသည်။ မြန်မာ့ပညာရေးစနစ်ပျက်စီးနေပါပြီဟုလည်း အချို့ကဆိုကြပါသည်။ အမှန်က မြန်မာ့ပညာရေးစနစ်ကမပျက်စီးပါ။ ကျောင်းသား၊ ကျောင်းသူများကသာပျက်စီး နေသည်ဟုဆိုချင်ပါသည်။ ကျွန်တော်တို့၏ ဆရာမတစ်ဦးဖြစ်သူက ”ကျောင်းသားက ကျောင်းသားတာဝန်ကျေအောင်လုပ်ရင်ပြီးပြီ” ဟုပြောပါသည်။ လက်ရှိ တွင် ကျောင်းသားသည် ကျောင်းကိုပင်မလာပါ။ ကျောင်းမလာသော ကျောင်းသားကြောင့် မြန်မာ့ပညာရေးစနစ်ပျက်စီးနေပါပြီဟုပင်ဆိုချင်ပါသည်။ တက္ကသိုလ်သည် မြို့ထဲတွင်မရှိ၊ ဝေးလံသောအရပ်၌ရှိခြင်းကိုလည်း အချို့ကရမယ်ရှာပုံဖော်ကြပါသေးသည်။ အင်းစိန်အာအိုင်တီသည်လည်း ယခင်က မြို့ပြင်၊ လှည်းတန်းရန်ကုန်ပင်မတက္ကသိုလ်သည်လည်း ယခင်က တောရိုင်းသတ္တ၀ါများပင်ရှိသောအရပ်၊ ယခုမှသာ မြို့ဧရိယာကြီးမားလာခြင်းကြောင့် မြို့ထဲနှင့် နီးသွား သည်ဟုထင်ရခြင်းဖြစ်သည်။ အမှန်စင်စစ် နီးခြင်း၊ဝေးခြင်းသည် ပဓာနမဟုတ်၊ ကျောင်းသွားလိုစိတ်ရှိခြင်း၊ မရှိခြင်းသည်သာ ပဓာနဖြစ်ပါသည်။ တက္ကသိုလ်နှင့် နီးသော အဆောင်တွင်နေပြီး တက္ကသိုလ်မတက်သော ကျောင်းသားများလည်းဒုနဲ့ဒေးရှိပါသည်။ ထောက်ကြန့်မှ သန်လျင်သို့ နေ့စဉ်ကျောင်းတက်သော ကျောင်းသားလည်းရှိပါသည်။ ယုဇနမှ ရွှေပြည်သာ ကျောင်းမှန်မှန်သွားသော ကွန်ပြူတာတက္ကသိုလ်ကျောင်းသားလည်းရှိပါသည်။ မြန်မာ့ပညာရေးစနစ်သည် ခြောက်ပြစ်ကင်းသဲလဲစင်ကြီးမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအားဖြင့် လက်ခံနိုင်စရာရှိသည်ဟု ကျွန်တော်ထင်ပါသည်။ အဓိကမှာ ကျောင်းသားများ၏ပညာရေးအပေါ်ထားသော သဘောထားအမြင်များပြောင်းလဲရန်သာဖြစ်ပါသည်။ ထိုသို့ ပြောင်းလဲရန်မှာ ကောင်းမွန်သော ပညာရေးစနစ်နှင့် စပ်ဆိုင်သည့် အမူအကျင့်များကိုလေ့လာပြီး လက်တွေ့ကျင့်သုံးသွားရန်သာရှိပါသည်။ — Henry Thet Naung Cho

No comments:

Post a Comment