Sunday, April 7, 2013

ပင် လယ် ထဲ မှ ဆေးခါးကြီး ၃ ခွက်။ အပိုင်း (တစ်)



ကျနော်က ရှေ့မီနောက်မီ ဘတ်စ်ကားထဲက အပျိုကြီးထွားထွား ၂ယောက်ကြားညှပ်
နေတဲ့လူလို ဖြစ်နေသမို့ ညီနောင် သင်္ဘောသားတွေ ကို သင်္ဘော ဇတ်လမ်းပုံတိုပတ်စလေးတွေ ပြောပါရစေ။

ကျနော် တို့ ပင်လယ်ပြင်မှာ အပန်းဖြေ သောက်တဲ့ ဆေးခါးကြီး ၃ခွက် အကြောင်း ကို ပြောပြချင် လို့ ဇတ်လမ်းဆင်လိုက်ပါသည်။

ဆေးခါးကြီး ၁။ (၁၉၉၅-၂၀၀၅)

ကျနော အသက်၁၈ နှစ် ခွဲ မှာ အလုပ် သင် အရာရှိဘ၀ နဲ့ N.O.L မှာ သင်္ဘော စလိုက်တယ်
၂၃ နှစ် နဲ့ 2nd Mate ဖြစ်နေ ခဲ့ပြီး အညွန့်တလူလူ ဘ၀နဲ့အရာရှိ ဘ၀အစကောင်းပေမဲ့
ကျနော်တို့ ကုမဏီက မြန်မာဆို ရာထူးတိုးမပေးလို့ ၁၀နှစ်ကြာသွားခဲ့တယ်။

အဲဒီ ကုန်း နှစ် ဂျူတီ (၁၂-၄ )ဘ၀တုန်းက ညည ဆို ပင်လယ်ပြင်တွေမှာ လွန်စွာပျင်းရိအထီးကျန်ကြလေတော့သူကြီးအိပ်ချိန်ဆို
ကိုကိုကုန်းနှစ်တို့ VHF ရေဒီယို စကားပြော စက် မှာ ကြုံရာသင်္ဘောတွေ နဲ့ စကားပွေးလေ့ရှိတာတော့ သိကြမှာပါ။

ထိုစဉ်က VHF channel 69, 68, 74 တွေ မှာ အပြောများကြပါတယ်။VHF က မိုင် ၅၀ မှ ၁၀၀ အထိဘဲကောင်းကောင်းပြောလို့ရတယ်လေ။
APG Arab Persian Gulf ကနေပြီး Bombay နား ထိတော့ ရေမြေ အနေအထားနဲ့ atmosphere ကြောင့် မိုင် ရာကျော်ထိကြားရတတ်၏။

ဟိုတုန်းက အခေါ်အဝေါ် ကတော့ (ခပေါင်းဒူးယား ရေခဲရေကွမ်းယာ) ပေါ့ဗျာ
နောက် ပိုင်းတော့(ခိုင်သင်းကြည် ထက်ထက်မိုးဦး နန္ဒာလှိုင်) အထိသုံးကြပါသေးတယ်..
အခုလဲ ၀တ်မှုံရွှေရည် ဖွေးဖွေး ခေါ်သံတွေကြားနေသေးတယ် ၊
နောက်ပိုင်းနှစ်တွေမှာတော့ GSM ဖုန်းတွေ Internet နဲ့ Facebook တွေ ပေါ်လာတော့VHF အသုံးနည်းလာပါသည် ။

၁၉၉၇ နောက်ပိုင်းတွေ မှာ GMDSS ခေတ်ရောက်တော့ R/O တွေ ပြောလေ့ ရှိတဲ့ ၁၂၄၅၂ MF/HF SSB စက် တွေ ပေါ်ကုန်းပတ် အရာရှိတွေ တက်ပြော ကုန်ကြတယ် ။

အဲဒီခေတ်မှာ ၁၂၄၅၂ (ခပေါင်းဒူးယားလိုင်း ) နဲ့ ၁၂၅၂၈ ( ၅၂၈ သံယောဇဉ် လိုင်း)တွေ ကတော့ သတင်းအတင်းပြောတဲ့လိုင်းတွေ၊
ပြီးတော့ (ဆိုပျော်) လိုင်းတစ်လိုင်းလဲရှိတယ် Mhz ကျနော် မမှတ်မိတော့ဘူး ။
အဲဒီဆိုပျော်လိုင်းမှာကတော့ သီချင်းဆိုကြတယ်ဗျာ..ကျနော် တို့ လဲ ခဏ ခဏ တက် ဆို တယ်

ကျနော် က လတ်တီး နဲ့ မိုးသိပါစေ၊ပြန်လာခဲ့ပါဖေဖေ တို့ ကို ဆို တယ်
ဇော်ဇော် ကတော့ ထစ်ချုံးမိုး ကို ပါးစပ် ဆိုင်းကလေးနဲ့ ၀င်လာတတ်တယ်
နောက် PIL က ဘဲတစ်ပွေ ဆို ရင် သူ့ AB ကို VHF Hand set ကိုင် ခိုင်းပြီး ဂစ်တာ တီးပြီး ကို ဟဲတာဗျ။
သူကြီးမိလို့ ကတော့ အလုပ် ပြုတ် ပြီ ဘဲ ။ နောက် ပိုင်း သူ ကျနော် တို့ Poly ကျောင်းတက်နေတော့ လာလည် သေးတယ်။အဲလိုနဲ့ တွေ့ ကြ ခင် ကြပေါ့ဗျာ။

အဲဒီ SSB လိုင်းပေါ်မှာတော့ (ဆုံးသွားတဲ့) ကို Kerry Tin Win ကြီးက Chairman ဥက္ကဌ ကြီး
သူ က CNN/BBC တင်ဝင်းသတင်းဘာစုံသလဲမမေးနဲ့ သူအကုန်သိတယ်။
အခု Maersk က သူကြီး ကျော်ခေါင် က အတွင်းရေးမှူး ဖြစ်ပြီး အဖွဲ့သားတွေ က တော့လိုင်းစုံတယ် ။
အများအားဖြင့် R/Oတွေ လိုဘဲနာမည် တွေ ကိုတော့ Morse Code တွေ နဲ့ ခေါ်ဝေါ်ကြတယ် ။

အခု Singapore Poly ကကျောင်းဆရာ Chit Htwe အတို ခေါ် ချစ်ချစ် (ခ) ကိုချစ်
ဝင်းမြင့် က Whisky Mike ,
KT ကျွန်တော် က အတို ကောက် Kilo Tango ဒါပေမဲ့ ကျနော် ကို ခင်မောင်တိုးအသံ နဲ့ တူလို့ဆို ပြီး ကိုတိုးကြီး လို့ခေါ်တယ်။
ဇော်ဇော် Zulu Zulu , Sierra Mike တို့ Tango Zulu တို့ လူတွေ တော်တော် များတယ် ။
တစ်ခါတစ်လေ လဲ စလုံးမှာကမ်းဆင်းရင်တွေ့ကြတယ် ။ အလုပ်ပေါ် ရင်ခေါ်ကြရင်းကျောင်းတက် ဖို့စုံစမ်းရင်း ခင်မင် ကြတယ် ။
အခု စလုံးမှာ Surveyor လုပ်နေတဲ့ လင်းဇော်ဝဏ တို့၊ Uniteam မှာ ဆရာကြီးဖြစ်နေတဲ့ မြတ်ခေါင် တို့ လဲပါတယ်။

ပြောရရင် အခု ခေတ် FB လိုပါဘဲ ဗျာ ကို့ နာမည် ၀ှက် တွေ နဲ့ ပေါ့ ကိုယ့် Group နဲ့ ကို ပြောကြဆိုကြ အပျင်းဖြေကြပါတယ်။

ပုံမှန်သင်္ဘောသားတော်တော် များများက စင်္ကာပူ၊ မလေး ၊အင်ဒို ၊ဟောင်ကောင် ၊ထိုင်ဝမ် ဆိုတော့
GMT အခု UTC အပေါင်း ၈ နဲ့၉ ဆိုတော့ ညသန်းခေါင်ကျော်တာနဲ့ ကုန်းနှစ်တွေ စု မိကြပါတယ်။

အဲဒီခေတ်တွေတုန်းက ရန်ကုန်က ယောက်လမ်း နားနေတဲ့ ဦးမေတ္တာ ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်ကလဲ သူ့ဆီ မှာ ရှိနေတဲ့ SSB လေး နဲ့ တက်တက်လာပြီး ရန်ကုန်သတင်းတွေ ပေးတယ် ၀င်ဆွေးနွေးလေ့ရှိတယ်။

ပြီးတော့ အိမ်ကို ဖုန်းဆက် ချင်တဲ့ လူတွေ ကို လိုင်း ထိုးပေးတယ် အိမ်နဲ့ပြောနေပြီဆို ရင် ကျန်တဲ့လူတွေ က Radio Silence ပေးကြတယ်။

တစ်ခါက သင်္ဘောသီးတစ်ယောက် သူမိန်းမ ခလေးမွေးတော့ မှာ ပင်လယ်ထဲ ကနေ ဘာ သတင်းမှ မရတော့ ဦးမေတ္တာကြီးဆီကနေတဆင့် အိမ်ကိုဖုန်းခေါ် တယ် ။

သူတို့ပြော တဲ့ စကားဝိုင်းလေး ကျနော် မှတ်မိသလောက်ရေးပေးလိုက်တယ်
( FM က ဖုန်း Interview လိုပေါ့)

တီ..တီ..တီ.. ( ဟယ်လို ) အမျိုးသမီး အသံ ဖြစ် သည်။

ကျား။ (ဟယ်လို ) မိန်းမ လား ...မောင်ပါ ....
မ။ (အင်...ဟယ်လို ဘယ်သူလဲ မောင်လား ...မောင် ရေ ကြားတယ် ..၀မ်းသာလိုက်တာ)
ကျား။ (အဟီး မိန်းမ ရေ မွေးပြီလား ...အဟီး မောင် ပင်လယ်ထဲမှာ ဦးမေတ္တာကြီး ဆီ က တဆင့် ဆက်ရတာ )
မ။ (အင် ...ဘာလဲ ..ဦးမေတ္တာ ...ဘယ်သူလဲ )
ကျား။( အေး အေး ထားပါ မိန်းမ ရာ နေကောင်းလား ဘာလေး လဲ ဒီမှာ အားလုံး ၀ိုင်းနားထောင်နေတယ် ဟဲဟဲ..)
မ။( နေကောင်းတယ် မောင်..... ကလေး လဲ ကျန်းကျန်းမာမာ ဘဲ ....မိန်းကလေး မောင်ရေ မိန်းကလေး ရှင်တော့ နာဖို့သာပြင်)

အားလုံး ။ ( ဝေး ဟေးဟေး ၀ိုင်းအော်သံတွေ ဆူညံ့သွားသည်...)
ကျား။(ဟား ဟီးဟီး သေပြီကွာ ....အဟေးဟေး) ( ချွေးသုတ်နေပုံရသည်) ..

အားလုံး ၀ိုင်းစ နောက်ကြလေသည်၊ ယောက်ခမကြီးခေါ်သူက ၀င်ခေါ်လေ၏.. သမီးမွေးတော့ မြေး အစစ်ချီရသည် ဆိုကာ အားပေးတာ ကလည်း ပါသေး၏
လိုင်းပေါ်တွင် ပွတ်လောရိုက်ပြီး မှ ဦးမေတ္တာကြီး ကို ကျေးဇူးတင်ကြောင်းပြောပြီး
စကားဆက်ပြောကြလေတော့သည်။

ဤသည်က ပင်လယ်ပြင်မှာကျနော်တို့ သောက်ကြရသော ဆေးခါးကြီး တစ်ခွက် အကြောင်း ဖြစ်ပါသည်။
ခတ္တ ရပ်ပါမည်

ရေးသားသူ - ရာစု

No comments:

Post a Comment