Friday, June 7, 2013

ကမ်းရိုးတန်းသွားတောလား အပိုင်း(၁)

(Photo Source - Google)


အိမ်ကအုပ်ချုပ်ရေးမှူးက တစ်ရက်တော့ ရွှေဘုန်းပွင့်ဘုရားမှာဗေဒင်သွားမေးပါတယ် အိမ်ရဲ့စီးပွားရေးအခြေအနေတစ်ရပ်အတွက်ပေါ့ဗျာ...။
ဗေဒင်ဆရာမကလည်း အချွန်နဲ့ မလိုက်တာလားတကယ်ပဲမှန်သလားတော့မသိဘူး
အမျိုးသားက ရေလုပ်ငန်းနဲ့ ပက်သက်ရင်အကျိုးပေးမယ်လို့ ဟောလိုက်ပါတယ်...။အဲ့ဒီမှာကျွန်တော်လည်းစဂိန်းတော့တာပါပဲ...။ဖြစ်ချင်တော့ အုပ်ချုပ်ရေးမှူးရဲ့ အမျိုးတွေက အထီးမှန်သမျှ သင်္ဘောသီးဖြစ်နေတယ်ဗျာ....။ ဒီလိုနဲ့ ကွန်ပူတာ ကခြောက်တိကခြောက်ချက် ပြင်စားနေတဲ့ ကျွန်တော့ကို အုပ်ချုပ်ရေးမှူးရဲ့
တစ်ခြက်လွှတ်အမိန့် ကနေသင်္ဘောလိုက်ဖို့ စတင်လုံးပန်းရင်းကနေ ရေကြောင်းသိုင်းလောကထဲကို အခြေချမိတာပါ...။

ရှင့်နှပဲခြောက်ပြားလစာနဲ့ ကျွန်မတို့ မိသားစုရှေ့ရေးဘယ်လိုထွန်ယက်မလဲ
ရှင်သင်္ဘောလိုက်ဖို့ အမြန်ဆုံးစီစဉ်ပါ...။အဲ့ဒါနဲ့ appointment လေးတစ်စောင်ရဖို့ ထီးဖြူဖိနပ်ပါး ပလပ်ဖောင်းဆားဗစ်ကိုစတင်ရွက်လွှင့်ခဲ့ပါတယ်...။
ဒါပေမယ့် ကံဆိုးတာက appointment တွေကို ရက်အကန့် အသက်မရှိပိတ်ထားပါတယ်တဲ့ ညွှန်မှူးက လက်မှတ်မထိုးဘူးတဲ့ဗျာ...။

ဒါနဲ့ အုပ်ချုပ်ရေးမှူးက လက်မလျှော့ဘူးဗျာ
ဘယ်နည်းနဲ့ သင်္ဘောသီးဖြစ်မလဲ သူလဲကြံဖန်စဉ်းစား လက်လှမ်းမှီသလောက်လိုက်မေးတော့ ကျွန်တော့ ၀မ်းကွဲညီLCT စီးနေတာကိုသွားတွေ့ ပါတယ်..။ LCT ဆိုတာ ကမ်းရိုးတန်းသွားသင်္ဘောပါ
အဲ့ဒီမှာ တစ်နှစ် ပင်လယ်လုပ်သက်ယူပြီးရင် သက်ဆိုင်ရာသင်တန်းတွေတတ်
ပြီးရင် ဆီစာအုပ်နဲ့ နိုင်ငံကူးလက်မှတ်ထုတ်ယူနိုင်ပါတယ်....။ဒါနဲ့ ကျွန်တော်လည်း
ဆိပ်ကမ်းမှာအလုပ်လုပ်နေတဲ့ဦးလေးဆီကိုအကူအညီတောင်းတော့
သူကူညီနိုင်ပါတယ်ဆိုတာနဲ့ စောင့်နေတာပေါ့ဗျာ...။ညနေလောက်ကျတော့
ကျွန်တော့်ကိုအထုပ်အပိုးပြင်ပြီး မနက်ကို ကီလီဆိပ်ကမ်းလာခဲ့ဖို့ ခေါ်ပါတယ်
မင်းမနက်ဖြန်မနက်သင်္ဘောစတတ်တော့တဲ့..။

 နောက်တစ်နေ့ မနက်အစောကြီးကျွန်တော်လည်း ကီလီဆိပ်ကမ်းကို
အ၀တ်အစားအနည်းငယ် ကျောပိုးအိပ်ထဲထည့်ပြီးထွက်လာခဲ့ပါတယ်
ဟိုရောက်တော့ပွဲစားတစ်ယောက်ရယ် ကျွန်တော့်ဦးလေးရယ်အဆင်သင့်
တွေ့ ရပါတယ်...။ ရိုက်ကျေး ၄သိန်းတဲ့ သဘောတူလားတဲ့...။မတူလည်းတူရတော့မှာလေ...သင်္ဘောသားဖြစ်ချင်နေတာကိုး...မဖြစ်ချင်လို့ လည်းမရဘူး အိမ်ကအုပ်ချုပ်ရေးမှူး တစ်ချက်လွှတ်အမိန့် ....။သင်္ဘောက ဆိပ်ကြီးခနောင်တိုဘက်မှာဖြစ်နေတဲ့အတွက် ကျွန်တော်တို့ သမ္ဗာန်ငှားပြီး
ဆိပ်ကြီးဘက်ထွက်လာခဲ့ပါတယ်...။ အဲ့မှာသင်္ဘေင်္ာတွေစတွေ့ တာပါပဲဗျာ
ကန်းရိုးတန်းသွားသင်္ဘော ပင်လယ်ကူးသင်္ဘော ငါးဖမ်းသင်္ဘော
သစ်ခွံ သံခွံ အစုံပဲပေါ့ဗျာ....။ကျွန်တော်လည်းကိုယ်တတ်ရမဲ့သင်္ဘော ဘယ်နေရာမှာပေါ်လာမလဲ ရင်ခုန်ရင်းစောင့်ကြည့်နေတာပေါ့ဗျာ...။
တနေရာရောက်တော့ ပွဲစားက ပြောပါတယ်..ဟိုမှာ မင်းတတ်ရမဲသင်္ဘောတဲ့..။

 ဘုရားရေ... ခင်ဗျားတို့ ဟိုသီချင်းကြားဖူးလား
ဘူတာရုံမှာ သင်္ဘောကြီးတွေဆိုက်လို့ ဆိုတာလေ.... အဲ့ဒီသင်္ဘောနားမှာသာ
ရထားဘူတာရုံရှိရင်... အာလူးလာမပေးနဲ့ လေကိုနဲနဲ လျှော့ဆိုတဲ့ သီချင်းဆိုတဲ့သူထိုင်ငိုသွားမယ်....ကျွန်တော်စီးရမဲ့သင်္ဘောက ဟိုးကုန်းခေါင်ခေါင်ပေါ်ရောက်နေတာ...ဒေါက်တင်ထားတာမဟုတ်ဘူး
မဆွဲပဲပြစ်ထားတာ ၅ နှစ်လောက်ရှိပြီတဲ့.....သင်္ဘောသမိုင်းကြောင်းကဒီလိုဗျ
အရင်က ထားဝယ် လေဆိပ်စီမံကိန်းအတွက် ဘိလပ်မြေတင်တဲ့သင်္ဘော
သင်္ဘောပေါ်က ကုန်စာရေးနဲ့ သင်္ဘောသားတွေ ခိုးတာအားမရလို့ 
ဘိလပ်မြေအတုလုပ်ပြီး တင်တာ မိသွားလို့ အမှုရင်ဆိုင်နေရတဲ့သင်္ဘောဖြစ်နေတာ...။အခုမှ အမှုပြီးလို့ ပြန်ဆွဲမယ်ဖြစ်တာကြောင့်ကျွန်တော်တို့ ကို ခေါ်လာတာဖြစ်နေတယ်...။

 သင်္ဘောပေါ်ကိုရောက်တော့ ကိုယ့်လို ပဲ ပင်လယ်လုပ်သက်လာယူတဲ့
ဘ၀တူ ၄ ယောက်က အရင်ရောက်နှင့်ပြီးသား. ကျွန်တော်အပါအ၀င်၅ယောက်ပဲရှိတယ်ဗျာ...။ရောက်ရောက်ခြင်းစောက်နှင့်ထွင်းပါပဲ...ကုန်ပေါက်ထဲမှာ ကျောက်ဖြစ်နေတဲ့ဘိလပ်မြေအိပ် ၂၇၀၀ ကမ်းပေါ်ကိုသယ်ပေးပါတဲ့....။အဲ့ဒီမှာစတွေ့ တော့တာပဲ ဘာဖြစ်လဲ ထမ်းပေါ့ဗျာ သင်္ဘောသားဖြစ်ချင်တာကိုး...မှတ်မှတ်ရရ ၂ ရက်ဆက်တိုက်ထမ်းထုတ်လိုက်ရတယ်.. ကုန်ပေါက်ထဲမှာ ဘိလပ်မြေအိပ်ကုန်သွားတော့ သင်္ဘောကိုသံချေးခေါက်ဆေးသုတ်ပေါ့
၂ ပါတ်လောက်ကြာတော့ သင်္ဘောက နဲနဲ လန်းသွားတယ်ဗျ...လပြည့်နေ့ လည်းရောက်ပြီဆိုတော့သင်္ဘောရေချဖို့ ပြင်ကြပါတယ်..သူကြီး စက်ချုပ် ပဲ့နင်းကြီး ပဲ့နင်းငယ်... ပါမန်းနင့်သင်္ဘောသား
အဲ့နေ့ ကြမှအကုန်ရောက်လာတယ်...အစောကြီးခေါ်ထားရင်လစာပေးနေရမှာစိုးလို့ ဗျ..ကျွန်တော်တို့ ကိုခေါ်ထားတာက ခိုင်းလို့ လည်းရတယ် လစာကလည်း တစ်လ မှ ၁၀၀၀ ဆိုတော့ကိစ္စမရှိဘူးလေ...။

ဒီလို့ နဲ့ သင်္ဘောရေချ ကုန်တင်ဖို့ အတွက်
ဗားကရာ ဆိပ်ကမ်းကိုသွားကပ်ပါတယ်...။ သင်္ဘောက surveyor မတတ်ရသေးတဲ့အတွက် ဆိပ်ကမ်းမှာ အစစ်ဆေးခံဖို့ ပြင်ဆင်ရပါတယ်
ကျွန်တော့်သင်္ဘောမှာ VHF မရှိဘူး ရေဒါ မရှိဘူး.. ၁၄ လက်မလောက်ရှိတဲ့
GPS တစ်လုံးရှိတယ်..တည်နေရာပြတာ အရမ်းမှန်တယ် ဗားကရာဆိပ်ကမ်းမှာ ကပ်ထားတာ သင်္ဘောက မြေနီကုန်းလောက်ရောက်နေတယ်...။ AIS ဆိုတာ ဝေလာဝေး
Life Boat မရှိဘူး.. မီးသတ်ဆေးဘူး မရှိဘူး...။ ဒါနဲ့ surveyor အစစ်ခံဖို့ 
တခြားသင်္ဘောက ဖိုက်ဘာဘုတ်သွားငှားရတယ် မီးသတ်ဆေးဘူး မီးသတ်ပိုက် အကုန်သွားငှားလာရတယ်....။

 အားလုံးပြင်ဆင်ပြီးတော့
အဆင်သင့်ဖြစ်ပြီလို့ Agent ကိုအကြောင်းကြားတော့ surveyor လာစစ်ပါတော့တယ်...။ ကျွန်တော်တို့ သင်္ဘောက Gangway မရှိဘူး
သင်္ဘောပေါ်ကိုဘယ်လိုတတ်ရလဲဆိုရင် ကုန်းဘောင်ထိုးပြီး အဲ့ပေါ်ကတတ်ရတယ် ကုန်းဘောင်ဆိုတာ ပေ တစ် ပေ နှစ် လောက်ရှိတဲ့
ကွန်းပြား ပျဉ်းကတိုးပြားအရှည်ကြီးတွေ ပါ....။ surveyor မလာခင် အေးဂျင့်
ကကြိုပြီးသင်္ဘောပေါ်ကိုလာစီစဉ်ပါတယ်....။

ကျွန်တော်တို့ ကိုလူနှစ်ယောက်နဲ့ ဝါးလုံးတစ်လုံးယူလာဖို့ ပြောပါတယ်
ဘာလုပ်ဖို့ လဲဆိုတော့ ကုန်းဘောင်ကလက်ရမ်းမရှိဘူးတဲ့ surveyor ပြုတ်ကျမှာ စိုးလို့ တစ်ယောက်က အောက်က စောင့်ကြောင်လေးထိုင်
ဝါးလုံးထမ်း အပေါ်ကတစ်ယောက်က မတ်တပ်လေးရပ်ပခုံးပေါ်ဝါးလုံးထမ်း
လှေကားလက်ရမ်းလုပ်ပေးပါတဲ့....။ မျက်စိထဲမြင်ကြည့်ပေါ့ဗျာ.....။
ဘယ်တတ်နိုင်မလဲ သင်္ဘောသားဖြစ်ချင်တာကိုး လုပ်ရမှာပေါ့........။


ဒီလိုနဲ့ စစ်ဆေးရေးအရာရှိသင်္ဘောပေါ်ရောက်လာပါပြီ...။ ကျွန်တော်က
မီးသတ်ပိုက်မှာတာဝန်ကျတယ်... မီးသတ်ပိုက်ကို ဘားဖွင့်ပြီးရေဖွင့်ခိုင်းတယ်ဗျ...ဖွင့်ပြလိုက်ပါတယ်...ရေက ခွေးသေးပန်းသလောက်ငေါက်တောက်လေးထွက်လာတယ်...စစ်ဆေးရေးအရာရှိက...အိုကေ
ရပြီ....တပ်မစင်ပေါ်တတ်ခိုင်းပါတယ်...သင်္ဘောကိုဟွန်းတီးခိုင်းပါတယ်
ဆိုက်ကားဘဲလ်သံက ကျွန်တော့်သင်္ဘောထက်အသံပိုကျယ်အုံးမယ်
ထွ့က်လာတဲ့အသံက ပတပ်တပ်တပ် ပတပ်တပ်တပ်တဲ့ ကျွန်တော့်ဖြင့်ရီလိုက်ရတာအူတောင်နာတယ်....။ ပြီးတော့ Life buoy တွေစစ်ပါတယ် life buoy တွေစစ်တဲ့အချိန်မှာ ကျွန်တော်အသက်မရှူရဲဘူး ကျိုးသွားမှာဆိုးလို့  life jacket တွေစစ်တော့ အကုန်ကြွက်ကိုက်ထားတာတွေကြီးပဲဗျာ...။

စစ်ဆေးရေးအရာရှိက သဘောင်္ကိုသံချေးခေါက်ဖို့ သံချေးခေါက်တဲ့တူတောင်းပါတယ်...ကျွန်တော်သွားယူနေတုန်းရှိသေးတယ် သူက သံပြားကိုလက်ညှိုးနဲ့ ထိုးလိုက်တာ
သံပြားပေါက်သွားတယ်..ကျွန်တော်သံချေးခေါက်တဲ့တူပေးလိုက်တော့ရပြီတဲ့...။ ကုန်းပါတ်ပိုင်းပြီးသွားတော့ စက်ခန်းထဲဆင်းတာပေါ့...။ စက်ခန်းထဲမှာ
အင်ဂျင်ကနှစ်လုံး တီအီးကားအင်ဂျင် ဟီးနိုးတွေတင်ထားတာ တစ်လုံးကမြင်းကောင်ရေ ၇၅၀ တစ်လုံးက မြင်းကောင်ရေ၅၅၀ ရပြီတဲ့
သိပ်မကြာဘူးအားလုံးစစ်ဆေးရေးပြီးသွားပါတယ်...။

စစ်ဆေးရေးလည်းပြီးသွားရော သူများသင်္ဘောက ငှားထားတွေအကုန်ပြန်ပေးရတာနဲ့ အလုပ်ရှုပ် ပင်ပန်းပြီးအနားယူပေါ့ဗျာ..။
နောက်နေ့ မနက်ရောက်တော့ အေးဂျင့်လာပါတယ် မင်းတို့ သင်္ဘောထွက်လို့ ရပြီ မနက်ဖြန်ကုန်စတင်မယ်တဲ့...။ ကျွန်တော်လည်းဒီနေ့ အထိ အဖြေရှာမရတာက ဘယ်လို က ဘယ်လို
Surveyor အောင်သွားလည်းဆိုတာ ပါပဲဗျာ........။

အခွင့်ရရင် ဘယ်တော့မှမရိုးနိုင်တဲ့ ကမ်းရိုးတန်းသွားတောလားအကြောင်းဆက်ပါအုံးမည်....။

လင်းလက်

1 comment: