Tuesday, August 28, 2012

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။( အဆုံးသတ် )




အပိုင်း၆။ ။ “သင်္ဘောသားတွေ ဘာလုပ်?”

အဓိကအလုပ်သည် ထုထည်ကြီးမား များပြားစွာသော ကုန်ပစ္စည်းများကို ပွိုင့် A, B, C, D မှ ပွိုင့် E, F, G အစရှိသည်တို့ထံ အပျက်အဆီး၊ အဆုံးအရှုံး၊ အလေအလွင့် နည်းနိုင်သမျှနည်းအောင် သယ်ယူဝန်ဆောင် ပေးရခြင်းပါ။ 1st May တိုက်ပွဲဝင်သူရဲကောင်းကြီး စပါးတာကဒ် အသက်စွန့် ရယူပေးခဲ့သော “မေဒေး” (May Day) Resolution အရ ကမ္ဘာ့အလုပ်သမား ရပိုင်ခွင
့်မူ အလုပ်သမားတစ်ယောက်သည် တစ်နေ့လျှင် ၈နာရီ အလုပ်လုပ် ၈နာရီ အိပ်စက်ကာ ၈နာရီ အပမ်းဖြေ တိုးတက်လေ့လာသမှုပြုရပါသည်။ ထို့ကြောင့် ၂၄ နာရီ လည်ပတ်နေသော သင်္ဘောပေါ်တွင် ဂျုတီသာချိန်းသည် အလုပ်ကားမရပ် စနေ တနင်္ဂနွေ အားရက်လည်း မရှိပေ။


တစ်စီးလုံးအုပ်ချုပ်သူ ရေယဉ်မှုး၊ မာလိန်မှုး၊ ကပ္ပတိန်၊ skipper oldman သူကြီး၊ Ah Lou ခေါ် ခေါင်းဆောင်သည် ခေါင်းထိုးခံရန် အမြဲ အသင့်ဆောင်ထားရ၏။ ကျန်အရာရှိ ၃ဦး Chief Officer (အရာရှိချုပ်)၊ Second Officer (ဒုတိယ အရာရှိ)၊ Third Officer (တတိယ အရာရှိ)၊ ကျွမ်းကျင်သင်္ဘောသား AB able bodied ‘တက်မ’ကိုင် များက တစ်ရက်လျှင် ၄နာရီစီ ည၊ နေ့ ၄နာရီ ကုန်းပတ် အလုပ်အရာရှိများကား ၈နာရီ (ည ၄၊ နေ့၎) ၂ပိုင်း ခွဲကာ တစ်ဦးလျှင် ၈နာရီ သင်္ဘောဦးခန်းတွင် ဂျူတီကျလေသည်။ ကျန်အချိန်များတွင် အပန်းဖြေ တီဗွီကြည့်၊ အင်တာနက်သုံး၊ စာရေး၊ စာဖတ်၊ စာသင်ဝိုင်းဖွဲ့ စုစည်းပျော်ရွှင်စွာ နေကြပါသည်။

သင်္ဘောကြီး နှင့်တစ်ကွ ကုန်များ၊ အလုပ်လုပ်နေသူများ အသက်အန္တရာယ်ကင်းစေရန် ၂၄နာရီ အမြင်၊ အကြား၊ အသံ၊ ရေဒါ၊ မှန်ပြောင်း၊ မျက်လုံး တွင်တွင်သုံးကာ စောင့်ရှောက်နေရပါသည်။

ဂျူတီလေးနာရီ အချိန်တွင်း ၃၆၀ဒီဂရီ ကောင်းကင် နှင့် ပင်လယ် တိုက်ခိုက်နိုင်စွမ်းရှိသော ပစ်မှတ်တို့ကို ရှာဖွေနေရ၏။ ကင်းစောင့်ဆိုသည်မှာ ထိုင်မနေရပါ။ ထိုင်လျှင် အိပ်ချင် ပျင်းရိလာကာ တာဝန်လစ်ဟင်းသော် ဆုံးရှုံးမှုကြီးမားကာ အသက်များစွာသေကျေနိုင်ပါသည်။ တစ်ရက်ကို ၈နာရီ ဂဏှာမငြိမ်သော အကျင့်သည် နှစ်အလွန်ကြာသော သင်္ဘောအရာရှိများစွာတို့အတွက် မရှောင်တိမ်းနိုင်သော hard habit to break

ပင် ကျွန်တော်လွန်စွာ ဂဏှာမငြိမ်သည်ကို ကြည့်မရကုန်သော အပေါင်းအသင်း မိတ်ဆွေတို့ နားလည်ပေးကြစေလိုသည်။


Duty Roaster

00-04 Middle watch - 2nd Off and AB

04-08 Morning Watch- Ch Off and AB

08-12 ForeNoon Watch- 3rd Off နေ့အချိန် တွင် တစ်ဦးတည်း

12-16 AfterNoon Watch-2nd Off နေ့အချိန် တွင် တစ်ဦးတည်း

16-18 Dog watch 1 - Ch Off နေ့အချိန် တွင် တစ်ဦးတည်း

18-20 Dog Watch 2-Ch Off and AB နေ၀င်လျှင် ၂ဦး

20-24 First Watch-3nd Off and AB တို့ဖြစ်ကာ

ဆိပ်ကမ်းကပ်လျှင်တော့

အရာရှိ တစ်၊ AB တစ်၊ အကူ တစ် ၃ယောက်တို့သည် ၆နာရီလုပ် ၆နာရီနား ၂၄ နာရီပတ်လည် လုပ်ကြရရှာလေသည်။ လက်ရှိ ကျွန်တော်တို့စီးနေသော သင်္ဘောများသည် မီတာ ၃၀၀၊ ပေ ၁၀၀၀ ကျော်ကာ

စက်ခန်း ၆ထပ်၊ ကုန်းပတ် ၇ထပ်/၈ထပ်ရှိပြီး အမြင့် ပေ၂၀၀ခန့် မြင့်အောင် ထုတည်ကြီးမားပါသည်။



သင်္ဘောဝမ်းဗိုက်ထဲတွင် ကုန်သေတ္တာ ၃၀၀၀ နှင့် ကုန်းပတ်ပေါ်တွင် ၃၅၀၀ ခန့် တင်ဆောင်ပါသည်။ ၀န်ချီစက်တစ်လုံးလျှင် တစ်နာရီပျမ်းမျှ သေတ္တာ၃၀ နှုန်းဖြင့် အလုပ်လုပ်ရသည်။ ဒီရေ အတက်အကျ၊ ကုန်တင်ကုန်ချကို လိုက်ကာ ပေါ်နေသည့် သင်္ဘောကြီးပါ လိုက်ပြောင်းပါသဖြင့် မတိမ်းစောင်းရန်၊ ဟန်ချက်ညီရန်၊ သောင်မတင်ရန်အတွက် ချည်ထားသောကြိုးကြီးများ အတင်းအလျှော့ လုပ်ရန်၊ ရေလှောင်ကန်ကြီးများကို ရေသွင်း/ထုတ်ခြင်း၊ ကုန်များနေရာချကာ သင်္ဘောကြီး မလှုပ်ရှားနိုင်ရန် ထိန်းသိမ်းစစ်ဆေးခြင်းများ လုပ်နေသည်မှာက အရာရှိချုပ်အပါအ၀င် လူ ၃/၄ယောက်တည်း ကမ်းနား မှ အလုပ်သမားတို့နှင့် ပူးပေါင်းကာ ခက်ခဲ၊ ပင်ပန်းစွာ တာဝန်ယူကြရပါသည်။ စက်ခန်းကြီးအတွင်းရှိ Truck ကားတစ်စီးခန့်မျှ ကြီးမားသော Main Engine Cylinder Unit အလုံးမျိုး ၁၀လုံးခန့်ကို လည်ပတ်စေရန်၊ လိုအပ်သော ပေါက်ကွဲအားရရန်၊ ပံ့ပိုးပေးရသော Auxiliary Machinery များကို Boiler, Lubrication, Cooling ,Fuel Injection ၊ ၂၄နာရီ မီးအားပေးနေရသော Generatorများ၊ လောင်စာဆီများ၊ နှင့် အရည်ဖျော်ပေးရသော ‘Steam’၊ ဆီ သန့်ပေးရသော Purifier များ၊ များစွာများစွာသော ကြီးမားလေးလံ လှသော စက်ကြီးများကို ၀န်ချီစက်အား၊ စက်အားလူအား တို့ကို အသုံးပြုပြီး ၂၄နာရီ လည်ပတ်နေနိုင်အောင် စဉ်ဆက်မပြတ် မောင်းနှင်ပေးနေသော အင်ဂျင်နီယာလေးများမှာ ပြေးရေတွက်ကြည့်မှ ၄ယောက်၊ လုပ်သင်တစ်ယောက်၊ အကူ၂ယောက် အားလုံးပေါင်းမှ ၇ယောက်သာ ရှိလေသည်။


ကျွန်တော်တို့ အားလုံး၏ ကာယ၊ ဥာဏ်ဏ၊ အတွေးအခေါ်၊ အဆုံးဖြတ် တို့သည် သေချာ တိကျပြတ်သား ရပါသည်။ အမှားမခံပေ။ အလုပ်တာဝန်များစွာကို အပိုအလိုမရှိ ကွက်တိ စည်းကမ်းတစ်ကျ ချမှတ်ထားကာ

Hierarchy အထက်အောက်အမိန့်ပေး နာခံလိုက်နာစနစ် ကျင့်သုံးသဖြင့် Attitude (ခံယူချက်) ကောင်းရပါသည်။ အမိန့်နာခံတတ်ရန် လေ့ကျင့်ရသည်။ စိတ်ဓာတ်အင်းအားနည်းသူများ၊ ကျန်းမာရေးချို့တဲ့သူများအတွက် နေရာမရှိပါ။ ကိုယ့်တာဝန်ကိုယ်မယူလျှင် တစ်ခြားသူ ယူပေး၍မရသော လုပ်ငန်းခွင်ဖြစ်သည်။


ဆိုရိုးစကားတစ်ခု ရှိပါသည်။ သင်္ဘောပေါ်တွင် “လူတော်ထက် လူကောင်းသာ အလိုရှိသည်” ဟု…

ခိုင်းလျင်ခိုင်းသည့်အတိုင်း လိုက်နာရသည်၊ ပိုကောင်းသည့်နည်းလမ်းကို ကြိုတင်ဆွေးနွေးနိုင်ရသည်။

သို့သော် ရေးဆွဲပြီးသောလမ်းကြောင်း၊ ၀တ္တရား၊ တာဝန်၊ အလုပ်ကို ကိုယ်ပိုင်သဘောဖြင့် လုံးဝ ဆုံးဖြတ်ပြောင်းလဲခွင့် မရှိ၊ အမြဲ သတင်းပြန်ပို့ရသည်။


ကမ္ဘာအရပ်ရပ်က Convention, Organization တို့ ဆုံးဖြတ်ချမှတ်ထားသော Protocol, Regulation, Rules and Guidelines များကို ဦးလည်မသုန် လိုက်နာကြရလေသည်။ ဥပမာတစ်ခုကတော့ ပင်လယ်ကြီး ဘယ်လောက်ကျယ်ကျယ် အမှိုက်တစ်စတောင် ပစ်ချခွင့် မရှိပါ၊ အရက်သေစာ လုံးဝ မသုံးစွဲရပါ၊ တွေ့ရှိလျင်

ချက်ချင်း တာဝန်မှရပ်ဆဲကာ မိမိစားရိတ်ဖြင့် အိမ်ပြန်ရုံသာ ရှိပေသည်။


သင်္ဘောကြီးသည် အချိန်အခါမရွေး External forces များဖြစ်သော ရာသီဥတု လေပြင်းမုန်တိုင်း ရေလှိုင်း၊ ရေစီးကြောင်း၊ တစ်ခြားသင်္ဘော၊ သူခိုး၊ ဓားပြများ အန္တရာယ်ရှိသလို... … …

Internal Forces များဖြစ်သော မီး၊ ဆီ၊ ရေ၊ လေ အသုံးမှားခြင်းကြောင့်၎င်း၊ အရာရှိအင်ဂျင်နီယာ ဆုံးဖြတ်ချက် မှားခြင်းများကြောင့်သော်၎င်း၊ ဖြစ်လာနိုင်သော အန္တရာယ်အပေါင်းကို ကြိုတင်ကာကွယ်မှုအနေဖြင့် နေရာတိုင်းတွင် စနစ်တကျ သိမ်းဆည်းလိုက်နာကြရသော စည်းကမ်းချက်များနှင့် နေထိုင်ကြသူများ ဖြစ်ပါသည်။


ကာယ၊ ဥာဏ်ဏအားဖြင့် လုံလစိုက်ကာ စည်းကမ်းတစ်ကျ လူ့ဘောင်အဖွဲ့အစည်း စည်းမျဉ်းတို့အတွင်း လိုက်နာ အသက်မွေးဝမ်းစာရှာ နေသဖြင့် ကျွန်တော်တို့ကို မလေးစားသော်လည်းရ၏၊ လူအန္ဒ အလေနတော အောက်တန်းစားများ အဖြစ်တော့ မမှတ်ယူသင့်ပေ။ (အရက်၊ ဘိန်း၊ လောင်းကစား၊ ပြည့်တန်ဆာ ဆိုသည်မှာ) လူ့အသိုင်းအ၀ိုင်း နေရာတိုင်း၊ အချိန်တိုင်း တွင် ပိုက်ဆံရှိ အချိန်ရှိ ဆန္ဒရှိက ရနိုင်ကြ၏။ သင်္ဘောသားသည် လူသားပင်ဖြစ်လေ၏။ Probability အရတွက်သော် တစ်လတစ်ခါခန့်သာ အပြင်သွားနိုင်ရန်အခွင့်ရှိ၍

ကုန်းပေါ်နေသူများလောက်တော့ အခွင့်အလမ်း မရှိပါ။ တကယ်တော့ ဒါတွေက “Individualism” နှင့်သာ ဆိုင်လေသည်။


အပိုင်း၇။ ။ “ရပိုင်ခွင့် နှင့် Contract”


နေရာတိုင်းတွင် အဆိုး၊ အကောင်းများ ဒွန့်တွဲလျှက်ရှိနေတာ သဘာဝပင် ဖြစ်သည်။ သို့သော် ယခု ဆောင်းပါးတွင် ကျွန်တော်သည် သင်္ဘောသား “ကိုဝေလ”တို့၏ ကောင်းခြင်း အဖြာဖြာကိုသာ ဦးစားပေးရွတ်ဆို သွားချင်ပါသည်။


ရှေးခေတ်ကတော့ ကုန်းပေါ်တွင် နေရာမရှိသော လူဆိုး၊ လူမိုက်၊ လူကြမ်းကြီးများသာ ကြုံရာအလုပ်လုပ် နေစရာ၊ စားစရာရ၍ သင်္ဘောလိုက်ကြသော်လည်း… … ယခုခေတ် ယခုအခါမှာတော့ “Shipping Industry” ဆိုသည်မှာ နိုင်ငံတစ်ခုအတွက် ပင်မ၀င်ငွေ ကုန်စည်ဖလှယ်ရာ အဓိကကျသော လုပ်ငန်းကြီး ဖြစ်လေသည်။

ကမ္ဘာ့သင်္ဘောအရာရှိကောင်းများကို အဓိကမွေးထုတ်ပေးနေသည်မှာ India နှင့် Philippines နိုင်ငံတို့ ဖြစ်သည်။ ထိုနိုင်ငံများတွင် ရေကြောင်းတက္ကလိုလ် သင်တန်းကျောင်းကြီးများ လွန်စွာပေါများပါသည်။ သူတို့၏ အားသာချက်မှာ English စကားကို မွေးကတည်းက တွင်တွင်ကျယ်ကျယ် ပြောဆိုရေးသားနိုင်ကြ ခြင်းဖြစ်သည်။ တတိယအဆင့်တွင် ဥရောပသားများ အထူးသဖြင့် “Developing Countries” များ

Greece, Croatia, Ukraine, Romania အစရှိသော သူများ နောက်တွင် ကျွန်တော်တို့ မြန်မာသင်္ဘောသားများ နာမည်ကောင်းရပါသည်။


ယခုဆိုလျှင် ကမ္ဘာပေါ်မှာ အကောင်းဆုံးသော၊ အကြီးဆုံးသော သင်္ဘောလိုင်းများ၊ သင်္ဘောကြီးများပေါ်တွင်

မြန်မာလူမျိုး အရာရှိများ၊ အင်ဂျင်နီယာများ သင်္ဘောသားတို့ နေရာယူနေကြပေပြီ။ သူတို့လျှောက်ခဲ့ရသောလမ်းသည် ပန်းခင်းလမ်းမဟုတ်ခဲ့သည်ကတော့ သေချာပါသည်။

မြန်မာပြည် ရေကြောင်းတက္ကသိုလ်ဝင်ခွင့်သည် ဆေးတက္ကသိုလ် ထက်ပင် ပိုအမှတ်များလေသည်။

Supply and Demand အရ ပြောင်းလဲလာသည်ဟု ယူဆမိသလို ကောင်းသည်ဘက်ကဘဲ ကျွန်တော်တွေးမိသည်။ ပညာတတ်များ ပိုများလာသောကြောင့် ကျွန်တော်တို့ ရေကြောင်းတွင်

အသက်မွေးမှု၊ နေထိုင်မှုစနစ်များ တိုးတက်ပြောင်းလဲလာသည်မှာ ငြင်းမရပေ။


ကျွန်တော် သင်္ဘောစလိုက်စဉ် ၁၉၈၆ ခုနှစ်က သင်္ဘောသား တော်တော်များများ contractသည် တစ်နှစ် သို့မဟုတ် ၉လခန့် နေကြရပြီး Senior အရာရှိများက ၆လ နေကြရသည်။ မြန်မာသင်္ဘောသားတွေကတော့

ကုန်ကျစရိတ် ကာမိအောင် ၂ နှစ်၊ ၃ နှစ် ပေတေနေကြလေသည်။ တစ်ချို့ ၅ နှစ်လောက်ပင် နေကြသူများ ဘ၀ပျက်သူများ ပြသနာပေါင်းများစွာ ၁၉၈၀-၉၀ နှစ်တွေက ရှိခဲ့ဖူးပါသည်။


၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာ သိသိသာသာ ပြောင်းလဲသွားပါသည်။ ယခုအခါ ၃လလုပ်၊ ၃လနားရ၏။ နားနေစဉ်လည်း လစာတစ်ဝက် (သို့မဟုတ်) အပြည့် ပေးထားသည့် ကုမ္ပဏီများ ပေါ်ပေါက်လာလေပြီ။

သင်္ဘောများတွင် ဟော်တယ်တစ်ခု အလား ရေကူးကန်၊ စာကြည့်ခန်း၊ ရုပ်ရှင်ခန်း၊ Gymnasium များ၊ Basketball ကွင်းများ၊ Cyber Room များ ပေါ်ပေါက်လာသလို မိမိအခန်းတွင်းမှ လိုရာ တိုင်းပြည်သို့

ဖုန်းတိုက်ရိုက်ဆက်လို့ ရလေပြီ။


သင်္ဘောများကြီးလာသလို Technology များ တိုးတက်ကာ ရေကြောရှုံ့သွားလေပြီ။ ယခင် ၁၅-၂၀ရက်ကြာ ဖြတ်သော ပစိဖိတ်ကို ၁၀ရက်ဖြင့် ဖြတ်ကြသည်။ ရေခဲရိုက်အစာများ နှစ်ချီ မသိမ်းဆည်းတော့ဘဲ တစ်လ နှစ်လ ထက်မပိုတော့၊ ၄၊၅ ရက်တစ်ခါ ဆိပ်ကမ်းဝင်လေတော့ လူတွေ သိပ်မရူးကြတော့ပေ။


မကောင်းသည်က ထိုကဲ့သို့ facilities များ၊ Privileges များ၊ ပေးသောကြောင့် လစာလျှော့ချလာလေသည်။ ထို့အတူ ဆိပ်ကမ်းများ၏ ၀န်ဆောင်မှုများကလည်း အံ့ဖွယ်တိုးတက်ခဲ့သည်။ ယခင်က သင်္ဘောတစ်စီး ဆိပ်ကမ်းတွင် ၃ရက် မှ ၅ ရက်-တစ်ပတ် တစ်ချို့က တစ်လခန့်နေသည်များ… … ယခုအခါ ၁ ရက်-တစ်ပတ်

အထိ လျှော့နည်းလာလေသည်။ အပြင်ထွက်ရန်ပင် မလွယ်ကူတော့ပေ။ ရောက်သည်နှင့် လူ့အသုံးဆောင်ပစ္စည်းလေးများ သွားတိုက်ဆေး၊ Shampoo၊ ချောကလက် အပြေးအလွှား ၀ယ်ရရုံသာ အချိန်ရတော့သည်။ Car Carrier တစ်ချို့ကတော့ ၄-၅ နာရီသာနေသည်။ သွက်သွက်စား၊ သုတ်သုတ်သွား၊ ခေတ်ဖြစ်လာ၏။

သို့သော် လူမှန်နေရာမှန်ကား မရောက်နိုင်သေးပေ။


အပိုင်း၈။ ။ “ပင်လယ် ဓားပြ”


ငယ်ငယ်ကပြောကြသည် ပင်လယ်ကြီးက ကျယ်တယ်… ဓားပြတွေက တိုက်တယ်…ကျယ်တိုက်တော့

ကြိုက်တယ် ဟု… … အခုတော့ မကြိုက်နိုင်တော့ပါ။ ရေသူမကိုလည်း မတွေ့ချင်တော့ပါ။

ပင်လယ်နီမှ ထွက်သည်နှင့် အသင့်စောင့်နေသော Somali / African/ Arab ပင်လယ် ဓားပြတို့သည် ပိုမို လက်ရဲ ဇက်ရဲကြကုန်၏။


အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲတွင် ဥပဒေမဲ့လေသည်။ လက်နက် အနည်းငယ်ကိုင်ကာ

ရက်စက်ပြရုံ ဖြစ်ရသော ငွေကြေးက တစ်သက်စာ မက်လောက်သောကြောင့် အမေရိကန်၊ ရုရှား မှ စစ်မှုထမ်းဟောင်းများကပါ ပင်လယ်ဓားပြတို့အား လေ့ကျင့်ပေးခြင်း၊ လက်နက်ပစ္စည်းများအား ညှိနှိုင်းရောင်းချပေးကာ အားပေးအားမြှောက်လုပ်ရင်း ဈေးကွက်ချဲ့ထွင်လာသောအခါ… …


ကျွန်တော်တို့ ဝေလငါးများခင်ဗျာ ပြေးစရာမြေကျုံ့ လာလေတော့သည်။ သင်တန်းတွေ ဘယ်လိုပေးပေး၊ ကုမ္ပဏီက ကာကွယ်မှု ဘယ်လိုလုပ်လုပ်၊ တကယ်ဖြစ်လာလျှင် ခံရသူက သင်္ဘောသားများသာ ဖြစ်၏။ ပထမဆုံး ရန်ရှာခံရမည့်သူမှာ မာလိန်မှုးပင်ဖြစ်၏။ တစ်လောက သင်္ဘောတစ်စီးတွင် သူကြီးလက်ကို ဖြတ်ကာ ကုမ္ပဏီပို့ကာ ပိုက်ဆံတောင်း၏။ နောက်တစ်စီးမှာတော့ သူကြီး နှင့် စက်ချုပ်ကို သတ်ပစ်လေသည်။ ကျွန်တော်တို့အား ကယ်မည့်သူ မရှိချေတကား။ ထို့ကြောင့် ကျွန်တော်သည် ရွတ်နေကြ မစိုးရိမ်ဂါထာ ကိုရွတ်ကာ ပဠာန်းဖွင့်နေရုံကလွဲ ဘာများတတ်နိုင်ပါဦး မည်နည်း။


အပိုင်း၉။ ။ “ရေသံသရာ ကမ္ဘာလေထုလွှာ နှင့် ပူလောင်လာသော ဤကမ္ဘာ”


ငယ်ငယ်တုန်းက သင်ခဲ့ဖူးတာတွေသည် တော်တော် အသက်ကြီးလာမှ တကယ့် ဗဟုသုတဖြစ်စေသော အရာတွေ မှန်းသိလာပါသည်။ ရေသံသရာလည်ခြင်းကို ဒုတိယတန်းမှာ သင်ရသည် ထင်ပါသည်။ Water Cycle ပေါ့ဗျာ။ ပူ၊ ပွ၊ ပေါ့… အထက်ပြန်တက်ပြီး… အေး၊ ရေငွေ့ ကနေ မိုးရေပြန်ဖြစ်ကာရွာချ… မြေပေါ်၊

တောင်တွေပေါ် ပင်လယ်၊ မြစ်ချောင်းတွေပေါ် ရေတွေစီးဆင်းလေသည်။ သံသရာလည်နေ၍ ကမ္ဘာ့လေထုလွှာ condenser ကြီးကောင်းနေ၍ ကျွန်တော်တို့ သက်တောင့်သက်သာ နေနေရသည်။


နေမှလာသော ရောင်ခြည်သည် ကမ္ဘာ့လေထုလွှာ အဆင့်ဆင့် (ထရိုပိုးစပီးယား၊ စတာရာတိုစပီးယား၊ အိုင်ရွန်နိုစပီးယားတို့ ၅တန်းမှာသင်ဖူး၏။) ကိုဖြတ်စဉ် အပူချိန်သိသာစွာလျှော့ကျသွား၏။ ရေခဲသေတ္တာ အဲကွန်းတွေမှာ တတ်ထားသော Condenser ကြီးဟုသာ တင်စားချင်ပါသည်။ ထိုနေခြည်မျှင်တန်းတို့ မြေပြင်ပင်လယ်ရေတို့ မှ ရောင်ပြန်ဟပ်ကာ ပြန်ထွက်သွားရာ ကမ္ဘာကြီး ရေထု၊ လေထုတို့ နွေးထွေးကြကုန်၏။


သို့သော် ကမ္ဘာ့လူဦးရေ အလျှင်အမြန် တိုးပွားလာခြင်း၊ Technology တိုးတက်မှု များစွာတို့၏ ဆိုးကျိုး (အဏုမြူစက်ရုံ၊ ဇီဝဓာတ် လူသုံးကုန် မတန်တစ်ဆ သုံးစွဲမှုမှ သစ်တောပြုန်းခြင်း) များမှ ပေါ်ထွက်လာသော Green House Gases and Effects များတို့ကြောင့် ကမ္ဘာ့လေထုအလွှာ အောက်ပိုင်း ပိုမိုထူထပ်လာကာ ရောင်ပြန်ဟပ်ကာ ပြန်ထွက်သွားသော အပူရှိန်တို့သည် ကမ္ဘာ့လေထုထဲတွင် တစ်ချို့ ပိတ်မိကျန်နေရစ်ကာ အပူချိန် ယခင်ကထက် ပိုမိုမြင့်မားလာခြင်းကို “Global Warming” ဟုခေါ်ပါသည်။


အိုဇုန်း Layer ပေါက်သည်ကလဲ ပိုမိုပူပြင်းသော နေရောင်ခြည်တို့ကို ၀င်ရောက်စေပြန်လေသည်။ အခန်းက အဲကွန်းကြီး အအေးမထုတ်နိုင်လို့ ပူစပ်ပူလောင်ဖြစ်ခြင်းသည်နှယ် တစ်လောကလုံးကို ဗြောင်းဆန်စေပါတော့မည်။


ထိုင်ဝမ်ကမ်းလွန်ပြင်တွင် ၂၀၀၅ ခုနှစ်က မြေအောက် ငလျင်ကြီးလှုပ်လေသည်။ “Tsunami” ခေါ် ရေအောက်မြေလွှာ ကျွံ့ကြရာနေရာကို မြေရေတို့ အစားထိုးသောအခါ ဧရာမလှိုင်းကြီးများ ဖြစ်ပေါ်တာ လူတိုင်းအသိပါ။ သတိမထားမိသည်က မြေလွှာပြောင်း၍ သမုဒ္ဒယာကြမ်းခင်းအနေအထား ပြောင်းခြင်းသည်

သင်္ဘောလမ်းကြောင်းအား လွန်စွာအနှောက်ယှက်ပေးကာ သောင်တင်နိုင်သည် ဆိုခြင်းကို လျစ်လျူရူ့ နေကြခြင်းဖြစ်၏။ ရေကြောင်းပြောင်းမည် ရေအတိမ်အနက် ခန့်မှန်းချက်များ Chart ဖော်ပြပါတို့ နှင့်မတူ ကွဲပြားနိုင်လေသည်။ အန္တရာယ်များပါဘိ။ ထို့ကြောင့် ထိုင်ဝမ်အရှေ့ဘက်ကမ်းကိုဖြတ်ကာ ကျွန်တော် သင်္ဘောမောင်းရန် ကြောက်နေခြင်းအား ထိုစဉ်က ကျွန်တော့် မာလိန်မှုးက ရီမောလေသည်။ အဲဒီလောက် တွေးမကြောက်ရန် ဖြစ်၏။ သူ့အတွက်ဟုတ်ချင်ဟုတ်မည် “Ignorance is Bliss” ဟုခေါ်ပါသည်။ မသိနားမလည်ခြင်းသည်လည်း ကောင်းရာမွန်ရာသုဂတိဖြစ်လေ၏။


သို့သော် ပိုမိုထင်ရှားလာသည်က ယခင်က နိုဝင်ဘာ၊ ဒီဇင်ဘာအတွင်း ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပွားလေ့ရှိသော တိုင်ဖုန်းများမှာ တစ်နှစ်လျှင် ၅ခု မှ ၇ခုထက် မပို၊ ယခုနောက်ပိုင်းတွင် ၁၂ခု အပြင် အချိန်အခါမဟုတ် ပေါ်လာသည်များလည်းရှိပါ၏။ Nargis ကြီးကိုသာ ကြည့်ပေရော့။ လူတွေ ဒုက္ခမည်မျှရောက်ခဲ့ကြလဲဆိုတာ… … …


ပြီးနောက် ကျွန်တော့်တွင် ခံယူချက်တစ်ခုရှိပါသည်။ ထိုအရာကား ငါတစ်နေ့ မြန်မာပြည်မှ တိမ်ကောနေသော

မြစ်ကြောင်းများကို ပြန်လည်တူးဖော်ပေးမည် ဟူသောအတွေးပင်။ ယခုတော့ မဖြစ်နိုင်တော့မှန်း သိရလေပြီ။ ယခင်က ဧရာဝတီအစ မေခ၊ မလိခ ဟူသာသိခဲ့သော်လည်း… မေခ၊ မလိခတို့သည် ဟိမ၀န္တာတောင်တန်းသွယ်

ခါကဘိုရာဇီ ရေခဲတောင်တို့ ဆောင်းအခါ အေးခဲ၊ နွေအခါ ပျော်ကျ စီးဆင်းရာမှ စတင်သည်ကို သိလာရသောအခါ… ထို့ထက်ပို၍ ရေခဲဆီးနှင်းတောင်တို့သည် “Global Warming” ကြောင့် ရေအေးခဲရန်

အချိန်ကာလ နည်းပါးလာသလို၊ ဧရာဝတီမြစ်ရေသည်လည်း ယခင်ကလို နှုန်းအားကောင်းကောင်း မစီးဆင်းနိုင်တော့ပြီ။ တော်ပါသေးသည် မြစ်ဆုံ စီမံကိန်းကြီး ဖျက်လိုက်ပေလို့ပါဘဲ အရပ်ကတို့ရေ။


ထုံးစံအတိုင်း ကမ္ဘာကြီးသည် ဟိုလူ့ လက်ညိုးထိုး၊ သည်လူ့ အပြစ်တင်ကာ ဆက်လက်စီးဆင်းနေသောအခါ…


ကျွန်တော်တို့ ဝေလငါး ကမ္ဘာကြီးသည် လွန်စွာဖျားနာလာလေတော့သည်။

ကျွန်တော် သူကြီးဖြစ်မှ ကြုံရသော မုန်တိုင်းများသည် လွန်စွာကြောက်မက်ဖွယ်ရာ ကောင်းလေ၏။

ခေတ်မှီနည်းပညာတို့ဖြင့် စောစီးစွာသိနိုင်သော်လည်း ရံဖန်ရံခါမှာတော့ မရှောင်နိုင် တည့်တည့်ဝင်တိုးသူပြုသမျှ နရလေသောအခါ ယောက်ျားကြီးတန်မဲ့ စိတ်အားငယ်လာတော့၏။


ရုံးခန်းထဲ ငူငူကြီးထိုင်ကာ ဘုရားစာရွတ်၍ စိတ်ဖြေရတော့သည်။


နိဂုံး။


မြန်မာပြည်မှာ နေ့တစ်ဓူဝ စားဝတ်နေရေးအနိုင်နိုင်မို့ ကမ္ဘာအသိ ကြည့်မြင်ခွင့်လျှော့နည်းနေသော်လည်း၊ ITခေတ်တွင် လူငယ်အတော်များများ Internet သုံးဆွဲလာသောကြောင့် ယခုလို FB, NET, BLOG, CHAT များပေါ်တွင် ဆင်ဆာမလို ဖတ်ချင်တာဖတ်၊ ရေးချင်တာရေးခွင့် ရလာသဖြင့် ပိုပြီး ထင်သာမြင်သာ Transparency အမြင် သတင်း Info အချက်အလက်များ ပိုမိုရှိလာ ပြောအားရှိလာသဖြင့် ကျွန်တော်အခုလို ပြောကြည့်ခြင်းဖြစ်ပါသည်။


ဝေလငါးတစ်ကောင်ရဲ့ နာရေး ဟု ဘာကြောင့် ဒီနာမည်ပေးမိပါလိမ့်။

“နာရေး” ဆိုတာ သေရေးကိုမဆိုလိုပါ... ဒဏ်ရာရ အနာတရ ဖြစ်ကာ မကြာခင်တိမ်းပါးနိုင်လေပြီဟု ယူဆမိသောကြောင့်ပင် ဖြစ်ပါသည်။

ထပ်ပြောချင်ပါသည်။

ယခုအခါ နေ့စဉ် ပြူတင်းပေါက်မှာ မျှော်ကာ ကျွန်တော်ကြည့်နေရသော ကောင်းကင်ကြီး၊ မြင်နေရသော မျက်စေ့တစ်ဆုံး သမုဒ္ဒယာကြီးအပြင်၊

အလုပ်နားချိန် လမ်းတစ်ထောက်လျှောက်ခဲ့လေသော ကမ္ဘာမြေကြီး ပေါ်မှ လမ်းကလေးများစွာ၊

တော၊ တောင်၊ သစ်တော များသည် လွန်စွာဖျားနာနေသည်ကို မြင်တွေ့ မိသောကြောင့် ဖြစ်ပါသည်။


ကျွန်တော်တို့ ဝေလငါးတွေကတော့ တာဝန်ကျေပွန်စွာဖြင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ လောင်စာဆီချွေတာမှု၊ စက္ကူမသုံး Digital အစားသုံးမှုတွေ လုပ်ပြီး

ကာကွယ်မှုတွေ ပြုလုပ်နေကြပါပြီ… …

ကုန်းပေါ်က မိတ်ဆွေများကရော ဘယ်တော့စကြမှာလဲ? ဘယ်လိုစကြမလဲ? ဘယ်အချိန် လေအေးစက်ကြီးကို ပြင်ဆိုင်ပို့ကြမလဲ? ဆိုတာကိုတော့ သိချင်နေသေးတော့သည်။


ကျေးဇူးတင်စွာဖြင့်။


ရာစု။


No comments:

Post a Comment