Wednesday, April 10, 2013

ဥရောပနှင့်မြန်မာသင်္ဘောသား ဘဝ


မြန်မာသင်္ဘောသားတစ်ယောက်အနေနှင့် ရောက်တတ်ရာရာသွားလာနေရသောသင်္ဘောသားဘ၀အကြောင်းများရေးချင်နေတာ ကြာပါပြီ။ စင်္ကာပူနိုင်ငံ ပတ်ဝန်းကျင် အီကွေတာပေါ်တွင် အရှေ့အနောက် အပေါ် အောက်
သွားလာနေခဲ့ဖူးသူ တစ်ယောက်၊ မိခင်နိုင်ငံဖြစ်သောမြန်မာနိုင်ငံ၏နွေရာသီ အပူချိန်နှင့်များစွာ ကွာခြားမှုမရှိသောကြောင့်ထင်၏။ များစွာမဖြုံပါ..။ အဲ့ဒီလောက် အပူချိန်ကိုတော့ဖြင့် စာမဖွဲ့ အေးအေးဆေးဆေးသာပင်....။
အမောင်သင်္ဘောသားတို့သည် အပူချိန် ကိုတော့ + ၄၂ ဒီကရီ လောက်ကို အပြုံးမပျက် မငြီးငြူခဲ့ကြပါ။ Tea Break / Tea Time နားချိန်ရောက်လျှင် Accommomdation အတွင်းသို့ ၀င်လိုက်၍ အေးမြသော အရသာ ခံစား
ရသည်နှင့် အမောများပြေသွားကြသည်ချည်းသာ....။

အပူပိုင်းဒေသတွင်းမွေးဖွားကြီးပြင်းလာခဲ့သော မြန်မာပြည်ဖွား သင်္ဘောသားများ၏အပူဒဏ်ခံနိုင်မှု တစ်စိတ်တစ်ပိုင်းပင်.....။

ဥရောပဘက်တွင် သွားလာနေသောသင်္ဘောပေါ်သို့ တာဝန်ထမ်းဆောင်ရန် သွားရတော့မည်....တဲ့။ ပျော်လိုက်တာ...။ မြန်မာပြည်မှာ ကျောင်းတက်တုန်းက အပူဒဏ် ၊ ပင်ပန်းမှု ၊ နေပူသော နေ့တွေ ကုန်ပြီ ဟုတွေးမိပါသည်...။

ဒီ့အပြင် နာမည်ကြီးသော အင်္ဂလိပ်ချန်နယ်၊ ဂျီဗရော်တာရေလက်ကြား... Bay of Biscay စသော နာမည်ကြီးနေရာများသို့ ရောက်ဖူးတော့မည် ကိုး....။ ၂၀၁၂ ၏နှစ်ဦးပိုင်း မြန်မာ့နှစ်သစ်ကူး မတိုင်မှီ အခါသမယ ဥရောပ၏ နွေဦးရာသီ အစ ပိုင်း အချိန်ကာလ ဥရောပ၏ သာယာချိန်လေး မှာတော့ အပူပိုင်းသင်္ဘောသားလေး ကျွန်တော်သည် တကယ့်နာမည်ကြီး ဥရောပ နယ်မြေသို့ အခြေပြုနယ်မြေ အဖြစ် ရောက်လာပါတော့သည်.....။

ရန်ကုန်-ဘန်ကောက်၊ ဘန်ကောက်-ဗီယင်နာ ၊ ဗီယင်နာ- အမ်စတာဒမ် ...... လေယာဉ် သုံးဆင့် စီးပြီး အမ်စတာဒမ်မှ ရော်တာဒန်သို့ ကား တစ်ဆင့် စီးရသေးသည်...။ ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်းတော့သည်...
အပူချိန် + ၄ ဒီဂရီ တဲ့..... ဘဲ အော်အော်တော့တာပေါ့ဗျာ.... ဂတ် ဂတ် ဂတ် နဲ့... အင်္ကျီလက်ရှည် ဘောင်းဘီ လက်ရှည် ၀တ် ထားသော်လည်... အောက်ခံဘောင်းဘီ ရှည် မပါ... အနွေးထည် အပါးတစ်ထပ်တည်းနှင့် အအေးဒဏ်ကို ဘယ်လို အံတု နိုင်ပါအံ့နည်း....။ နားရွက်တွေ အေးစက် ၊ နှာခေါင်းတွေ ထုံကျင် ၊ လက်ဖျားတွေ ကထိလို့ ထိမှန်းမသိ ..... တကယ်ကို ငရဲကျသလိုပါဗျာ... စင်္ကာပူသင်္ဘောလိုင်း မှာ အပူဒဏ်ခံရတာ ကိုတောင် ကောင်းသလို ထင်မိသေးသည်။
ဒါက အစ ပဲ ရှိသေး.....။

သင်္ဘောပေါ်သို့ ရောက် ပါပြီ.....။ Baltic Size .... ၁၀၀ x ၁၅ x ၇.၇ မီတာ ရှိသော ကမ်မီကယ် သင်္ဘော ပေါ်သို့......။ သင်္ဘောသွားလာသော ဒေသ များ ကိုမေးကြည့်မိသည်... အပေါ်ဘက် Latitude 72 ဒီဂရီထိ သွား သည်
တဲ့.... သေပြီဆရာ... ဘယ်လောက်အေးလဲ ဆိုတော့..... အနှုတ် ၁၀ - ၁၅ လောက် ပါတဲ့ ... သြ... တော်သေးတာပေါ့ဗျာ... ကိုရီးယားမှာက အနှုတ် ၂၀ လောက် ထိ အေးတယ် ကြားဖူးတာကိုး... ကျွန်တော် မရောက်ဖူးပါ....
ဒီတော့ ကိုယ်ရောက်မယ့် ဒေသကိုပဲ...အေးတယ်ပြောရမှာပေါ့ နော်.....။ Baltic Sea သွားတယ် Iceland ဆိုတဲ့ ရေခဲကျွန်း သွားတယ် ဗျာ....။ အင်္ဂလန်အပေါ်ဘက် ပေါ့....။ အဆိုးဆုံးကတော့ ဆွီဒင်၊ ပိုလန် ၊ ရုရှား ၊ ဖင်လန် လို့ ထင်ပါတယ်... ပင်လယ်ထဲမှာပါ ရေတွေခဲနေတာကိုး.... ရာသီဥတုကလဲ ရေလည်ဗျင်းချက်.... လေက မိုင် ၄၀ ၊ ၅၀ လောက် တိုက်တာ... အပြင်ထွက်ရင် မိုးစက်မိုးပေါက်တွေက အပ်ကလေးတွေနဲ့ ထိုးသလို ကို ဖြစ်တာ.....။ ဒါက ပင်လယ်ထဲက အသေးအမွှားတစ်ခု
ကုန်းပေါ်မှာ ငလျင်လှုပ်တာကတိုင်း လို့ရတယ်ဗျ... ရေထဲမှာ သင်္ဘော လှုပ်တာကတော့ တိုင်းမရဘူးကိုး.... ကျွန်တော့် သင်္ဘောလေး လှုပ်ချက်က အပျင်း ပြေ လှုပ် ရင်တောင် ဘယ်ညာ ၁၀- ၁၅ ဒီဂရီ လှိမ့်တယ်.....
စပ်စလူးစိန်လို့ နာမည်ပေးထားတယ်.... လူးလွန်းလို့....။ Swell က မစ သေးဘူး သူက စလိမ့်နေပြီ.... အဲတော့ ကိုရွှေသင်္ဘောသားတို့ မှာလဲ လိုက်လိမ့် ရတော့တာပေါ့.....။ မြန်မာ့မီးရထားကြီး လို ဥသြဆွဲ ကြရော....။ အေ့....အော့်...အေ့...အော့ ပေါ့....။

ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာမြင်ရတဲ့ နှင်းတွေ တဖွဲဖွဲကျလို့...။ ဖြူလွလွ မြင်ကွင်းလေးတွေ.... သာယာလိုက်တာ.... စိမ်းစိုနေတဲ့ အပင်လေးတွေ .... ချစ်စရာအိမ်လေးတွေနဲ့ ဥရောပ...။ မင်းသမီးက နှင်းတွေထဲ လမ်းလျှောက်...
အားပါးပါး ပျော်စရာ....။ လက်တွေ့မှာတော့ နှင်းတွေကျရင် သင်္ဘောပေါ်မှာ ဆီးနှင်းတွေကနေ ရေခဲတွေဖြစ်.... ရေတွေခဲ.... ရေခဲကိုက်... valve တွေကျပ်.... လိုင်းတွေကွဲ....Forward Station / Aft Station ၀င်တော့မယ် ဆိုလျှင် သံတူရွင်းတစ်ချောင်းနဲ့ တူးဆွ နေရတာပေါ့.... တူတစ်ချောင်းနဲ့ ရေခဲခွဲ... ကြိုးတွေကို ရေနွေးလောင်း တာလပတ် ခွာ... ချောကလဲချောလိုက်တာ... slip ဖြစ်ပြီးလဲ ရင် အကွဲလား အပြဲလား...အေးချက်ကလဲ ပြင်း.... လေကလဲတိုက်...
တစ်ခါ တစ်ခါ Station ၀င်ဖို့ ပြင်ဆင်ရတာနဲ့တင် သေလောက်တယ်ဗျ....။ ဒီလိုချောနေတဲ့ ရေခဲပေါ် သတိထားလမ်းလျှောက်.... သင်္ဘောကလဲ လှုပ်သေး....။ ဒါကလဲကြာတော့ အသေးအဖွဲ လေးဖြစ်သွား ပြန်ရော... နောက်တစ်ခုက Winter Over-All Suit ၀တ် ထားတယ်... လက်အိတ် ဖိနပ်...ဦးထုပ် ဆောင်းထား သော်လည်း ပေါ်နေတာက မျက်နှာ..... ဒီတော့ နှာခေါင်း မေးစေ့ ပါးခြမ်းတွေ အေးစက် နေရောပေါ့ဗျာ.... နှာရည်ထွက်... မေးကရိုက်တာ ... မေးကြောတွေ ပါးတွေ ထုံတင်းပြီး စကားတောင် ပြောမရတော့ဘူး... ဝေါ်ကီတော်ကီ နဲ့ လှမ်းပြောတော့ Aft Station , All Line Made Fast လို့ လှမ်းပြော တာ ဝေါခ်စတေချင် ဝေါလိုင်းဝိတ်ဘက် တဲ့.... ကိုယ့်အသံလဲ ကိုယ်သိပါတယ်ဗျာ... ပီအောင်ပြောလို့မရတော့ဘူးဗျ...
မေးကြောတွေ တင်းပြီး စကားပြောရတာ အာမထိ လျှာမထိ နဲ့.... အဲ့သလို...။ မယုံရင် ပါးကိုရေခဲကပ်ပြီး စကားပြောကြည့်...။ Deck ပေါ်မှာ တာဝန်ကျတဲ့ ကိုယ့်ဆရာတွေရော သက်သာမယ်ထင်လား.... တစ်ညလုံး ဂျူတီချိန်အပြည့်
Manifold နားမှာ Standby ရပ်နေရတာ သင်္ဘော အပြင် ကို လိုက်ပတ်နေရတာ... အထဲကို ခဏလေး ၀င်ခို ပြီး အပြင်ပြန်ထွက်နေရတဲ့ သူတို့တွေလဲ တစ်ကိုယ်လုံး အေးခဲရောပေါ့....။ လစာ ယူထားတာပဲ လုပ်ရမှာလို့တော့ မပြောပါနဲ့ဗျာ...
တစ်နာရီလောက် ပဲ လာရပ်ကြည့်ကြပါအုံး.....။ ဒါတောင် Cargo တွေခဲလို့ .... Boiler ပျက်လို့ Tank Cleaning မှာ တိုင်ပတ် ပြီး ဒုက္ခရောက်တာတွေ မပါသေးဘူးနော်....။ ကျွန်တော်တို့ကအပူပိုင်းဒေသမှာမွေးဖွားကြီးပြင်းလာကြတာပါ.... ကျရာတာဝန်ကိုထမ်းဆောင်နေရတော့လဲ မငြင်းသာဘူးပေါ့ဗျာ...။ သင်္ဘောသားဘ၀ ဆင်းရဲ ကြမ်းတမ်းတယ်လို့ မဆို
လိုပါဘူး... မငြီးငြူကြပါဘူး... နော်ဝေ နိုင်ငံ သားတွေ ကတောင် ချီးကျူးခဲ့ကြရလောက်အောင် ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်ကြတဲ့ မြန်မာသင်္ဘောသားတွေပါ....။ အဲ့ဒီသင်္ဘောသား တွေ အကြောင်း စာနာ နားလည် သိ လေး သိသွားအောင် ပြောပြတာပါဗျာ...။

ကျွန်တော်တို့ အိပ်မက်တွေ ရှိဖူးတယ်....။ မြန်မာနိုင်ငံကပိုင်တဲ့ သင်္ဘောလိုင်းကြီးတွေ များလာရင် ကိုယ့်နိုင်ငံ အခြေပြုနေပြီး မိသားစုနဲ့လဲ မခွဲမခွာတွေ့ရမယ်...ကိုယ့်ဒေသ ကိုယ့်ရာသီဥတုနဲ့လဲ နေရမယ်.... အဲ့ဒီလို ဘ၀ မျှော်လင့်မိပါတယ်...
မြန်မာနိုင်ငံရဲ့ ချမ်းသာတဲ့ ပုဂ္ဂိုလ်ကြီးတွေ ကလဲ လေယာဉ်ပျံတွေသာ ၀ယ်ချင်တာ.... ကုန်စည် ကူးသန်းမှုမှာ စီးပွားရေးတွက်ခြေကိုက်တဲ့ Shipping Business လုပ်ငန်း ဘာကြောင့်မလုပ်ကိုင်တာလဲ စဉ်းစား နေမိတယ်...။
သင်္ဘောသားဆိုတာ အများထင်သလို ဘော်ကြော့၊ လက်ကြောမတင်း၊ အရက်သောက် ၊ လူရှုပ် လူပွေ၊ မိန်းမလိုက်စား၊ လူဆိုး လူမိုက် ငပေါ တွေ မဟုတ်ပါဘူးဗျာ...။ ရာသီဥတုဒဏ် ၊ အအေးဒဏ် အပူဒဏ် ၊ မိမိတို့သင်္ဘောမှာတင်ထားတဲ့
Cargo အမျိုးမျိုးရဲ့ အဆိပ်အတောက်ဒဏ်တွေကို အတတ်ပညာ၊အသိပညာ ၀မ်းစာနဲ့ Pro တစ်ယောက် ပီသစွာ မိမိအသက် ၊ ကိုယ့်သင်္ဘောသားတွေ ရဲ့ အသက် ကို ကာကွယ်ရင်း နဲ့ မိသားစု အတွက် တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှဝင်ငွေ ရှာဖွေပေးနေကြသူတွေ ဖြစ်ပါကြောင်း........။

ATK - 60274

No comments:

Post a Comment