Pages

Friday, May 17, 2013

သင်္ဘာအရာရှိအချို့ လက်မှတ်အတုများဖြင့် လုပ်ကိုင်နေ... စိုးစန္ဒာဦး... အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂) - Myanmar Times ဂျာနယ်


ပြည်ပသင်္ဘောလိုင်းများတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာသင်္ဘော သားအချို့မှာ အရည်အချင်းအသိ အမှတ်ပြု လက်မှတ် အတုများ ကိုင်ဆောင်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အများစုမှာ အရာရှိပိုင်းအဆင့်များတွင် တာဝန်ယူထားသူများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" မကြာသေးခင်ကာလက သင်္ဘော မြုပ်တဲ့ ကိစ္စနဲ့ မတော်တဆဖြစ်တာတွေကြောင့် မြန်မာသင်္ဘောသားတွေ အသက်ဆုံးရှုံးတာ၊ ထိခိုက်တာတွေကြုံ ရတယ်။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာလုပ်သားတွေရဲ့ အရည်အချင်း လက်မှတ်တွေကို ပြန်လည် ဆန်းစစ်တဲ့ အခါမှာ အရာရှိပိုင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့ မြန်မာအချို့က လက်မှတ် အတုတွေနဲ့ တာဝန်ထမ်းဆောင်နေတာ သိလိုက်ရတယ်"ဟု အသင်းဥက္ကဋ္ဌ ကပ္ပတိန်ဦးမင်းစိန်က ပြောသည်။

ထိုကဲ့သို့ လက်မှတ်အတုများကိုင် ဆောင်ပြီး တာဝန်ထမ်းဆောင်ခြင်း ကြောင့် သင်္ဘောနစ်မြုပ်ခြင်းနှင့် မတော်တဆဖြစ်ခြင်းတို့တွင် လျော်ကြေးပေး မည့်အဖွဲ့အစည်းထံမှ ထိခိုက်ဒဏ်ရာရ သူနှင့် သေဆုံးသူများအတွက် လျော်ကြေးရရှိရန် အခြေအနေနည်းပါးပြီး ကုမ္ပဏီပိုင်ရှင်ကသာ လျော်ကြေးပေးရ ဖွယ်ရှိကြောင်း ပြောသည်။

"တချို့ကုမ္ပဏီတွေရဲ့ဝန်ထမ်းတွေမှာ အောက်ခြေလုပ်သားက လက်မှတ်ရှိပြီး အရာရှိပိုင်းမှာ ၇၀ ရာခိုင်နှုန်းလောက်က လက်မှတ် အတုတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား တွေအတွက် ဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် ကိစ္စပါပဲ"ဟု ဦးမင်းစိန်က ပြောသည်။

အချို့ဒေသခံကိုယ်စားလှယ်များက အရည်အချင်းပြည့်မီသော သင်္ဘောသားများကိုသာ စေလွှတ်သော်လည်း အချို့ ဒေသခံကိုယ်စား လှယ်များမှ သွားသူများသည် အရည်အချင်းမပြည့်မီသူများ ဖြစ်နေသောကြောင့် အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

Credit...MYANMAR TIME ဂျာနယ် အတွဲ ၂၈ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂) အတိုင်း ကူးယူဖော်ပြ ပါသည်။

No comments:

Post a Comment