Saturday, June 1, 2013

England မှာရှိတဲ့ Fleetwood Nautical College(FNC) မှာ Deck C.O.C course တက်ဖို့ စိတ်ဝင်စား တဲ့ညီအစ်ကိုများအတွက်...



FLEETWOOD NAUTICAL COLLEGE


England မှာရှိတဲ့ Fleetwood nautical college(FNC) မှာ Deck C.O.C course တက်ဖို့ စိတ်ဝင်စား
တဲ့ညီအစ်ကိုများအတွက်မိတ်ဆက်တင်ပြခြင်းဖြစ်ပါတယ်။ FNC ဟာ UK မှာရှိတဲ့ ရေကြောင်းပညာလေ့ကျင့်ရေးကောလိပ် နှင့် တက္ကသိုလ်များထဲက ကောလိပ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် NAUTICAL AND OFFSHORE COURSE သီးသန့်သာသင်တဲ့နေရာလည်းဖြစ်ပါတယ်။ သို့ ပေမယ့် ENGINEERING CADET COURSE ကိုတော့ FNC မှာမကြာသေးခင်ကစလို့ သင်ပေးနေပါပြီ။ ၃ လတစ်ကြိမ်စစ်ဆေးတဲ့ O.O.W, CHIEF MATE AND MASTER CERTIFICATE OF COMPENTENCY EXAMS များမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရော၊ ကျောင်းတွင်းမှာပါ အောင်ချက်ရာခိုင်နှုန်း ဟာအမြဲတမ်းထိပ်ဆုံးမှာရပ်တည်နေတဲ့ကောလိပ်ဖြစ်ပါတယ်။
FNC ကတော့ အင်္ဂလန်အနောက်မြောက်ပိုင်းမှ Lancashire ခရိုင်၏ Fleetwoodမြို့ လေးမှာတည်ရှိပါတယ်။တိတ် ဆိတ်အေးချမ်းတဲ့နေရာမှာရှိပြီး မြို့ ကြီးပြကြီးများမှာလိုတော့ ခေတ်မီ shopping Centre ကြီးများတော့မရှိပါ။ပုံမှန်လူ နေမှုဘဝအတွက်တော့လိုအပ်တာမှန်သမျှတော့ပြည့်ပြည့်စုံစုံရနိုင်ပါတယ်။ပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတဲ့အတွက် holiday activities များနဲ့ စည်ကားနေတက်ပါတယ်။ လူနေမှုစရိတ်မြင့်မာမှုမရှိလို့ နိုင်ငံခြားကျောင်းသားများအတွက်အဆင်ပြေ စေပါတယ်။ဒီမြို့ ကိုသွားမယ်ဆိုရင်တော့ London, Heathrow န့ဲ ManchesterAirportမှတဆင့်သွားမယ်ဆိုရင် အဆင်ပြေပါတယ်။ Heathrow မှသွားမယ်ဆိုရင်တော့ Blackpool မြို့ အထိ အဝေးပြေးကား (Coach) နဲ့ သွားရပါမယ်။ Manchester Airport မှသွားမယ်ဆိုရင်တော့ Blackpool အထိရထား( train )၊ ဒါမှမဟုတ် Coach ဖြင့်သွားလို့ ရမှာပါ။
Blackpool မှ Fleetwood ကိုတော့ ဓာတ်ရထား (Tram) ဖြင့် မိနစ် ၄၀ လောက်စီးရမှာဖြစ်ပါတယ်။ပထမဆုံး အ နေနဲ့ ရောက်မယ်ဆိုရင်တော့ အနည်းငယ်အခက်အခဲရှိမှာပါ။သို့ ပေမယ့် ကျောင်း ကပေးမယ့် JOINNING LETTER မှာ သွားရေးလာရေးအတွက် သေသေချာချာလမ်းညွှန်ပေးထားမှာမို့ စိတ်ပူစရာတော့မရှိပါဘူး။ ကောလိပ်နဲ့ ပတ်သက်တဲ့ website နဲ့ တခြားသိစရာတွေကိုနောက်ပိုင်းမှာတွေနိုင်ပါတယ်။ဒါကတော့ကောလိပ်ရဲ့ အကြောင်းပေါ့လေ။ခုကစပြီးလိုအပ်ချက်တွေ နဲ့ လုပ်ရမယ့်အဆင့်တွေကိုတစ်ခုချင်းရှင်းပြသွားပါ့မယ်။ ဒီနေရာမှာတော့ကျွန်တော့်ရဲ့ထင်မြင်ချက်ကိုပြောရရင် မြန်မာကျောင်းသားတွေအနေနဲ့ O.O.W EXAM ကို မြန်မာပြည်မှာပဲအောင်ပြီးမှ CHIEF MATE AND MASTER EXAM ဖြေဖို့ အတွက် ဒီကိုလာစေချင်ပါတယ်။ဒီလိုပြောရတဲ့ အကြောင်းက တကယ်တမ်းအတန်းထဲမှာကျောင်းသားချင်းယှဉ်ရင် ကျွန်တော်တို့ မြန်မာကျောင်းသားတွေကPrinciple ရော Calculation ပိုင်းမှာပါ UK မှာ O.O.W အောင်ခဲ့တဲ့ကျောင်းသား တွေထက်ပိုတော်တာကတော့အမှန်ပဲ။သူတို့ အနေနဲ့  Chief mate and Master Course မှာတော့အတော့ကိုလုံးပန်းနေရတဲ့ သူတွေများတာကိုတွေ့ ရတယ်။လွယ်တယ်၊ခက်တယ်ဆိုတာတော့ လူတစ်ဦးချင်းစီပေါ်မှာပဲမူတည်တာ ဖြစ်လို့  ဘယ်အဆင့်ကပဲစပြီးတက်ချင်တက်ချင်မပြောလိုပါ။နောက်တစ်ခုက O.O.W အနေနဲ့ ပိုက်ဆံစုပြီးမှလာတော့ ကိုယ့် မှာ ပူပန်စရာသိပ်မလိုတော့ဘူးပေါ့။လိုအပ်တာကနေစပြီးတင်ပြပါမယ်။
ENTRY REQUIREMENT
Chief mate and Master( unlimited ) Course အတွက် O.O.W sea service (၁၈)လအနည်းဆုံးရှိရပါမယ်။2ND MATE,3RD MATE ဆိုပြီးခွဲခြားသက်မှတ်ထားခြင်းမရှိပါဘူး။အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအနေနဲ့  IELTS BAND SCORE အနည်းဆုံး အဆင့်(၄)ရှိရပါမယ်။ ဒီအဆင့်ကရဖို့ ခက်ခဲတဲ့အဆင့် တော့မဟုတ်ပါဘူး။ဒါပေမယ့်တကယ်တမ်းမှာတော့လုံးဝလုံလောက် တဲ့ အဆင့်မဟုတ်ပါ။အနည်းဆုံးအနေနဲ့  (၅.၅)တော့ရှိမှအဆင်ပြေနိုင်မှာပါ။ကျောင်းသားအများစုက အိန္ဒိယသားများဖြစ်တယ်။ သူတို့ ကတော့ပြောနိုင်တယ်ဆိုပေမယ့်တကယ်တမ်းစနစ်တကျပြောတာတော့မဟုတ်ပါဘူး။ဆရာတွေကတော့ British တွေများလို့ သူတို့ ပြောတာကိုနားလည်ဖို့အခက်အခဲ ရှိမယ်ဆိုရင်တော့မကောင်းဘူးပေါ့။ IELTS CERTIFICATE ကတော့သက်တမ်း(၂)နှစ်ပဲရမှာပါ။အဲဒီအတွက် မိမိ လျှောက်လွှာတင်တဲ့အချိန်မှာသက်တမ်းရှိနေဖို့ လိုပါတယ်။ IELTS EXAM ဖြေဖို့ အတွက်က British Council မှာ စာမေးပွဲ စစ်မယ့်ရက်တွေကိုစုံစမ်းနိုင်ပါတယ်။စာမေးပွဲကလတိုင်းရှိပါတယ်။ ဒါပေမယ့်ကြိပြီးတော့လျှောက်ရမှာဖြစ်လို့အချိန်တော့ယူရပါလိမ့်မယ်။NOTICE OF ELIGIBLITY (N.O.E) ကတော့အရေးအကြီးဆုံးပဲ။ Seatime check လုပ်တာပေါ့ဗျာ။ N.O.E မရရင်စာမေးပွဲဖြေခွင့်ရမှာမဟုတ်ပါ။ ကိုယ့်မှာ Sea service အမှန်အကန်ရှိမယ်ဆိုရင်ရဖို့ စိတ်ပူစရာမလိုပါဘူး။ကျောင်းစတက်တဲ့အချိန်မှလျှောက်လည်းရပါတယ်။ ကိုယ့်ကိုကိုယ်သံသယရှိတယ်ဆိုရင်တော့ မသွားခင်ကထဲကကြိုလျှောက်ထားတာကပိုစိတ်ချရပါတယ်။ ကျွန်တော်ကတော့ကျောင်းရောက်တော့မှလျှောက်ပါတယ်။ N.O.E ရဖို့ ကလျှောက်လွှာတင်ပြီး တစ်လလောက်စောင့် ရတက်ပါတယ်။N.O.E အတွက်လိုတာတွေကိုတော့ ကောလိပ်ရဲ့ အလိုအလျောက်ပြန်စာမှာရနိုင်သလို ၊http://www.dft.gov.uk/mca/mcga07-home/workingatsea/mcga-trainingandcert/mcga-ds-stc-applink/seafarerapplicationforms.htm/ မှာ form no. MSF 4274 ကို download
ယူရင်သိနိုင်ပါတယ်။ MSF4274 က N.O.E လျှောက်ရင်သုံးရမယ့် လျှောက်လွှာပဲဖြစ်ပါတယ်။လျှောက်လွှာနဲ့ အတူ စတာလင်
ပေါင် (၂၀၁) ထည့်ပေးရမှာဖြစ်ပါတယ်။ငွေသားလက်မခံပါ။Credit card/ Debit card ဖြင့်သာပေးရမှာပါ။ခုပေးရတဲ့ ၁၀၁ ပေါင်
ဟာ နှုတ်ဖြေစာမေးပွဲကြေးအတွက်တစ်ပါတည်းယူထားပြီးဖြစ်ပါတယ်။နှုတ်ဖြေကျမယ်ဆိုရင်တော့ပိုက်ဆံထပ်သွင်းရမှာပါ။

APPLICATION
လိုအပ်တဲ့ လုပ်သက်၊ IELTS Certificate ၊ (N.O.E)လက်ထဲရှိပြီဆိုရင်တော့ ကိုယ်တက်ချင်တဲ့အတန်းကို ကြိုပြီးယူထား
ဖို့ အဆင့်ရောက်ပါပြီ။ maritime@blackpool.ac.uk ကို စာပို့ပြီးကျောင်းတက်ချင်တဲ့အကြောင်းစာပို့ ပါ။ အလိုအလျှောက်ပြန်စာတစ်စောင်ရောက်လာပါလိမ့်မယ်။အဲဒီစာမှာ သင်တန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ၊နဲ့  သင်တန်းကြေးတွေပါတွေ့ ရမှာဖြစ်ပါတယ်။စာမှာပါတယ့် seatime declaration form မှာ ဖြည့်၊ COC, CDC, PASSPORT,IELTS CERTIFICATE ကွန်ပျူတာမိတ္တူ( scan copy)တွေကို ကျောင်း email address ကိုပြန်ပို့ ပေးလိုက်ပါ။ရက်အနည်းငယ်ကြာပြီး တဲ့နောက်မှာစာပြန်ပြီး ကျောင်းတက်ဖို့ လက်ခံကြောင်းပြောရင်ကြိုတင်သွင်းငွေ စတာလင်ပေါင် (၁၀၀၀)ကို ကောလိပ် ဘဏ်ကိုလွှဲပေးရပါမယ်။ငွေလွှဲတဲ့အခါမှာ မိမိရဲ့ကိုယ်ပိုင် စာအုပ်မှဖြစ်ရပါမယ်။ဒါမှမဟုတ်ကိုယ်လိုက်နေတဲ့သင်္ဘော ကုမ္ပဏီကနေလွှဲပေးလို့ လဲရပါတယ်။တစ်နှစ်မှာ ၃ တန်းဖွင့်ပါတယ်။ JAN, MAY. SEPT လတွေမှာပါ။ ကိုယ်အဆင်ပြေ မယ့်အချိန်ကိုရွေးပြီးလျှောက်နိုင်ပါတယ်။၁နှစ်၊နောက်အကျဆုံး ၆ လလောက်ကြိုလျှောက်ထားတာကောင်းပါတယ်။

VISA APPLICATION
ပိုက်ဆံလည်းပေးပြီးပြီ၊တက်မယ့်အတန်းလည်း ရပြီဆိုရင် VISA လျှောက်ဖို့ လုပ်ရတော့မယ်။ကောလိပ်ကနေ ကျောင်းမဖွင့်မီ
၃ လအလိုမှာ VISA လျှောက်ဖို့ အတွက်လိုအပ်တဲ့ Confirmation of Acceptance of Study (C.A.S) Letter ကိုပို့ ပေးပါလိမ့်
မယ်။လိုအပ်မယ့်အချက်အလက်တွေလည်းပို့ ပေးပါမယ်။ရန်ကုန်က UK သံရုံးမှာ လိုအပ်တာတွေကိုသေချာမေးပြီးလျှောက်ပါ။
Visa လျှောက်ပေးတဲ့ အေးဂျင့်တွေရှိပေမယ့်ကိုယ်တိုင်လုပ်စေချင်ပါတယ်။မတန်တဆတောင်းမှာမို့ လို့ ပါ။သံရုံး website ကို
သေသေချာချာအသုံးချပါ။ဘယ်သတင်းအချက်အလက်ပဲလိုလို သက်ဆိုင်တဲ့ website မှာပဲဖြစ်ဖြစ်၊ တိုက်ရိုက်မေးမြန်းတာပဲ
ဖြစ်ဖြစ်လုပ်ဖို့ လိုပါတယ်။တတိယလူကိုမေးတာမျိုးက ဘာအကျိုးမှမရှိမှာမို့ ပါ။ သံရုံးကိုတင်မယ့် ဘဏ်စာအုပ်မှာရှိရမယ့်
ပမာဏ=သင်တန်းကြေး(ပေါင် ၆၀၀၀*{အကြမ်းဖြင်း}) + (ပေါင်၈၀၀ x ၉လ) ကို အနည်းဆုံး ၂၈ ရက်ဆက်တိုက် ထိန်းထားရမယ်။ပြီးတော့လျှောက်လွှာတင်
တဲ့နေ့ က အဲဒီ ၂၈ ၇က်မြောက်နေ့ က ရေတွက်ရင် ၁ လ မကျော်ရပါဘူး။ကျောင်းကိုကြိုပြီးသွင်းထားတဲ့ပမာဏကို ဘဏ်စာ
အုပ်မှာလျှော့ပြီးပြလို့ ရပါတယ်။လျှောက်လွှာက internet ကနေလျှောက်ရမှာပါ။ UK EMBASSY website ကနေဝင်ရပါမယ်။
Website မှာဖတ်ကြည့်ရင်ပိုရှင်းသွားမှာပါ။ visa လျှောက်တာတော့ မသွားခင် ၃ လ မှာ ကောလိပ်က C.A.S Letter ရတာနဲ့ 
လျှောက်တာကောင်းပါတယ်။၁လ အလိုလောက်မှလျှောက်ရင်မကောင်းပါ။ ကျောင်းက တော့ ၁ လအထိနောက်ကျတာကို
လက်ခံပါတယ်။နောက်ကျရင်တော့ စာတွေလွတ်မှပေါ့လေ။ visa က ၁နှစ်သက်တမ်းရပါမယ်။

DOCUMENTATION AT SECD FOR DEPARTURE FROM MYANMAR
သံရုံးက ဗီဇာရပြီ၊ လေယာဉ်လက်မှတ်လည်းရပြီဆိုရင် SECD မှာ ကိုယ်ရေးကိုယ်တာကိစ္စဖြင့်နိုင်ငံခြားထွက်ခွာခြင်း ဆိုတာကိုသွားလုပ်ရပါမယ်။ရုံးမှာလုပ်ရတာတွေတော့မမှတ်မိတော့ပါ။တွေ့ တဲ့စားပွဲမှာမေးပြီးတော့လှုပ်ရှားပေတော့။လက်ရေး ဖောင်တစ်စောင်ရေးရမယ်။ PASSPORT , VISA , AIR TICKET, CDC ,TAX CLEARANCE(IF ANY, OR MAY BE THE LAST ONE)ရှိတာသာ အကုန်ယူသွား၊ ဒုညွှန်မှုးအခန်းမှာလက်မှတ်ယူပြီး ကျန်တာတွေကိုတော့ စာရေးတွေနဲ့ ဆက်လုပ်ပါ။ စာရွက် (၂)ရွက်ပေးပါလိမ့်မယ်။တစ်စောင်ကိုလေဆိပ်မှာပေးခဲ့ရမယ်။နောက်တစ်စောင်ကိုမြန်မာပြည်ပြန်လာတဲ့အခါပြဖို့ သိမ်း ထားရပါမယ်။

ဘယ်လောင်ကုန်မလဲ?
ကျောင်းစရိတ်= ၆၀၀၀ GBP(အပြတ်)
လေယာဉ်လက်မှတ်= ၁၀၀၀GBP( အသွားအပြန်)
နေစရိတ်=၁၀၀ မှ ၂၀၀GBP (လစဉ်)
စားစရိတ်= ၆၀GBP (လစဉ်) ချက်စားတာကိုပြောတာ။ဝယ်စားရင် ၂ ဆ
ကားခ= ၂၅ မှ ၅၀GBP (လစဉ်)
ဖုန်း= ၅GBP
IELTS =၁၅၀ USD
VISA FEES= ၄၀၀၀၀၀ ကျပ် ။ ခံရလို့ နောက်တစ်ခါဆို ငွေပြန်သွင်းရမယ်
MEDICAL CHECK UP******= ၇၀၀၀၀ ကျပ်
ကျန်တာကတော့ အပို စရိတ်တွေပေါ့။ ငွေက စတာလင်ပေါင်ပါ။ ငွေလဲနှုန်းကတော့ ၁ စတာလင်ပေါင်=၁၃၅၀~၁၄၀၀ ဖြစ်ပါတယ်။သင်တန်းပြီးလို့ ပြန်မလာခင်လည်ပတ်ချင်တယ်ဆိုရင်တော့ ပေါင် ၁၀၀၀ လောက်တော့အပိုဆောင်ထား ပေါ့လေ။ကျောင်းစရိတ်က အတက်အကျရှိနိုင်ပါတယ်။ NOVEMBER ဆိုအပြောင်းအလဲရှိတက်ပါတယ်။

ACCOMODATION
FLEETWOOD ကတော့ နိုင်ငံခြားကျောင်းသားများအတွက်အိမ်တွေငှားတာနဲ့ ပဲစီးပွားဖြစ်နေကြပါတယ်။အိမ်လုံး ချင်းငှားကြသလို၊တစ်ချို့ အိမ်တွေကတော့အခန်းငှားကြတာလည်းရှိတယ်။ချက်ဖို့ ပြုတ်ဖို့ ပစ္စည်းအစုံအလင်ရှိပြီးသားပါ။တချို့ အိမ် တွေကတော့ ဘုံမီးဖိုချောင်ကိုသုံးရတာရှိသလို၊သီးသန့် ပေးထားတဲ့အိမ်တွေလည်းရှိပါတယ်။လုံချင်းငှားမယ်ဆိုရင်တော့ ပေါင် ၄၀၀မှ ၆၀၀ လောက်ပေးရမယ်။ လျှပ်စစ်နဲ့ ဓတ်ငွေကတော့သုံးရင်သုံးသလောက်ကျမှာဖြစ်ပါတယ်။ကျောင်းသား တွေစု နေပြီး အချိုးကျပေးပြီးနေကြပါတယ်။အိမ်တစ်လုံးမှာ ၄ ယောက်တော့အနည်းဆုံးနေလို့ရပါတယ်။အဲဒီတော့နေစရိတ်က အများဆုံး ပေါင် ၂၀၀ ဝန်းကျင်ပဲရှိမှာပါ။ အိမ်လခက အပတ်စဉ် ဒါမှမဟုတ် လစဉ်ပေးရပါမယ်။အိမ်ရှင်ပေါ်မူတည်ပါတယ်။ဒီမှာက Council tax ကိုအိမ်ရဲ့တန်ဖိုးပေါ်မူတည်ပြီးနေတဲ့သူကပေးရပါတယ်။ဒါပေမယ့်ကျောင်းသားတွေက ကင်းလွတ်ခွင့်ရပါတယ်။အိမ်ကို စည်ပင်ခွန်တောင်းတဲ့စာရောက်လာတဲ့အခါ ကျောင်းမှပေးထားတဲ့ အချိန်ပြည့်ကျောင်းသား(full time student)ဖြစ်ကြောင်း ထောက်ခံစာနဲ့ အတူCouncil mobile office ကိုသွားပေးလိုက်ပြီးမှတ်တမ်းတင်ပြီးရင် ကိစ္စပြီးပါပြီ။mobile office ဆိုတာကတော့ ကားပါပဲ။ကားထဲမှရုံးအလုပ်လုပ်လိုအဲလိုခေါ်တာပါပဲ။ တနင်္လာနေ့ တိုင်းမှာမနက် ၇:၀၀ ကစပြီးမြို့ ထဲကဘုရားကျောင်း နားမှာရှိပါတယ်။ ကျွန်တော်က လုပ်ရမယ့်ဟာတွေကိုပဲပြောပေးလို့ ရပါတယ်။ကိုယ်ရောက်တဲ့အချိန်မှာ အပြောင်းအလဲ တွေရှိနိုင်ပါတယ်။စစရောက်ချင်းမှာအိမ်ရှာလို့ မရသေးရင် ကောလိပ်အဆောင်မှာ ၁ပတ်လောက်နေဖို့ ကျောင်းလျှောက်တဲ့အ ချိန်ထဲက ယူထားပါ။ကောလိပ်ကနေပြီးငှားမယ့် အိမ်ပိုင်ရှင်ရဲ့ဖုန်းနံပါတ်၊လိပ်စာကိုရနိုင်ပါတယ်။အသင့်ငှား ထား ပေးမယ့် သူ မရှိဘူးဆိုရင်တော့အပူတပြင်းသာရှာပေတော့။ ကောလိပ်အဆောင်က ၁ပတ်ကို ပေါင် ၁၂၀ ပေးရမှာဆိုတော့မကိုက်ဘူး။ အတန်းထဲက ကျောင်းသားတွေကိုလည်းမေးပါ။ ကိုယ်နဲ့ အတူသွားမယ့်မြန်မာမရှိရင်တော့ သူတို့ နဲ့ ပဲအတူနေရမှာပါပဲ။သူ တို့ တွေကိုတော့ထဲထဲဝင်ဝင်ပေါင်းသင်းမှရမယ်။ဘာလို့ လဲဆိုတော့သူတို့ က O.O.W ဖြေထဲက ဒီကိုရောက်ဖူးပြီးသား ဆိုတော့ဘာပဲဖြစ်ဖြစ်သိကြတယ်။သတင်းအချက်အလက်ပဲဖြစ်ဖြစ်၊ သင်ခန်းစာနဲ့ ပတ်သက်တဲ့ မှတ်စုဟောင်းတွေကလဲ သူ တို့ လက်ထဲမှာရှိပြီးသား။ အိန္ဒိယသားတွေရဲ့အသိုင်းအဝိုင်းက တော်တော်ကြီးတယ်။ မြတ်ချေမပြတ်ဖို့ ဆိုရင်တော့ ပေါင်းထားမှရမယ်နော်…။ စီကနဲဆို UK တစ်ခုလုံးဘယ်ကျောင်းကဘာသင်နေပြီး၊ ဘယ် EXAM CENTRE ကတော့ဘယ် မေးခွန်းက ခေတ်စားနေတယ်ကအစအကုန်သိကြတယ်။


FOOD
ASDA MART ရှိပါတယ်။ ICELAND MART ရှိတယ်။ ရန်ကုန်က CITY MART လိုပေါ့။ လိုချင်တာအကုန်ရနိုင်ပါတယ်။ပြီး
တော့ FRESH VEGETABLE တွေရနိုင်တဲ့ ဆိုင်လေးတွေလည်းရှိပါတယ်။ FLEETWOOD MARKET မှလည်း အသီးအရွက်
တွေရနိုင်ပါတယ်။အိမ်မှာချက်စားမယ်ဆိုရင်တော့ တစ်ပတ်ကို ၁၅ ပေါင် လောက်ကျပါမယ်။ဆန်၊ဆီ၊ဆား၊ အသား၊ငါးပေါ့လေ။
ငါးကတော့ဒီမှာတော်တော်လေးဈေးကြီးတယ်။ကုလားတွေကတော့ တစ်ခြားမြို့ (PRESTON)မှာသွားဝယ်ကြတယ်။အဲဒီ
မြို့ မှာတော့တော်ကို ဈေးသက်သက်သာသာနဲ့ ရပါတယ်။သူတို့ ဈေးသွားဝယ်တဲ့အခါလိုက်သွားပြီးဝယ်ရင်တော့ကောင်းတာပေါ့။
အိန္ဒိယအများစုရှိတဲ့နေရာမို့ ဟင်းခတ်အမွှေးအကြိုင်များလည်းရတယ်။

HEALTH CARE
ကျောင်းရဲ့အစီအစဉ်နဲ့  ကျောင်းသားတွေကို GENERAL PHYSICIAN ဆီမှာ REGISTER လုပ်ပေးပါလိမ့်မယ်။နေထိုင်မ ကောင်းဖြစ်တဲ့အခါ အဲဒီ ဆရာဝန်ဆီကို ဖုန်းဆက်ပြီး appointment ယူရပါမယ်။ဆေးသောက်ရမယ်ဆိုရင်သူပေးတဲ့ဆေးကို ဆေးဆိုင်မှာထုတ်ယူရမယ်။အဲ…တစ်ခုရှိတာက National Health Service မှာ register မလုပ်ထားဘူးဆိုရင်ဆေးဖိုးပေးရ ပါလိမ့်မယ်။ဆေးတစ်မျိုးကို ၈ ပေါင်နီးပါးပေးရတယ်။ register လုပ်ဖို့ မမေ့ပါနဲ့ ။ registration form ကို ကောလိပ်ရဲ့ reception မှာတောင်းပြီးဖြည့်၊ပြီးရင်လမ်းမဘေးတွေမှာရှိတဲ့ အနီရောင်စာတိုက်ပုံးထဲသာပစ်ထည့်လိုက်ပေတော့။ပြန်စာရောက်လာ လိမ့်မယ်။ ရန်ကုန်ကထဲကလိုအပ်မယ့်ဆေးတွေယူလာတာကောင်းမယ်။တစ်ချို့ ဆေးတွေကိုလိုသလို ဒီမှာဝယ်လို့ မ ရ ပါ ဘူး။ဆရာဝန်ဆေးစာနဲ့ မှရောင်းကြတာပါ။

TRANSPORT
ကျောင်းနားကမှတ်တိုင်ကတော့ BROADWATER လို့ ခေါ်ပါတယ်။ BUS No.14 ဒါမှမဟုတ် TRAM နဲ့ သွားလို့ရတယ်။ အပေါ်မှာပဲဝယ်စီးမယ်ဆိုရင် ၂ ပေါင်ပေးရတယ်။ one way ပါ။ ကြိုတင်လက်မှတ်ဝယ်တာကသက်သာပါတယ်။ တစ်လစာကို ပေါင် ၅၀ ပေးရတယ်။ bus ပဲစီးစီး၊ Tram ပဲစီးစီး အဲဒီကဒ်ကိုသုံးလို့ ရပါတယ်။သူတို့ ကအချိန်နဲ့ ထွက်တာဖြစ်တဲ့အတွက်Time table ကိုကြည့်ထားဖို့ တော့လိုပါတယ်။ ကျောင်းက ၉ နာရီစတာဆိုတော့ ဂိတ်ကို ၈:၄၀ အေ၇ာက်သွားရင်မီပါတယ်။Google map ကနေ ကိုယ်နေတဲ့နားက ဘက်စ်ကားဂိတ်၊ ဓာတ်ရထားဂိတ်တွေကိုကြည့်လို့ ရတော့အဆင်ပြေပါတယ်။တစ်ချို့ ကျောင်း သား တွေက နောက်ပိုင်းမှာကားဝယ်စီးကြပါတယ်။သူတို့ နဲ့ လိုက်စီးမယ်ဆိုရင်တော့ ၁ လကို ၁၅- ၂၀ပေါင်လောက်ပဲကုန်တော့တယ်။ ကားဝယ်စီးတယ်ဆိုပြီးအထင်တော့မကြီးလိုက်ပါနဲ့ ။ကားတစ်စီးမှ ပေါင် ၅၀၀-၆၀၀ ပဲရှိပါတယ်။Used car တွေပေါ့။ သစ်သစ်ပောာင်းဟောင်းကားက ကောင်းနေမှခွင့်ပြုတာဆိုတော့ condition ကတော့စိတ်ချရတယ်။မြန်မာပြည်မှာ သာအဲ့ဈေးနဲ့ ရ လို့ ကတော့ ဆိုက်ကားတောင်ရှိတော့မှာမဟုတ်ဘူး။ဟေ့ဟေ့။



COMMUNICATION
ကျောင်းသားအများစုသုံးတဲ့ဖုန်းက Lyca Mobile ပါ။ Lyca အချင်းချင်းခေါ်ရင်ပိုက်ဆံမဖြတ်လို့ သုံးရတာတွက် ခြေကိုက်ပါ တယ်။International call ဆိုလဲဈေးသက်သာပါတယ်။ sim card က ပြား ၈၀ ပဲပေးရတယ်။ top up ကတော့ ၅ ပေါင်၊၁၀ ပေါင် စသဖြင့်ပေါ့လေ။ internet ပါသုံးလို့ ရပါတယ်။ အိမ်မှာ internet သုံးမယ်ဆိုရင်တော့ broadband providerတွေရှိပါတယ်။ပထပ ၆ လ အတွက်လစဉ် ၁၆ ပေါင်ကျမယ်။ ၆ လ နောက်ပိုင်းအတွက် တော့ လစဉ် ၂၅ပေါင်ကျမှာပါ။သုံးတဲ့ သူတိုင်း အချိုးကျ ဆိုရင် တော့သက်သာတာပေါ့။

WEATHER
April ~ September အထိကတော့ အပူချိန်က ၁၀-၁၅ C ရှိပါတယ်။ကျန်တဲ့လတွေမှာတော့ -၅ ~ ၄ ဝန်းကျင်မှာရှိပါတယ်။ ပင်လယ်နဲ့ နီးလို့ လေကတော့နွေရော၊ဆောင်းပါမကြာခဏတိုက်နေတက်ပါတယ်။မိုးကတော့များတယ်။လေကာမိုးကာ နိုင်မယ့်အင်္ကျီလိုပါတယ်။

BANK ACCOUNT
ကျောင်းစတက်တဲ့နေ့ မှာ reception မှာသတင်းပို့ ပြီးရင် လိုအပ်တဲ့စာရွက်စာတမ်းတွေရပါလိမ့်မယ်။
Council Tax Letter
Confirmation Letter for being a full time student
Letter to open student bank account
အဲဒီထဲက အကောင့်ဖွင့်ဖို့ စာရွက်နဲ့ bankမှာအကောင့်ဖွင့်ရမယ်။ student account ဖွင့် လို့ ရတဲ့ ဘဏ်တွေက Natwest Bank.Santander Bank တွေရှိပါတယ်။ ကောလိပ်က Natwest Bank ကိုလိပ်မူပေးပါလိမ့်မယ်။ အဲဒီဘဏ်ကိုအရင်သွား ပြီးဖွင့်ပါ။အဲဒီမှာမရရင် ကောလိပ်မှာ စာအသစ်တစ်စောင်ထပ်တောင်းပြီး Santander ကိုသွားပါ။Santander Bankက လစဉ် ၅ပေါင်ဖြတ်ပါတယ်။ NatWest က မဖြတ်ပါ။ကျွန်တော်လာတဲ့အချိန်မှာမြန်မာပြည်ကဘဏ်တွေမှာ USD ACCOUNT ဖွင့် လို့ မရသေးတော့ ငွေသားချည်းသယ်လာရတယ်။လေဆိပ်မှအစစ်အဆေးတော့မရှိခဲ့ပေမယ့် အန္တရာယ်တော့များပါတယ်။ မြန်မာပြည်မှာဖြစ်ဖြစ်၊နိုင်ငံခြားမှာဖြစ်ဖြစ် အကောင့်ရှိပြီးသားဆိုရင်တော့ Bank Draftယူသွားတာ၊ဒါမှမဟုတ်လိုသေ လာက် ကိုသာယူသွားပြီးအကောင့်ဖွင့်ပြီးမှ ငွေတွေပြောင်းထည့်တာလည်းလုပ်လို့ ရပါတယ်။Money changer နဲ့ Bank မှာငွေလဲနှုန်းကွာပါတယ်။အပြင်မှာလဲမယ်ဆိုရင်ပိုရပါတယ်။အဲတော့ London အသိတွေရှိရင် တော့အကူအညီတောင်ပြီး Paddington မှာသွားလဲမယ်ဆိုရင်တော့ဈေးပိုရနိုင်တယ်။ ဘဏ်အကောင့်ဖွင့်ပြီး Debit ကဒ်ရဖို့ က၂ပတ်လောက်စောင့်ရ တယ်။ကဒ်ရရင် ဘဏ်မှာရှိတဲ့ ATM Machine မှာ ကဒ်ကို Activate လုပ်ရပါမယ်။ကဒ်နဲ့ ကျောင်းလခသွင်းမယ်ဆိုရင်၏ဘဏ် ကိုငွေသွင်းမယ့်အကြောင်းကိုအရင်ပြောပါ။သွင်းရမယ့်ပမာဏကပေါင်၅၀၀၀ ဝန်းကျင်မို့ ကြိုပြီးမပြောထားရင်ပေးလို့ မရပဲ လုံခြုံရေးအရ ကဒ်ကိုသုံးခွင့်ပိတ်ပစ်ပါလိမ့်မယ်။အကောင့်စဖွင့်ကထဲက ကျောင်းလခအတွက်ငွေကိုတစ်ခါတည်းသွင်းပြီး ကောလိပ်အကောင့်ကိုလွှဲဖို့ လုပ်ရင်လည်းရပါတယ်။ဒါမှမဟုတ် ရှိပြီးသား USD Account ကနေ တိုက်ရိုက်လွှဲလိုက်လဲပြီးတာပါပဲ။ ကိုယ်အဆင်ပြေသလိုသာလုပ်ပါ။

N.O.E APPLICATION
ကျောင်းအပ်တဲ့ကိစ္စပြီးရင်လုပ်ရမှာက N.O.E (Notice Of Eligibility) လျှောက်ဖို့ ပါ။ လိုအပ်တာတွေကတော့ကောလိပ်ရဲ့ Automatic reply email မှာရှိသလို၊အထက်မှာရေးထားပြီးတဲ့ web linkမှာရနိုင်ပါတယ်။ အသေးစိပ်တော့မရေးတော့ဘူး။ ဖတ်လိုက်တာနဲ့ ရှင်းရှင်းလင်းလင်းသိသွားမှာပါ။ passport, C.D.C, C.O.C, Medical Fitness Certificate, G.O.C & Application Form တွေဖြည့်ပြီးပြီးပို့ လိုက်ပါ။ ၁လခွဲလောက်တော့ကြာလိမ့်မယ်။N.O.E ရမှ SQA WRITTEN EXAM နဲ့ ORAL EXAM ဖြေလို့ ရမှာပါ။စိုးရိမ်တက်ရင်၊ သေချာချင်ရင်UK မလာခင်၊ကျောင်းမလျှောက်ခင်ကထဲက MCA ကိုလျှောက်တာကောင်းပါတယ်။ ဒါပေမယ့် SEA SERVICE ပြည့်မယ်ဆိုရင်တော့ရဖို့ သေချာပါတယ်။ကျောင်းကလဲ UKက အသိအမှတ်မပြုတဲ့ C.O.C ကိုလက်မခံပါ။ ကျောင်းလျှောက်တဲ့အခါ ကိုယ့်ရဲ့ C.O.C ကိုMCA( Maritime and Coastguard Agency) ကိုအရင်ပို့ ပြီးလက်ခံလို့  ရမရအရင်မေးပြီး ရမှကျောင်းတက်ဖို့ ကိုလက်ခံတာပါ။
COURSE WORK
Chief mate and Master (unlimited) course က Higher National Diploma( HND ) –Part II, SQA (Scottish Qualifications Authority) Written Exam , Signal Exam နဲ့  MCA Oral Examination တွေအတွက်သင်ရိုးတွေနဲ့  ပေါင်းထားတာပါ။
သင်တန်းကာလ(TERM) ၃ ခုရှိပါတယ်။ တစ်ခုမှာ ၃လကြာမှာပါ။ HND နဲ့ SQA Written exam အတွက်ကို 1st term နဲ့ 2nd term မှာသင်ရပါမယ်။ 2nd term ပြီးခါနီး SQA Exam မတိုင်မီ ၁လအလိုမှာ HND Exam ကိုဖြေရပါမယ်။ HND နဲ့  SQA အတွက်သင်ရတဲ့စာတွေကအတူတူဖြစ်ပြီး စာမေးပွဲသာကွာခြားနေတာပါ။ HND က academic diploma အတွက်ဖြစ်ပြီး SQA ကတော့ C.O.C ရဖို့ ဖြေရတဲ့စာမေးပွဲပဲဖြစ်ပါတယ်။အဲတော့ HND Exam မှာဖြေနိုင်အဖြေနိုင်ဆိုတာသိရင် ကိုယ့်က SQA Exam အတွက် အဆင်သင့်ဖြစ်ပြီလား၊ မဖြစ်သေးဘူးလားဆိုတာကိုသိနိုင်တယ်။HND Exam ကို SQA Exam Standard နဲ့ စစ်မှာမို့ ပါ။ 3rd termမှာတော့ engineering knowledge နဲ့  IT ကို သင်ရမှာပါ။
အဲတော့သင်ရမှာက သင်ရိုး ၂ခုရှိမယ်။ HND and SQA။ HND ကတော့ကျောင်းစစ်ဖြစ်ပြီး၊ SQA ကတော့ အပြင်စစ်ဖြစ်ပါတယ်။ HND အတွက်က Passage Planning, Vessel’s operation , Shipboard management, Structure and Maintenance, Business and Law, Gyro compass, Meteorology, Shipboard Emergencies Response, Ship Handling တွေသင်ရမှာဖြစ်ပြီး SQA အတွက်တော့ Navigation နဲ့  Ship Stability တွေပဲဖြစ်ပါတယ်။
HND အတွက် Assessment တွေ တောက်လျှောက်ဖြေရမှာပါ။ကျောင်းစစ်ဆိုပေမယ့် ဆရာမဟုတ်တဲ့စာမေးပွဲခန်း စောင့်( external invigilators)တွေနဲ့ ဖြေရမှာဖြစ်လို့ လှုပ်လို့ မရပါ။ ကြည့်လို့ မရပါ။စာမေးပွဲစည်းကမ်းဖောက်တာနဲ့ အကျပါပဲ။ 1st and 2nd term အတွင်းခန့် မှန်းခြေ Assessment ၃၀ ဝန်းကျင်ဖြေရပါတယ်။1st term မှာ signal exam preparation ၁ လ ပေးပြီး ဖြေရပါတယ်။ ကိုယ့်ဘာသာဖမ်း ကိုယ့်ဘာသာရေးရမယ်။ ရေးဖြေရှိတယ်။INTERCO စာအုပ်ကိုအကျွမ်းတဝင် ရှိမရှိစစ်တာပါ။ ပြီရင် Signal Flag ဖြေရပါတယ်။စစ်တဲ့သူပြတဲ့ အလံရဲ့အဓိပ္ပယ် ကိုပြောရတာပါ။
2nd term မှာတော့ Graded Unit 2, Graded Unit 3, HND Navigation, HND Stability , SQA Navigation and SQA Stability စာမေးပွဲတွေနဲ့ လုံးပမ်းရမှာပါ။SQA စာမေးပွဲပြီးတဲ့နောက်နေ့ ကစပြီး Oral exam preparation အတွက် ၁၀ ရက် intensive ပေးမှာလိမ့်မယ်။


SQA WRITTEN EXAMS
အပေါ်မှာရေးခဲ့သလို C.O.C အတွက် SQA Written exams ဖြေရမယ်။ နှစ်ဘာသာဖြေရမယ်။ Navigation နဲ့  Ship Stabilityပါ။ နှစ်ဘာသာပဲဆိုပေမယ့်ဒီဘာသာတွေက ပိုပြီး အသားပေးလေ့လာရပါတယ်။ SQA က UK တစ်ခုလုံးအတွက် စာမေးပွဲစစ်ပေးတဲ့ AUTHORITY ဖြစ်လို့ မေးခွန်းတွေကမှန်းရခက်ပါတယ်။ သင်ရိုးမှာပါတာတွေကိုအခန်းစေ့ ပြင်ဆင်ထားမှရမှာပါ။ ဒီစာမေးပွဲက ကျောင်းကစစ်တာလဲမဟုတ်ပါ၊ MCA ကစစ်တာလည်းမဟုတ်ပါ။ SQA ကစစ်ပေးတာပါ။ထွက်လာတဲ့အောင်စာရင်းကို MCA ကိုအရင်ပို့ ပြီး မှ အောင်စာရင်းထုတ်ပေးပါတယ်။အဲတော့ ကျောင်းက စာသင်တဲ့အလုပ်ပဲလုပ်ပါတယ်။MCA ကလည်း ရေးဖြေမစစ်ပါ။ SQA ကစစ်ပေးတဲ့ရလဒ်ကိုပဲအတည်ပြုပေးတာပဲ။ ဘယ်သူ့ ဘယ်သူဘက်မှနစ်နာမှုမရှိပါ။သက်မှတ်ထားတဲ့အောင်မှတ်မရရင်ဆွဲတင်တာလဲမရှိပါ။ စာမေးပွဲတစ်ခါစစ်တိုင်း တစ်နိုင်ငံလုံးအောင်ချက်က ၅၀ % ဝန်းကျင်သာအောင်ကြပါတယ်။ တစ်ချိုကျောင်းတွေမှာ ကျောင်းသား ၂၀ ဖြေရင် ၃၊၄ ယောက်သာအောင်တာတွေရှိပါတယ်။FNC မှာတော့ အောင်ချက်က ၈၀% အထက်မှာပဲ ရှိပါတယ်။ ၃၀ ဖြေရင် ၂၅ ယောက်တော့အနည်းဆုံးအောင်ကြပါတယ်။ဒါပေမယ့် ကျွန်တော်ဖြေတဲ့အခေါက်တော့ Navigation မှာ အယောက် ၄၈ ယောက်ဖြေတာ ၁၈ ယောက်သာအောင်လို့ ၃ နှစ်လောက်ထိန်းလာတဲ့စံချိန်ပျက်သွားပါတော့တယ်။ Stability ကတော့နှစ်တိုင်းအောင်ချက်ကောင်းနေကျပါ။
အမှတ် ၂၀၀ မေးခွန်းမှာ ၁၂၀ ရ မှအောင်မှာပါ။ calculation နဲ့ Theory ကမေးထားတာမျှလို့ တစ်ဖက်မှာ ပဲအားသာနေ လို့ မရပါဘူး။ Navigation မှာဆိုရင် Sailing , Celestial, Radar plotting ,Rendezvous, Tide and Bridge operation တွေကြည့်ထားရမှာပါ။ Stability ကတော့ list, trim, GM, GZ curves, Grain rules and Grain Calculation, Dry Docking, Draught Survey, KN tables, Bilging , Air draught calculation, Free Surface Effect, Inclining Experiment,စသဖြင့်သင်ရမှာပါ။ calculation တွေအားလုံးအတွက် မေးခွန်းမှာ data တွေပေးထားတာမျိုးမဟုတ်ပဲ သင်္ဘောရဲ့ Hydrostatic table မှာလိုတဲ့အချက်အလက်တွေကိုယ်တိုင်ရှာပြီး တွက်ရမှာပါ။ သင်္ဘောပေါမှာလက်တွေ့ လုပ်ရ နေ ရ သ လို မျိုးခံစားရပါတယ်။
နောက်တစ်ခုက MCA က ကျောင်းတွေကိုပုံမှန် ဝင်ရောင်စစ်ဆေးတာတွေရှိတယ်။ သင်ရိုးနဲ့ ကိုက်မကိုက်၊ ကျောင်းသားတွေအတွက်သင်ထောက်ကူပစ္စည်းတွေကောင်းမကောင်း။သင်တဲ့ဆရာတွေစာသင်နေချိန်မှာကျောင်းသားတွေ နဲ့ ဝင်ထိုင်ပြီးဆရာရဲ့သင်တဲ့ပုံစံကို သူတို့ ရဲ့ စစ်ဆေးမှု ပုံစံအတိုင်း စာသင်ချိန်တောက်လျှောက်စစ် သွား ပါတယ်။ စာသင်ချိန်ပြီးတာနဲ့ ကျောင်းသားတွေကိုပါမေးပါတယ်။ဆရာတွေသင်တာကိုကျေနပ်မှုရှိမရှိပေါ့။ဒါကအရမ်းကောင်းတဲ့စနစ် လို့မြင် ပါတယ်။ကျောင်းတွေကတော့ MCA လာစစ်ရင်ပြာနေတော့တာပဲ။ကျောင်းတွေအားလုံးက MCA ရဲ့ထိန်း ချုပ် မှုအောက်မှာပဲရှိပါတယ်။

ORAL EXAM
Oral ကတော့ N.O.E သာလက်ထဲရောက်နေရင်ကိုယ်အဆင်ပြေတဲ့အချိန်ဖြေလို့ ရပါတယ်။ ရေးဖြေပြီးမှဖြေရမယ်ဆိုပြီး သက်မှတ်ချက်မရှိပါဘူး။ Oral က MCA marine officer တွေမှာဖြေရမှာပါ။ office တွေကနိုင်ငံအနှံ့  ၁၀ ခုရှိပါတယ်။ နှစ်သက်တဲ့နေရာကိုသွားဖြေလို့ ရပါတယ်။ဘယ်လိုလျှောက်ရမလဲဆိုတော့ N.O.E မှာကိုယ်ဖြေချင်တဲ့ရက်ကိုရေးပြီး ဖြေချင်တဲ့ OFFICE ကိုပို့ ပါ။ OFFICER ကနေ ကိုယ်ဖြေချင်တဲ့ရက်မှာ ရမယ်ဆိုရင်စာပြန် ပို့ ပါမယ်။မရဘူးဆိုရင်လည်းရနိုင်မယ့် ရက်နဲ့ အချိန်ကိုအကြောင်းကြားပါလိမ့်မယ်။ဒါမှမဟုတ် ဖုန်းမကြာမကြာဆက် မေးဖို့ ပြောပါလိမ့်မယ်။
Marine officer တစ်ခုစီမှာ oral စစ်မယ့် surveyor အနည်းဆုံးတစ်ယောက်ကနေ ခြောက်ယောက် အထိ ရှိတက်ပါတယ်။အဲတော့ကျောင်းသားတွေက surveyor နည်းတဲ့ရုံးမှာပဲသွားဖြေကြပါတယ်။ စစ်တဲ့သူများတော့ မေးခွန်း တွေအမျိုးမျိုးကွဲတာပေါ့။ အိန္ဒိယသားတွေကတော့ ရုံးကဘယ်လောက်ပဲဝေးဝေး စစ်တဲ့သူနည်းနည်းပဲရှိတဲ့ ရုံးတွေမှာ သွားဖြေနေကျ။surveyor အများဆုံးကတော့ Liverpool office ပဲ။ကျောင်းသားအများစုရှောင်တဲ့ နေရာပေါ့။အမှန်က ဘယ်နေရာပဲဖြေဖြေ နှုတ်ဖြေသင်ရိုးကိုသာပိုင်အောင်ကြည့်ထားရင်အောင်မှာပါပဲ။သူတို့ က တော့ ဒီရုံးက နေ ကျတာတွေများနေရင်မဖြေတော့ပဲနောက်ရုံးကိုပြောင်းပြီးဖြေဖို့ လုပ်တော့တာပဲ။တခါတလေ ဘာဖြစ်လဲဆိုတော့ ကျောင်းသားတစ်ယောက်ကsurveyor နည်းတဲ့နေရာမှာ appointment ယူထားတယ်။ဟိုလည်းရောက်ရောသူ မသွားချင်တဲ့ရုံးက surveyor က ဒီမှာဖြေမယ့်သူတွေပုံနေတော့လာစစ်ပေးတာနဲ့ လဲကြုံရော ကိုယ်တော်ကမဖြေတော့ပဲ leave တင်လိုက်ပါရော။ စစ်တဲ့သူတွေကလည်းကိုယ်စီကြိုက်တဲ့မေးခွန်းတွေကလဲရှိကြတာကိုး။ပထမတစ်ခေါက်ကျရင် နောက် ၂ ပတ်မှာပြန်ဖြေလို့ ရမယ်။ အဲဒါမှထပ်ကျရင်နောက် ၃လဆိုင်းပြီးမှပြန်ဖြေလို့ ရတော့မယ်။ ဖြေတဲ့အခါ Formal Dress ဝတ်ရမှာဖြစ်ပါတယ်။


SHORT COURSES
မြန်မာပြည်ကနေ Advanced Medical Care course ကို MCA မှ လက်ခံပါတယ်။မသွားခင်တက်သွားပါ။ ECDIS ကိုလည်း MCA သို့ မိတ္တူပို့ ပြီး လက်ခံမခံ မေးကြည့်ပါ။ဒီမှာတက်ရင် ပေါင် ၁၀၀၀ ပေးရပါမယ်။ G.O.C နဲ့ ကျန်တဲ့ လက် မှတ် တွေကို လက်ခံတဲ့အတွက်မပူရပါ။

PART TIME JOBS
ဗီဇာမှာအလုပ်လုပ်ဖို့ ခွင့်ပြုတာက တစ်ပတ်ကို ၁၀ နာရီပါ။ တစ်နာရီကိုခြောက်ပေါင်ပေးပါတယ်။တစ်ချို့ ကျောင်းသားတွေ ကဟိုတယ်မှာ စနေ၊တနင်္ဂနွေ အလုပ်လုပ်ပါတယ်။တစ်ခြားစားသောက်ဆိုင်တွေမှာလည်းလုပ်လို့ ရပါတယ်။ လုပ်နိုင်မယ်ဆိုရင် ပိုက်ဆံအပိုတောင်ထွက်လာဦးမှာ။


ဒီလောက်ဆိုရင်တော့တော်တော်လေးစုံသလောက်ရှိသွားပြီထင်ပါတယ်။ခရေစေ့တွင်းကျတော့ရေးထားတာမဟုတ်ပေ မယ့်ကျောင်းလာတက်မယ့်သူတွေအတွက်တော့ အထောက်အကူဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ဒီမှာရေးထားတာတွေကကျွန် တော် ကျောင်းလာတက်ဖို့ စလုပ်ကထဲကနေပြီး သင်တန်းပြီးတဲ့အထိ တွေ့ ကြုံရတာတွေပဲဖြစ်လို့ အလွန်အမင်း rely မလုပ်ဖို့  တော့ပြောပါရစေ။ဒီစာကိုဖတ်ပြီးလွဲချော်မှုများရှိခဲ့ရင်ကျွန်တော့်အနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်းတော့ ပြောပါရစေ။ ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အဆင့်တိုင်းမှာလုပ်ခဲ့ရတာတွေထက်ပိုကောင်းတဲ့နည်းလမ်းများ ညီ၊အစ်ကိုတို့ ဆီမှာ ရှိကောင်း ရှိကြမှာဖြစ်လို့ အသုံးဝင်တာယူ၊ မဝင်တာပယ်ဖို့ လည်းပြောချင်ပါတယ်။နောက်တစ်ခုက ဗီဇာလျှောက်တဲ့အခါ ၊ ကျောင်းလျှောက် တဲ့အခါ လိုအပ်ချက်တွေက အချိန်တိုင်းပြောင်းနိုင်တာမို့ သိချင်တာ၊မရှင်းတာရှိရင် သက်ဆိုင်ရာကိုတိုက် ရိုက်မေးမြန်းဖို့ အ ကြံပေးချင်ပါတယ်။ပြီးတော့ကျောင်းခေါ်ချိန်ပြည့်ဖို့ ကအရေးကြီးပါတယ်။ ကျောင်းတက်ချိန်မှတ်တမ်းတွေကို UK Border Agency (လူဝင်မှုကြီးကြပ်ရေး) ကိုပို့ ရတာဖြစ်လို့ ကျောင်းကလည်းဘာမှမတက်နိုင်ပါ။ 


overall attendance ၈၀% ရှိရမှာဖြစ်ပြီး၊ သင်တန်းကာလ(term)တစ်ခုစီမှာ ၇၅%ရှိရမှာဖြစ်ပါတယ်။ကျောင်းခေါ်ချိန်မပြည့်တဲ့သူကို ဗီဇာ ရပ်ဆိုင်းတာအထိ အရေး ယူ နိုင်ပါတယ်။ကျောင်းရဲ့တည်နေရာကိုကြည့်ချင်ရင်တော့ Google Map ကနေ Fleetwood nautical campus လို့ သာ ရိုက်ထည့်ပြီး ကြည့်ရင်သိနိုင်ပါတယ်။ဒီထက်ပိုပြီးသိချင်တယ်ဆိုရင်တော့ ကျွန်တော့် email ကိုပို့ ပြီး မေးနိုင်ပါတယ်။ ရန်ကုန်မှာရှိရင် တော့ ဖုန်း ဆက်ပြီးပဲဖြစ်ဖြစ်၊ လူချင်းတွေ့ ပြီးပဲဖြစ်ဖြစ် FNC မှာသင်တန်းပြီးသွားတဲ့ ကျွန်တော်တို့ ညီအစ်ကိုများမှ တက်နိုင်သလောက် ကူညီပေးဖို့ အ သင့်ပါပဲခင်ဗျာ။ 

Email address : nyein.libra5@gmail.com နှင့် nyein.chan.39142@facebook.com ကိုဆက်သွယ်နိုင်ပါတယ်။ အမှားပါရင်တော့ခွင့်လွှတ်ကြပါ။ဒီလောက်ရှည်တဲ့စာခုမှရေးဖြစ်ခြင်းဖြစ်လို့ ပါ။

ကိုမင်းမင်းကျော် Email: 007minminkyaw@gmail.com သို့ လည်းမေးနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ တက်ယောင်ကားလုပ်ပြီးတင်ခြင်းမဟုတ်ပဲ ကျောင်းသွားတက်ချင်သူများအတွက်အသုံးဝင်အောင်တင်ပေးခြင်းဖြစ်ပါတယ်။

ငြိမ်းချမ်း
MMMC CD-31

No comments:

Post a Comment